အဲလ်ဆန် Ålesund မြို့ဟာ နော်ဝေးနိုင်ငံမြောက်ပိုင်းက မော့အော့ရွန်စ်ဒယ် နယ်မြေထဲမှာပါဝင်တဲ့မြို့တမြို့ဖြစ်ပါတယ်။ ဟိုက်ဆာ ၊ အက်စ်ပိုရာ နဲ့ နော်ဗိုရာ ဆိုတဲ့ကျွန်းငယ် ၃ခုပေါ်မှာ စုဖွဲ့တည်ရှိနေတာဖြစ်ပါတယ်။ ဆန်းန်မော် Sunnmøre လို့ လူသိများတဲ့ သဘာဝနယ်မြေရဲ့ အဓိကမြို့တော်လည်းဖြစ်ပါတယ်။ ကျွန်း ၃ ကျွန်းပေါ်မှာ တည်ရှိနေတဲ့ ဒီမြို့ဟာ သဘာ၀ ရေပြင် ၊ တောင်တန်း မြင်ကွင်းတွေအပြင် လှပစွာ တည်ဆောက်ထားတဲ့ အိမ်တွေရဲ့ပုံသဏ္ဍာန်ကြောင့် ဒီမြို့ဟာ နော်ဝေးရဲ့ လူသိများတဲ့မြို့တခု ဖြစ်လာခြင်းပါ။
Ålesund ဆိုတာ နော်ဝေးဘာသာစကား နဲ့ မြို့ လို့အဓိပ္ပါယ်ရပြီး ဒီမြို့ဟာနော်ဝေးရဲ့ ၉ ခုမြောက် အကြီးဆုံးမြို့လည်းဖြစ်ပါတယ်။ အကျယ်အဝန်း စတုရန်းမိုင် ၁၁ မိုင်ခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေ ၇၀ ခန့်မှာ တည်ရှိနေတဲ့ဒီမြို့မှာ နေထိုင်သူဦးရေ ၅၂,၀၀၀ ခန့် ရှိပါတယ်။ သိပ်သည်းဆ အနေနဲ့တော့ ၁စတုရန်းမိုင်ပတ်လည်မှာ လူဦးရေ ၅၀၀၀ နီးပါးခန့် နေထိုင်ကြတာဖြစ်ပါတယ်။
၁၀ ရာစုခန့်ကတော့ ဒီမြို့နေရာမှာ Gangerolf ဆိုတဲ့အမည်နဲ့ နော်မန်ဒီနယ်စားကြီးက စတင်တည်ထောင်ခဲ့တာလို့ ဆိုပါတယ်။ လူနေထိုင်မှု အလွန်ကျဲပါးခဲ့ပြီး ၁၉ ရာစု အစောပိုင်းတိုင်အောင် နေထိုင်သူ ဦးရေဟာ ၄၀၀ ကျော်ခန့်ပဲ ရှိခဲ့ပါတယ်။ ၁၈၃၇ ခုနှစ်မှာတော့ Ålesund မြို့ဆိုတဲ့အမည်ကို စတင်ခေါ်ဆိုခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ လာရောက်အခြေချနေထိုင်သူ တဖြည်းဖြည်းများပြားလာခဲ့ပြီး ၁၉၀၀ ပြည့်နှစ်ဝန်းကျင်မှာတော့ ဒီမြို့ကလေးရဲ့ လူဦးရေဟာ ၁၂၀၀၀ နီးပါး ရှိလာခဲ့ကာ အတော်လေးစည်ကားလာခဲ့ပြီဖြစ်ပါတယ်။
ဒီမြို့က နေအိမ် အဆောက်အဦး အားလုံးနီးပါးရဲ့ ဒီဇိုင်းတွေဟာ ဘာကြောင့်တူနေရသလဲ ဆိုတာကတော့ အကြောင်း ရှိပါတယ်။ ဘာအကြောင်းလဲဆိုတော့ အလွန်ကြီးမားတဲ့ မီးလောင်မှုကြီးကြောင့်ဖြစ်ပါတယ်။ အဲလ်ဆန် မီးလောင်မှုကြီးဟာ ၁၉၀၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တာပါ။ အစဉ်အဆက်ပြောလာကြတဲ့စကားများအရပ် ဒီဖြစ်ရပ်ကို စတင်စေခဲ့တဲ့သူကတော့ လူတယောက်မဟုတ်ပဲ နွားမ တကောင်ဖြစ်ပါသတဲ့။
နွားမတကောင်ဟာ မီးတိုင်ကို ကန်မိလို့ မီးထလောင်ရာကနေ လေကလည်းပင့်တိုက်တဲ့အတွက် မီးဟာပိုမိုကြီးထွားလာခဲ့ပါတယ်။ ၁၆ နာရီကြာလောင်ခဲ့အပြီးမှာတော့ တမြို့လုံးနီးပါးပြာကျခဲ့ပြီး နေအိမ်ပေါင်း ၈၅၀ ကျော် ဆုံးရှုံးခဲ့သလို လူပေါင်း ၁၀၀၀၀ကျော်ဟာလည်း အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ဒီလောက်ကြီးမားပြင်းထန်စွာ လောင်ကျွမ်းခဲ့ပေမယ့် လူတဦးသာ အ_က် ဆုံးရှုံးခဲ့ပါတယ်။
ဂျာမန်ဘုရင် ကိုင်ဇာဟာ Sunnmøre နယ်မြေကို အလွန်နှစ်သက်ပြီး မကြာခဏ အပန်းဖြေခရီးထွက်လေ့ရှိပါတယ်။ မီးလောင်လို့ တမြို့လုံးကုန်သွားပြီလို့ ကြားကြားချင်းမှာပဲ အကူအညီတွေကို စေလွှတ်ခဲ့ပါတယ်။ မီးလောင်ပြီး ၃ရက်အကြာမှာတော့ ဆောက်လုပ်ရေးပစ္စည်းတွေ အပြည့်တင်ထားတဲ့ ဂျာမန်စစ်သင်္ဘော ၄စီး ရောက်ရှိလာခဲ့ပြီး အိုးအိမ်မဲ့သွားတဲ့ မြို့သူ မြို့သားတွေ နေထိုင်ဖို့ ယာယီ အဆောက်အအုံတွေကို အားချင်း ဆောက်လုပ်ကြပါတယ်။
မကြာမီမှာပဲ မြို့ရဲ့အဆောက်အအုံတွေကို ပြန်စဆောက်ခဲ့ပါတယ်။ ကျောက်တုံး နဲ့ အုတ်တွေကို ရောနှောအသုံးပြုပြီး အဲဒီခေတ်က နာမည်ကြီးတဲ့ Jugendstil ဗိသုကာ စတိုင်နဲ့ ပြန်လည် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တမြို့လုံးက အဆောက်အဦးဒီဇိုင်းတွေကိုတော့ ဆောက်လုပ်ရေးပညာရှင် ၂၀ ဦး နဲ့ နော်ဝေး ဗိသုကာ ၃၀ ဦးတို့ ပါဝင်တဲ့အဖွဲ့က ဒီဇိုင်းဆွဲခဲ့တာ ဖြစ်ပါတယ်။ တည်ဆောက်ချိန် ၃နှစ်ကြာခဲ့ပြီးတဲ့နောက်မှာတော့ အဆောက်အဦးအားလုံးပြီးစီးခဲ့ပါတယ်။
ဒါကြောင့် ဒီမြို့က အဆောက်အဦးအများစုဟာ ပုံစံတူနေရခြင်းဖြစ်သလို သက်တမ်းအားဖြင့်လည်း နှစ်ပေါင်း ၁၀၀ ကျော်သွားပြီလို့ ဆိုနိုင်ပါတယ်။ ကိုင်ဇာဘုရင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီမြို့က လမ်းတလမ်းရဲ့အမည်ကို သူ့ရဲ့နာမည်ပေးထားပါတယ်။ ဒီမြို့ဟာ အခြားကမ္ဘာကျော် မြို့တွေဖြစ်တဲ့ ဘာစီလိုနာ ၊ ဗီယင်နာ ၊ ဂလက်စကို တို့နဲ့အတူတူ Nouveau အနုပညာမြို့တော်အဖြစ် ထည့်သွင်းသတ်မှတ်ခံထားရပါတယ်။
လက်ရှိအချိန်မှာတော့ ဒီမြို့မှာ သမိုင်းဝင် အဆောက်အအုံတွေအပြင် ခရီးသည်တွေ လာရောက်လည်ပတ်မှု များပြားတာကြောင့် ပြခန်းတွေ ၊ ဈေးဆိုင်တွေ ၊ ဟိုတယ် ၊ ကော်ဖီဆိုင် ၊ စားသောက်ဆိုင်တွေ အလွန်ပေါများစွာ ရှိနေပါပြီ။ ဒါအပြင် Nouveau အနုပညာစင်တာ ၊ ၁၉၃၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Sunnmøre ပြတိုက်တွေလည်း ရှိနေသလို အနုပညာကျောင်း ၊ သိပ္ပံ နဲ့ နည်းပညာတက္ကသိုလ်တွေဟာလည်း ဒီမြို့မှာ ရှိနေပါတယ်။ နော်ဝေးရဲ့နာမည်ကျော် Geirangerfjord ကို ဝင်ရောက်ရာ ဆိပ်ကမ်းမြို့လည်းဖြစ်သလို Ålesund လေဆိပ်လည်း ရှိနေတာပြီး အော်စလို ၊ ကိုဗင်ဟေဂင်မြို့တွေနဲ့ နေ့စဉ် လေယာဉ်ခရီးစဉ်တွေ ရှိနေပါတယ်။
Discussion about this post