ဝံသာနု သမိုင်းကို ပြုစုလျှင် ချန်လှပ်ထား၍ မဖြစ်သော၊ တို့ဗမာ အစည်းအရုံး သမိုင်းကို ရေးလျှင်လည်း အဓိက နေရာတွင် ရှိနေသော သခင်မကြီး ဒေါ်သိန်းတင်သည် နိုင်ငံရေး ပုဒ်မဖြင့် ပထမဆုံး ထောင်အကျ ခံခဲ့ရသည့် မြန်မာ အမျိုးသမီးကြီး တဦးလည်း ဖြစ်ခဲ့လေ၏။ ရန်ကုန်မြို့ရှိ ဒေါ်သိန်းတင်လမ်းသည် သခင်မကြီး ဒေါ်သိန်းတင်ကို ဂုဏ်ပြုသောအားဖြင့် အမည်ပေးခဲ့သည့် လမ်းဖြစ်သည်။
ဝိသုဒ္ဓါရုံဗာရာဏသီတိုက်အမကြီး၊ ဆေးလိပ်ရုံပိုင်ရှင် နဝင်း-မသိန်းတင်၊ သမိုင်းဝင် သခင်မကြီး ဒေါ်သိန်းတင်၊ ဝဏ္ဏကျော်ထင်ဘွဲ့ရ ဒေါ်သိန်းတင်၊ ပြည်သူ့လွှတ်တော်အမတ်ကြီး ဒေါ်သိန်းတင်၊ နိုင်ငံဂုဏ်ရည် (ဒု) ဘွဲ့ရ ဒေါ်သိန်းတင် စသည်ဂုဏ်များဖြင့် မြန်မာတပြည်လုံး ညွတ်ရုံးထင်ရှားလတံ့သော ဒေါ်သိန်းတင်သည် နနဝါသကုသ ရသေ့မြို့ခေါ် သီရိခေတ္တရာ-ပြည်မြို့၊ နဝင်းရပ်၊ အဘ- ဦးဖိုးဆိတ်+အမိ- ဒေါ်ရွှေထယ်တို့မှ ၁၂၆၇-ခုနှစ်၊ ကဆုန်လဆုတ် (၂)ရက်၊ သောကြာနေ့၊ နံနက်(၅း ၀၀)နာရီအချိန်တွင် မီးရှုးသန့်စင် ဖွားမြင်သော သားသမီး (၈)ယောက်တို့တွင် အငယ်ဆုံး သမီးထူး သမီးရတနာဖြစ်သည်။
ပြည်မြို့၊ပန်းဘဲတန်း၊ အစိုးရမူလတန်းကျောင်းတွင် ရေး(၄)တန်းပညာ အောင်မြင်သည့်အထိ သင်ကြားခဲ့ သည်။ ဆရာတော် ဦးဥတ္တမ(ရန်ကုန်၊ ရွှေတိဂုံဘုရားအနီး ဦးဥတ္တမ-ပန်းခြံ အထိမ်းအမှတ်ရှိ)၊ ဦးထွန်းရှိန်၊ ဦးဘဖေ၊ ဦးပု စသည်တို့ နိုင်ငံရေးစတင်လုပ်ဆောင်သောအချိန်နှင့်တပြိုင်တည်း (၁၂၈၃-ခုနှစ်)၊၁၅-၁၆-နှစ်သမီးမျှသာ ရှိသေးသော မသိန်းတင်သည် မြန်မာနိုင်ငံ၊ ဗုဒ္ဓဘာသာအမျိုးသမီးအဖွဲ့တွင် အသင်းသူ အဖြစ်နှင့် နိုင်ငံရေးလောကသို့ ခြေစုံပစ်၍ စတင်ဝင်ရောက်လုပ်လာခဲ့ပါသည်။
၁၂၈၄-ခုနှစ်တွင် ဝံသာနုအမျိုးသမီးအဖွဲ့၊ နဝင်နယ်လုံးဆိုင်ရာ သစ္စဝါဒီအဖွဲ့- အသင်းသူ (၅၀၀)ကျော်တွင် မသိန်းတင်သည် အတွင်းရေးမှုးအဖြစ် နိုးနိုးကြားကြား ထထကြွကြွ ရဲရင့်တည်တံ့စွာ နိုင်ငံရေးများကို ဦးဆောင်လုပ်ကိုင်ခဲ့သည်။ မိဘအမွေအနှစ်များ ကုန်ဆုံးသည့်အပြင် အဝတ်အထည်များကို ပင် ပေါင်နှံရောင်းချလျက် ရဲဘော်ရဲဘက်များအား ထောက်ပံ့ပြုစုပြီး နိုင်ငံရေးကို အထူးဦး စားပေး ပြုလုပ်ခဲ့သည်။
ပြည်နယ်ပြည်မ မခွဲကြရန်
မြန်မာနိုင်ငံလုံးဆိုင်ရာ ဝံသာနုကွန်ဖရင့်ကို သရက်မြို့တွင် ကျင်းပပြုလုပ်စဉ် “ ရှမ်းပြည်နှင့်မြန်မာပြည်မ မခွဲကြရန်” အဆိုတရပ်ကို သခင်မ-မသိန်းတင်က အဆိုတင်သွင်းခဲ့သည်။ ယင်းအဆိုတင်သွင်းချက်ကို အားလုံးထောက်ခံအတည်ပြုပြီး ညောင်ရွှေစော်ဘွားကြီးနှင့်မဟာဒေဝီတို့ထံ သံကြိုးရိုက်၍ ဆုံးဖြတ် ချက်ကို ပေးလိုက်သည်။
လိပ်ခွံဘီးနှင့်ဗိုလ်ဆံတောက် အကုန်ဖျောက်
နောက်တစ်ကြိမ် ဝံသာနုကွန်ဖရင့်ကို ပေါင်းတည်မြို့တွင် ကျင်းပပြုလုပ်ရာ” အမျိုးသမီးများ ဦးခေါင်း တွင် ခေတ်စားပြီး အသုံးများနေသော ကုန်းကလိပ်, အင်းကလိပ်မှ ပြုလုပ်ရောင်းချသည် လိပ်ခွံဘီးများကို မင်္ဂလာမရှိသဖြင့် ဦးခေါင်းထက်တွင် မထားရန်” အဆိုတစ်ရပ်ကို မဂျမ်းက အဆိုတင်သွင်းရာ သခင်မ-မသိန်းတင်က အပြည့်အဝထောက်ခံအတည်ပြုပြီး ဝတ်ဆင်ထားသော လိပ်ခွံဘီးများကို ချိုးဖဲဖျက်ဆီး ၍ ရေလယ်တွင် မျှောပစ်ကြသည်။ အမျိုးသားဝံသာနုများကလည်း ဗိုလ်ဆံတောက်၊ အင်္ဂလိပ်ဆံတောက်များ ဦးထိပ်တွင် မထားကြဘဲ ရိတ်ဖြတ်ပြီး ဆံပင်များကို ရေလယ်မျော၍ နယ်ချဲ့အင်္ဂလိပ် မုန်းတီးရေးနှင့် နိုင်ငံရေးထကြွလှုံ့ဆော်မှုများ ပြင်းပြင်းထန်ထန် ထက်ထက်သန်သန် စည်းရုံးလှုံ့ဆော်ခဲ့ ကြသည်။
အခွန်မဆောင်ရေး တင်သွင်းပေး
ဘေးမဲ့ဆရာတော်ကြီး ကြီးမှုးသော “သံဃာ့သာမဂ္ဂီအဖွဲ့ကြီးနှင့် လှိုင်, ပု , ကျော် , ဂျီစီဘီအေ (GCBA) အဖွဲ့ကြီး” များ ပူးတွဲသော ၎င်းကွန်ဖရင့်တွင် “လူခွန်တော် မပေးဆောင်ရန် ” သစ္စဝါဒီ အမျိုးသမီးအဖွဲ့ အတွင်းရေးမှုး မသိန်းတင်က အဆိုတင်သွင်းရာ မြင်းခြံ-ဒေါ်ဂျမ်းနှင့် တောင်တွင်းကြီး အမျိုးသားတစ်ယောက် က အကြွင်းမဲ့ထောက်ခံ့ခဲ့သည်။
ထိုစဉ်တွင် သာယာဝတီ ဉီးပုက ၎င်းအဆိုကို စေားပါသေးသည်။ သို့ဖြစ်၍ ဤကွန်ဖရင့်မှ လက်မခံဘို့ ကန့်ကွက်တင်ပြခဲ့သည်။ ထိုအခါ ဦးဥတ္တမကိုယ်တော်က စင်မြင်ပေါ်ကြွလာ၍ “ ဟေ့ မောင်ပု- ပင်လယ် သမုဒ္ဒရာ၏ ဒီရေတက်လာချိန်၌ ဒီရေကို မတက်ပါနှင့်ဟု တားထားလျင်လည်း မင်းအရူးပဲ ဖြစ်လိမ့်မယ်။ သူ့ခေတ်နှင့်သူ့အချိန် နိုင်ငံရေး သွေးတက်ပြီး နိုးနိုးကြားကြား ကြိုးကြိုးစားစား ပြုလုပ်နေသည်ကို တားဆီးကန့်ကွက်ရန်မလို ” ဟု အမိန့်ရှိကာ စင်မြင့်ပေါ်မှ ဆင်းသွားခဲ့ပါသည်။ သာယာဝတီ ဦးပုမှာလည်း စိတ်မကောင်းစွာဖြင့် ငေးငိုင်ကျန်ခဲ့ရပါသည်။ အချိန်ကား ၁၂—-ခုနှစ်၊ ၂၁-ဦးအဖွဲ့နှင့် ကွဲကြသည့် အချိန် ဖြစ်သည်။
ဝံသာနုအင်အား လွန်ကြီးမား
ဖော်ပြပါ ကွန်ဖရင့်ကြီး ပြီးသည်မှစ၍ နိုင်ငံကျော်ဓမ္မကထိက သာယာဝတီဦးညေယျ၊ ဦးရန်ကုန်၊နဝင်း-ဦးကေလာသ၊ ပြည်ခရိုင် ဂဲ့ကုန်း-ဦးကေတု၊ မြင်းခြံ-ဒေါ်ဂျမ်း၊ ပြည်-နဝင်း-မသိန်းတင်၊ ပြည်- လမ်းရှည် ဒေါ်ဖွားရင်၊ ဒေါ်မြရင်၊ အမျိုးသားဘက်က မသိန်းတင်အကိုရင်း ရွှေတုံး၊ ဆံတော်ရပ် ဦးမြတ်စံ၊ လမ်းရှည် -ဦးဘခင်၊ နဝင်း-ဦးအောင်စော၊ ဦးထွန်းကျော်တို့သည် ပြည်-သရက်-သာယာဝတီခရိုင်များသို့ နယ်လှည့် စည်းရုံးရေးတရားများကို ဟောပြောကြသည်။ ထိုအချိန်ကား ဝံသာနုအင်အား ကြီးထွားပြီး မိမိတို့ဆုံးဖြတ်ချက်အရ လူခွန်တော်များကိုပင် မပေးကြသဖြင့် အင်္ဂလိပ်အစိုးရသည် အစွမ်းကုန် ဖိနှိပ် ချုပ်ချယ် နှိပ်ကွပ်လေတော့သည်။
ဤကဲ့သို့ ဖိနှိပ်ချုပ်ချယ်မှုကို မခံရပ်နိုင်သဖြင့် ဂဠုန်-ဆရာစံ ခေါင်းဆောင်၍ အင်္ဂလိပ်အစိုးရ ကို တော်လှန်ပုန်ကန် ထကြွကြလေသည်။ဂဠုန်-ဆရာစံအဖွဲ့က ပုန်ကန်ရခြင်းမှာ နဝင်း-မသိန်းတင် အဆိုတင်သွင်းချက်ကြောင့် ဆရာစံသူပုန်ထခြင်းဖြစ်သည် -ဟု အများလူထုက ယူဆပြောဆိုကြသည်။ ဂဠုန်ဆရာစံ သူပုန်ထစဉ်အတွင်း စောစောပိုင်းက တရားဝင် ဖွဲ့စည်းထားသော ဝံသာနုအသင်းကို -မတရာအသင်း-ဟု အင်္ဂလိပ်အစိုးရက ကြေငြာပြီး ခေါင်းဆောင်များကို ထိုဝံသာနုအသင်းမှ ထွက်ကြရန် ခြိမ်းခြောက်လေသည်။ အချို့အမျိုးသမီးခေါင်းဆောင်များက လက်မှတ်ရေးထိုး နှုတ်ထွက် ၍ နိုင်ငံရေးကျောပေး စွန့်လွှတ်သွားကြသည်။
၁၇-ပုဒ်မ၊ တစ်အရ၊ ထောင်ကျတစ်နှစ်စီ
နိုင်ငံရေးမှထွက်ကြောင်း မကြေငြာသော ဝံသာနုအသင်းခေါင်းဆောင်ဦးစီးအချို့ကို ပုဒ်မ-၁၇/၁-အရ သံဃာ များနှင့် အမျိုးသားများကို ထောင်ဒဏ်တစ်နှင်စီ၊ အတွင်းရေးမှုးသခင်မ-မသိန်းတင်မှာ အလုပ် ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ခြောက်လ (၁-နှစ်၊ ၆-လ) အပြစ်ပေးခံခဲ့ရသည်။
ကိုဘနှင့်မဖွါးရင်တို့အား နိုင်ငံရေးတရားစွဲနေခိုက် ပြည်ခရိုင်၊ ဝက်ထီးကန်နယ်၊ တရားသူကြီး ဦးစီက စပါးလာရောင်းယင်း စပါးဒိုင်တွင် နိုင်ငံရေး-ဘုန်းကြီးများ၊ အမျိုးသား၊ အမျိုးသမီးများနှင့် ပတ်သက်၍ ကြိမ်းမောင်းပြောဆိုသဖြင့် တရားသူကြီးပြောဆိုသည့်စကားကို ကြားသိကြသော-ဒေါ်စော ရင်၊ ဒေါ်ယုခင်၊ ဒေါ်စောခင်တို့က သူကြီးဦးစီအား” ရှင်ဗမာ ဟုတ်ရဲ့လား”ဟု ပြောဆိုပြီး ဝိုင်းဝန်းရိုက်နှက် ကြသည်။ ဝိုင်းဝန်းရိုက်နှက်သည့် အမျိုးသမီး သုံးယောက်လည်း ဆူပူစေမှုဖြင့် ထောင်ဒဏ် တစ်နှစ်နှင့်လေးလစီ (၁-နှစ်၊၄-လစီ) အပြစ်ပေးခံရသည်။
ထောင်သုံးထောင်သို့ ပြောင်း၍ပို့
သခင်မ မသိန်းတင်နှင့် ဒေါ်စောရင်၊ ဒေါ်ယုခင်၊ ဒေါ်စောခင် အမျိုးသမီးတို့ အား ပြည်ထောင်၊ တောင်ငူထောင်နှင့် မြင်းခြံထောင်များသို့ ပို့ထားပါသည်။ မြင်းခြံထောင်မှ လွတ်လာပြီးနောက် လှိုင်မြစ်ပေါ် ဂျီ-စီ-ဘီး-အေ ပေါ်ထွက်လာပါသည်။ ထိုအချိန်က ခွဲရေး၊ တွဲရေးတွင် သခင်မမသိန်းတင်က တွဲရေးအတွက် ကြိုးစားလှုံဆော်ပါသည်။ မြန်မာပြည်တွင် တွဲရေးဘက်က အင်အားများသော်လည်း ခွဲရေးကိုသာ အနိုင်ပေးခဲ့သည်။ ထိုကိစ္စ များ ဖြစ်ပွါးပြီးနောက် မောင်နှင့်အစ်မဖြစ်သူများက သခင်မ မသိန်းတင်အား အနားယူရန် ပြင်ဦး လွင်(မေမြို့)သို့ ပို့ခဲ့ကြပါသည်။
သခင်မအမည်ခံ နိုင်ငံရေးအားထုန်ပြန်
၁၂၉၀-ခုနှစ်တွင် ဒို့ဗမာအစည်းအရုံး စတင်ဖွဲ့စည်းလျင် ဖွဲ့စည်းချင်း သခင်မအမည်ခံကာ နိုင်ငံရေးကို တဖန် အားသွန်းခွန်စိုက်လုပ်ကြရာ သခင်မ နဝင်း-မသိန်းတင်၊ သခင်ညီ(ပြည်)၊ သခင်ထွန်းအုပ် (ပုတီးကုန်း)၊ သခင်ဗတင်(ဆင်မြီးဆွဲ)၊ သခင်ထွန်းခင်(ခေါ်)ဗိုလ်မှုးမြင့်ဆွေ(ဆင်မြီးဆွဲ)တို့အား ပုဒ်မ (၁၂၄)အရ အကြည်ညို ပျက်စေမှုဖြင့် ထောင်ဒဏ်ချထားစဉ် ရေနံမြေသပိတ်ကြီး ပေါ်ပေါက်လာပါတော့သည်။
ရေနံမြေသပိတ် ကြိုဆိုဧည့်ခံ
ဒို့ဗမာအစည်းအရုံးဝင် သခင်၊ သခင်မများနှင့်အတူ (၁၃၀၀)ပြည့်နှစ် ရေနံမြေသပိတ်များကို ကြိုဆို ဧည့်ခံ ကျွေးမွေးခြင်းများပြုလုပ်လျက် ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်ဘုရားကြီး ခြေတော်ရင်း အရောက် တာဝန်ယူရှေ့ဆောင်ပြု၍ တပ်ဦးမှလိုက်ပါလာခဲ့သည်။
ဂန္ဓီကြီးက၊ ချီးကျူးရ၊ မှတ်ကြဒေါ်သိန်းတင်
အိန္ဒိယနိုင်ငံ၏နိုင်ငံရေးခေါင်းဆောင် မဟတ္တမဂန္ဓီကြီးသည် မြန်မာပြည်လာရောက်ရာတွင် သခင်မ မသိန်းတင်သည် ဧည့်ခံကော်မတီ၏အမှုဆောင်အဖြစ်ဖြင့် လက်ပံတန်းမှ ပြည်မြို့အရောက် ဧည့်ခံပြုစု ကြိုဆိုလာခဲ့သည်။ ထိုသို့ကြိုဆိုရာ၌ သြဘာစာတမ်းများကိုလည်း သခင်မမသိန်းတင်ကပင် ဖတ်ကြားဟောပြောခဲ့သည်။
သခင်မမသိန်းတင်၏အကြောင်းခြင်းရာတို့ကို သိမြင်သွားသော ဂန္ဓီကြီးက-”အကျွနုပ်တို့ အိန္ဒိယပြည်တွင် ယခုလို အသက်အရွယ် နုနုနယ်နယ် မိန်းမပျိုကလေးမျိုး နိုင်ငံရေးဆောင်ရွက်ခြင်းနှင့် ထောင်ကျခံရခြင်းမျိုး မရှိ” ဟု ပြောဆိုပြီး မြန်မာအမျိုးသမီးများ၏ စွမ်းစွမ်းတမံ ရဲရဲတောက်စိတ်ဓာတ်ကို အလွန်သဘောကျ ချီးကျူးစကား ပြောကြားခဲ့သည်။ ထို့နောက် သခင်မမသိန်းတင် တစ်ဦးတည်းကို မဟတ္တမဂန္ဓီကြီးကိုယ်တိုင် ဂုဏ်ပြုပန်းကုံးကြီးစွပ်၍ ချီးမြင့်ခဲ့လေသည်။
နေရှုအင်ဒီ၊ မြန်မာပြည်၊ လာသည်ဂုဏ်ပြုခဲ့
အိန္ဒိယနိုင်ငံ၏လွတ်လပ်ရေးအတွက် ခေါင်းဆောင်ပါဝင်ခဲ့သူ ပန်ဒစ်ဂျဝါဟလာနေရူးနှင့် သမီးဖြစ်သူ အင်ဒီယာဂန္ဓီတို့သည် မြန်မာပြည်သို့ အလည်လာရောက်ရာတွင် အဖွဲ့ပေါင်းစုံဧည့်ခံပွဲ ၌ နေရှင်နယ်ကျောင်း အုပ်ကြီး ဦးဘဦးက ဥက္ကဌ၊ ဒု့ိဗမာအစည်းအရုံး ကိုယ်စားလှယ် သခင်မမသိန်းတင်က ဧည့်ခံကော်မတီ အတွင်းရေးမှုးအဖြစ် ဆောင်ရွက်ခဲ့သည်။
၎င်းတို့ လေယာဉ်ပေါ်မှ ဆင်းလျင်ဆင်းချင်း သခင်မ မသိန်းတင်၏အတ္ထုပတ္တိဖြစ်စဉ်ကို ဝတ်လုံတော်ရ ဦးကျော်မြင့်က ထုတ်ဖော်ပြောပြသဖြင့် အိန္ဒိယ ဝန်ကြီးချုပ်နေရူးနှင့်၎င်း၏သမီး အင်ဒီယာဂန္ဓီတို့က “ မြန်မာပြည်၏လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ဇွဲသန်သန်ဖြင့် အာဇာနည်းသမီးကောင်း တစ်ယောက် အဖြစ် ရှေ့သို့ ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေ” ဟု ဆုတောင်းမေတ္တာ ပတ္ထနာပြုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သားအဖနှစ်ဦးလုံးက ကရာချီဖဲပွင့်ပန်းရောင် ပန်းကုံး တစ်ကုံးကျစီ စွပ်၍ သခင်မမသိန်းတင်အား ဂုဏ်ပြုချီးမြင့်ခဲ့သည်။
ပြည်ညီလာခံ၊ အောင်မြင်ရန်
ပြည်ညီလာခံ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် အစစအရာရာ တွင် ပြည်-သခင်ညီတို့နှင့်လက်ရေတပြင်တည်း ရင်ဘောင်တန်းတာဝန်ယူကာ ဆောင်ရွက်ခဲ့သည့်အတွက် ကြီးကျယ်ခမ်းနား သိုက်မြိုက်စွာ နိုင်ငံရေးသွေးစည်းမှုကို မျော်မှန်းသည်ထက် ပို၍ရယူနိုင်ခဲ့ကြပါသည်။ ထိုညီလာခံတွင် သခင်မမသိန်းတင်က သခင်သစ်အင်္ဂလိပ်ကပေးသော ရာထူးများကို လက်မခံရန်အဆိုကို တင်သွင်းလိုက်ရာ အမတ်လောင်းများအဖြစ် ဒို့ဗမာ အစည်းအရုံးမှ ရွေးကောက်တင်မြောက်ခံရသော သခင်အံ့ကြီး (ပခုက္ကူ)၊ သခင်မြ(သာယာဝတီ)၊ သခင်လှတင်(ဇလွန်)တို့က ထောက်ခံကာ အင်္ဂလိပ်အစိုးရ ခန့်အပ်သော ရာထူးများနှင့်လခများကို လက်မခံခဲ့ကြပါ။ ညီလာခံ၌ ပြင်းပြင်းထန်ထန် အငြင်းပွား မှုများရှိခဲ့သော်လည်း နောက်ဆုံးတွင် သခင်မ မသိန်းတင် တင်သွင်းသော အဆိုကိုပင် လက်ခံအတည်ပြုခဲ့ကြပါသည်။
ဒု-ကမ္ဘာစစ်၊ ရိပ်ရောင်ဖြစ်၊ ဖမ်းပစ်နိုင်ငံရေးသမားများ
ပြည်-ညီလာခံအပြီး ဒုတိယကမ္ဘာစ်ကြီး ဖြစ်ပွားလာရန် စစ်မီးစစ်လျံ အခိုးအငွေ့ အရိပ် အရောင်များ ဖြစ်ပေါ်လာချိန်တွင် နိုင်ငံရေးသမားများအား ဒရကြမ်းပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီး သဖြင့် ပြည်ခရိုင်မှ သခင်ခေါင်းဆောင်အားလုံးနီးပါးပင် အဖမ်းခံကြရသည်။ သို့သော် သခင်မ မသိန်းတင်မှာ မူ စုံထောက်အရာရှိ ဦးသန်းဖေ၏ ကူညီသတင်းပေးချက်နှင့် တိုက်တွန်းချက်အရ ပြည်မြို့မြောက်ဘက် (၃)မိုင် အကွာ မြရွာတွင် လျှို့ဝှက်တိမ်းရှောင်နိုင်ခဲ့သဖြင့် ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ခဲ့ရသည်။
ကတိပေးထား၊ ချစ်သူအား၊ ထိမ်းမြားလက်ထပ်သည်
ဂျပန်များ မြန်မာပြည်ကို သိမ်းပိုက်နိုင်ခဲ့ပြီး (၂)လကျော်ခန့်တွင် ဖမ်းဆီးခံထားရသော သခင်ခေါင်းဆောင်များ ပြည်မြို့သို့ ပြန်လည်ရောက်ရှိလာကြသည်။ ထိုအခါ ပထမမူလကနဦးက ချစ်မေတ္တာ ပင်လယ်ကြောမှာ ကရုဏာသင်္ဘောကြီးစီးပြီး ချစ်ခင်ကြင်နာခါစက ထားရှိခဲ့သည့်ကတိအတိုင်း ‘’’’” မြန်မာပြည်လွတ်လပ်ရေးရလျင် လက်ထပ်မည်” ဟု ကတိပေးထားသောသခင်သင်ကို (ဂျပန်က လွတ်လပ်ရေးပေးသဖြင့် ) ကတိအတိုင်း ပြည်မြို့အနီး မြရွာတွင် ထိမ်းမြားမင်္ဂလာကို ဆင်နွှဲ လက်ထပ်ခဲ့ကြသည်။
သမီးနှင့်သား၊ ခင်ပွန်းကား၊ ဆုံးသွားထိုခါ မယ်ပဋာ
သမီးကြီး-ဂျမ်းကလေး သေးဆုံး၍ (၃)လအကြာ ၁၃၁၁-ခု၊ ကဆုန်လဆန်း(၁၀)ရက်နေ့တွင် ပြည်မြို့ပေါ်၌ ရဲဘော်ဖြူနှင့် အစိုးရတပ်များ ကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်ကြသည့် လက်နက်ဖြင့် ခင်ပွန်းဖြစ်သူ သခင်သင် ကျဆုံးခဲ့ရပြန်သည်။ သခင်သင် ကျဆုံးအပြီး (၆)လအကြာတွင် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သော သားဖြစ်သူ-ဖိုးထောင်ခေါ် မောင်အောင်သိန်းဌေးမှာလည်း ၁၃၁၁-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၇)ရက်နေ့တွင် အနိစ္စရောက်သွားပြန်သည်။ မယ်ပဋာမြေလူး အရူးပမာ မသိန်းတင်တစ်ဦးတည်းသာ ကျန်ရစ်၍ မုဆိုးမတကောင်ကြွက်ဘဝနှင့် လုပ်ကိုင်စားသောက်ခဲ့ရသည်။ ထိုသို့ လုပ်ကိုင်နေစဉ်မှာပင် တတိယအကြိမ် မီးလောင်ခံရပြန်သည်။
“ ထုံးရာဇဝင်တွေ ဆုံးစရာ မမြင်အောင် များလှသော်လည်း မတတ်သာ ရပ်ခါ နားတော့မကွယ့်” ဆိုသည့်အတိုင်း ဤသို့ဖော်ပြခဲ့ပြီး ၁၆-၁၇-နှစ်သမီးအရွယ်မှစ၍ ဗုဒ္ဓဘာသာအမျိုးသမီးအဖွဲ့၊ ဝံသာနုအမျိုးသမီးအဖွဲ့၊ သစ္စာဝါဒီအမျိုးသမီးအဖွဲ့သူ (၅၀၀) ကျော်တွင် အမျိုးသမီးအတွင်းရေးမှုးအဖြစ် တာဝန်ကို ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစားဖြင့် “ သခင်မျိုးဟေ့ တို့ဗမာ၊ အရေးတော်ပုံ အောင်ရမည်” ဟု ကြွေးကြော်လျက် ကျွန်အဖြစ်မှ မြန်မာပြည်လွတ်လပ်ရေးရရှိရန် လုပ်ကိုင်ဆောင်ရွက်ရင်း နိုင်ငံရေးလုပ်သက် ၂၇-၂၈-နှစ်တွင် မျော်မှန်းချက်အတိုင်း လွတ်လပ်ရေးကြီးရခဲ့သည်။
လွတ်လပ်ရေးရပြီးသည့်အခါ သခင်မ ဒေါ်သိန်းတင်မှာ သမီးနှင့်သား ခင်ပွန်းများပါ ဆုံးပါးပျက်စီးလျက် သတိစွက်သံဝေဂဖက်ကာ အသက်(၄၂)နှစ်လောက်မှ စ၍ အတ္တမာန စွယ်မြမြကို ပယ်ချစွန့်ခွါကာ ရတနာသုံးရပ် သာသနာဘက်သို့ မျက်နှာမူဦးတည်လာခဲ့သည်။ ပြည်သူလွှတ်တော်အမတ်အဖြစ် အရွေးခံကာ တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရက” နိုင်ငံ့ဂုဏ်ရည် ဒုတိယဆင့်” ဘွဲ့နှင့်ချီးမြင့်ငွေကျပ်(၁၅၀၀၀)ကို ပြည်မြို့နယ် ပြည်သူ့ကောင်စီရုံးခန်းမ၌ နိုင်ငံတော်အစိုးရကိုယ်စား ပြည်မြို့နယ်၊ ပြည်သူ့ကောင်စီဥက္ကဌ -ဦးဘလှက သခင်မကြီး-နဝင်း ဒေါ်သိန်းတင်အားပေးအပ်သည်။
သို့သော် သခင်မကြီး ဒေါ်သိန်းတင်သည်-
(၁) ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်း၊ ဓမ္မရက္ခိတကုန်းပေါ်တွင် တည်ဆောက်ဆဲ မဟာဝိဇယစေတီတော်မြတ်ကြီးအတွက် ယင်း (၁၅၀၀၀)ကျပ်လုံးကို သခင်မကြီး ဒေါ်သိန်းတင်ကိုယ်စား လှူပေးပါ၇န် ပြည်မြို့နယ်၊ ပြည်သူ့ကောင်စီဥက္ကဌ-ဦးဘလှလက်သို့ ၎င်းအခန်းအနားမှာပင် ပြည်လည်ပေးအပ်ခဲ့ပါသည်။
(၂) လစဉ်ရဆုငွေ ၃၀၀-ကျပ်တွင် ၁၅၀-ကျပ်ကို ရွှေတောင်မြို့နေ ရှေးသခင်မကြီး ဒေါ်ခင်ခင်သို့လည်းကောင်း၊ ကျန် ၁၅၀-ကျပ်ကို ပြည်မြို့၊ ရွာဘဲနယ်မြေ၊ စံနန်းဦးလမ်း၊ ရှေးသခင်မကြီး ဒေါ်စောရင်သို့လည်းကောင်း မြို့နယ် ပြည်သူ့ကောင်စီရုံးခန်းမ၌ပင် လွှဲပြောင်းပေးအပ်ခဲ့သည်။
ဘဝတစ်သက်လုံး၊ မြန်မာ့ဆံထုံး၊ ဖွဲ့ထုံးထိပ်ပေါ်တင်
ယခုမျက်မှောက်ခေတ် မြန်မာတစ်ပြည်လုံး မိန်းမသားများတွင် သခင်မကြီး ဒေါ်သိန်းတင်သည် မြန်မာ့ဆံထုံးကို ထိပ်ပေါ်ထုံးကာဖြင့် ဆင်ယင်မှုတစ်သက်လုံးပြုသွားသည်မှာ ထူးခြားနေသော ဝိသေသမြင်ကွင်းတစ်ရပ်ဟု သတိမူ စဉ်းစားမိသူတိုင်း သိမြင်နိုင်ပေလိမ့်မည်။ ၁၃၄၅-ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၆) ရက်လောက်မှ စတင်၍ ယခင်ကစွဲကပ်ဖူး၍ ကုသပျောက်ကင်းနေသော ရင်ကြပ်ပန်းနာ၊ နှလုံးရောဂါသည် ပြည်လည်ပေါ်လာသဖြင့် မြို့နယ်ဆရာဝန်ကြီးများနှင့် အိမ်တွင်ကုသနေရင်း အစားအစာဖြတ်လာလေတော့သည်။
ဆေးရုံပေါ်မှာ၊ ရောက်သောခါ၊ တွေ့ရာခြေနေများ
သခင်မကြီးဒေါ်သိန်းတင်အား အိမ်၌ ပါရဂူသမားတော်ကြီးများဖြင့် အစွမ်းကုန်ကုသပါသော်လည်း ရောဂါသည် တဖြည်းဖြည်းတိုးလာသဖြင့် ဆရာဝန်များ၏ ညွန်ကြားစီစဉ်ပေးချက်အရ နတ်တော်လဆန်း(၇)ရက်နေ့၌ ပြည်ဆေးရုံသစ်ကြီးသို့ တင်ပို့ကုသကြသည်။ သို့သော် တစ်ပတ်လောက်ကြာသောအခါ သက်သာခွင့်မရဖြစ်နေပြန်သဖြင့် ၎င်းနတ်တော်လဆန်း(၁၃)ရက် နံနက်တွင် တောင်ကြီးမြို့-ဆရာခွေး၊ မြင်းခြံမြို့-ဒေါ်ဒေါ်သိန်းတို့က ကားနှင့်သယ်ယူကာ ရန်ကုန်၊ ဆေးရုံကြီး၊ နှလုံးရောဂါ အထူးကုခန်းသို့ ပို့၍ ကုသကြသည်။ သို့သော် ရောဂါသည် တိုးလိုက်လျော့လိုက် ဖြစ်နေသည်။
ကွယ်လွန်ခြင်း
ဝိသုဒ္ဒါရုံ၊ ဗာရာဏသီတိုက် တိုက်အစ်မကြီး ဝဏ္ဏကျော်ထင်၊ လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်)၊ နိုင်ငံဂုဏ်ရည် (ဒုတိယဆင့်)၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်သိန်းတင်သည် ၁၃၄၅ ခု၊ နတ်တော်လပြည့် ကျော် (၅) ရက်နေ့ အသက် ၇၈နှစ်အရွယ်တွင် တွင် အနိစ္စရောက်ခဲ့လေသည်။
ပြည်မြို့၊ ဝိသုဒ္ဓါရုံဗာရာဏသီတိုက်၊ ရွှေရတုမဂ္ဂဇင်းစာအုပ်မှ
ဓာတ်ပုံများကို ဝိသုဒ္ဓါရုံဗာရာဏသီတိုက် ဝဘ်ဆိုဒ်မှ ရရှိပါသည်။
Discussion about this post