နာနိုတက္ကနော်လော်ဂျီဆိုတာကတော့ တက္ကနော်လော်ဂျီဆိုတာကတော့ နည်းပညာပေါ့၊ နာနိုဆိုတာကတော့ အရွယ်အစားပေါ့။ စကေးပေါ့ခင်ဗျာ.. ဥပမာ. မိုက်ခရိုဆိုတာကတော့ လူအများစုသိတာကတော့ မိုက်ခရို ဆိုတာ အမှုန်လေးတွေ အရမ်းငယ်တယ်၊ မိုက်ခရိုလို့ သိပါတယ်။ မိုက်ခရိုဆိုတာက အဆ တစ်သန်းငယ်တာပေါ့။ နာနိုဆိုတာကတော့ အဆ တစ်ကုဋေပိုပြီးတော့ ငယ်တဲ့ဟာကို ကျနော်တို့ နာနိုလို့ ခေါ်ပါတယ်။
အဲဒီတော့ နာနိုတက္ကနော်လော်ဂျီဆိုတဲ့ဟာက အရမ်းငယ်တဲ့ အက်တမ်လို မော်လီကျူးလောက် အရွယ်အစားနဲ့ ပတ်သက်တဲ့ နည်းပညာပေါ့၊ အဲဒီဟာကို ကျနော်တို့ နာနိုတက္ကနော်လော်ဂျီလို့ ခေါ်ပါတယ်။ သိပ္ပံပညာရပ် မျိုးစုံအတွက် နာနိုတက္ကနော်လော်ဂျီနည်းပညာ ရှိပါတယ်။ ရူပဗေဒထဲမှာဆိုရင် အက်တမ်တို့ မော်လီကျူးတို့နဲ့ လုပ်တယ်ဆိုရင် နာနိုတက္ကနော်ေ လာ်ဂျီ၊ ဓာတုဗေဒထဲမှာလဲ နာနိုတက္ကနော်လော်ဂျီ၊ အင်ဂျင်နီယာရင်း မှာဆိုလည်း အီလက်ထရောနစ်၊ မက္ကနီကယ် အင်ဂျင်နီယာ စတဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက်တော့အများကြီးပဲပေါ့။
အဲဒီမှာ သေးငယ်တာတွေအားလုံးက နာနိုတက္ကနော်လော်ဂျီထဲ ဝင်သွားပါတယ်။ အဲဒါအပြင် ဆေးပညာရပ်ထဲမှာ နာနိုမယ်ဒီဇင်းဆိုတာက နာနိုတက္ကနော်လော်ဂျီကိုသုံးတဲ့ ဆေးပညာပေါ့။ နောက်ဆုံးက ပြန်ကြည့်တဲ့အခါကျတော့ ကင်ဆာဆဲလ်ဆိုပါတော့ ကင်ဆာကတော့ နာနိုမဟုတ်ပါဘူး။ မိုက်ခရိုပေါ့.. ဒါပေမယ့် သူ့ကို တိုက်ခိုက်ဖို့ လုပ်တဲ့အခါကျတော့ နာနိုနဲပတ်သက်ပြီး တီထွင်ထားတဲ့ ဆေးပညာတွေနဲ့ ထိန်းချုပ်ပြီးတော့ ကင်ဆာဆဲလ်တွေကို သတ်ဖို့အတွက် တီထွင်ထားတာတွေကို နာနိုမယ်ဒီဇင်လို့ ခေါ်ပါတယ်။ ဆိုရရင်တော့ အားလုံးက နာနိုတက္ကနော်လော်ဂျီပါ။
နာနိုတက္ကနော်လော်ဂျီမှာ ဘာသာရပ် အများကြီးပါ ပါတယ်။ ရူပဗေဒတို့ ဓာတုဗေဒတို့တင် မကဘဲနဲ့ အင်ဂျင်နီယားရင်းဘက်ကလဲ ပါပါတယ်။နာနိုတက္ကနော်လော်ဂျီဟာ တနေ့တခြား အရေးပါလာသလို စိတ်ဝင်စားမှုတွေလဲတိုးလာကြပါတယ်။ ဘာ့ကြောင့်ပါလဲ…
နာနိုတက္ကနော်လော်ဂျီက အခု စပြီးတော့ သုံးနေကြပါပြီ။ အိုင်ဖုန်းတွေဆို စပြီးတော့နာနိုပိုင်းကို ဝင်နေပြီပေါ့။ နာနိုတက္ကနော်လော်ဂျီမှာ ကျွန်တော်တို့ အဓိကအနေနဲ့ နှစ်ပိုင်းခွဲထားပါတယ်။ ပထမတစ်ခုက Bottom Up လို့ခေါ်တဲ့ အက်တမ်လိုဟာကနေ စပြီးတော့တည်ဆောက်တဲ့ဟာကို၊ ကျွန်တော်တို့ အောက်ခြေကနေစပြီး တည်ဆောက်တဲ့ဟာ။
နောက်တစ်ခုက Top Down လို့ခေါ်တဲ့ အထက်ကနေပြီးတော့ အောက်ကို ငယ်အောင် လုပ်တဲ့ဟာပေါ့။ Top Down Approach ဆိုတာက ဘာနဲ့တူသလဲဆိုတော့ ရုပ်ထုတွေဆောက်သလိုပေါ့။ အတုံးကြီးတစ်တုံးကနေ လိုတဲ့ပုံဖော်တဲ့အခါ သေးသွားသလိုပေါ့။ အဲဒါကို Top Down လို့ခေါ်ပါတယ်။ Bottom Up ကျတော့ လူသားတွေပေါ့။ ကျွန်တော်တို့ကျတော့ Bottom Up ပါ။ ကျွန်တော်တို့ စတာက ကလေးလေးဘဝကနေ စပါတယ်။ စတော့ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ကြီလာတယ် အဲဒီလိုမျိုးကို Bottom Up လို့ ခေါ်ပါတယ်။ ဆိုတော့ နာနိုတက္ကနော်လော်ဂျီထဲမှာ Bottom Up နဲ့ Top Down Approach နှစ်ခုပေါင်းပြီး နည်းပညာအနေနဲ့ တီထွင်ကြတယ်ပေါ့။
ဥပမာပြောမယ်ဆိုရင် နာနိုတက္ကနော်လော်ဂျီနဲ့ ပတ်သက်တဲ့ နည်းပညာတွေဆိုလို့ရှိရင် ဥပမာ ကွန်ပျူတာနည်းပညာ။ ငယ်တယ်ဆိုတာက ဘာကိုပြောတာလဲ ဆိုတော့ငယ်လို့ရှိရင် အများကြီး ထည့်နိုင်တယ်ပေါ့။ ကွန်ပျူတာမှာဆိုရင် သူ့မှာရှိတဲ့ Memory,Harddisk Devices တွေပေါ့နော်။ နေရာကျဉ်းကျဉ်းလေး တစ်ခုထဲမှာ အများကြီးကိုအားလုံးပေါင်းပြီး ထည့်လို့ရတယ်ပေါ့။ အဲဒီလို အစိတ်အပိုင်းတွေ တစ်ခုချင်း တစ်ခုချင်းကို အားလုံးပေါင်းပြီး အလုပ်လုပ်မယ်ဆိုရင် နေရာသေးသေးလေးမှာ အားလုံးပေါင်းပြီး ထည့်ထားနိုင်တော့ နေရာကျဉ်းကျဉ်းလေးနဲ့ အလုပ်တွေအများကြီး ပြီးနိုင်ပါတယ်။ အဲဒါကြောင့် နာနိုတက္ကနော်လော်ဂျီက ခေတ်စားတာပါ။
နာနိုနည်းပညာကြောင့် ကွန်ပျူတာသုံးစွဲမှုလဲ အဆင့်ဆင့် တိုးတက်လာပါတယ်။ ကင်မရာလို ပစ္စည်းမျိုးကိုပါ သီးသန့် သယ်သွားစရာမလိုတော့ဘဲ လက်ကိုင်ဖုန်းနဲ့တွဲပြီး သုံးလို့ရတဲ့အထိ ထွင်လာနိုင်ပြီဖြစ်ပါတယ်။ အိုင်ဖုန်းဆိုတာ ဥပမာအနေနဲ့ ထင်ရှားနေပါပြီ။ ဘာလို့ဆိုတော့ လွန်ခဲ့တဲ့ ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက်က ဆိုရင် ကင်မရာကလဲ အကြီးကြီး၊ တယ်လီဖုန်းကလဲ အကြီးကြီး ကွန်ပျူတာကလဲ အကြီးကြီး အဲဒါ ဟိုတုန်းကပေါ့.. ခုတော့ အဲဒါတွေ အားလုံးကို တစ်မျိုးတောင်မဟုတ်ဘူး အားလုံးကို ပေါင်းလိုက်တဲ့ဟာက သေးသေးလေး။ အိတ်ထဲမှာတောင်ထည့်ပြီး သည်သွားလို့ရတယ်။
ဆိုလိုတာက အထဲထဲမှာရှိတဲ့ စက်ပစ္စည်းတွေက ငယ်သွားတယ်။ ငယ်သွားတဲ့အတွက်ကြောင့် နေရာကျဉ်းကျဉ်းလေးထဲမှာ အများကြီးထည့်ပြီး အလုပ်လုပ်လို့ရအောင် လုပ်သွားနိုင်တဲ့အတွက်ကြောင့် ပိုပြီးတော့လဲ အစွမ်းထက်လာပါတယ်။ ခု ကျွန်တော်တို့ သုတေသနလုပ်နေတာတွေက မှန်းထားတယ်ပေါ့။ နောက်လာမယ့် ဆယ်နှစ်၊ ဆယ့်ငါးနှစ်အတွင်းမှာ ထွက်ပေါ်လာမဲ့ဟာတွေက ဘယ်လောက်စွမ်းပကားရှိမယ် ဆိုတာကိုတောင် မှန်းဆဖို့ ခက်ခဲနေပါတယ်။ ဘာလို့လဲဆိုတော့ အိုင်ဖုန်းလိုဟာမျိုး ဆမ်ဆောင်းလိုဖုန်းမျိုးတွေမှာတောင် ကျွန်တော်တို့ တစ်ကမ္ဘာလုံးမှာရှိတဲ့ စာကြည့်တိုက်တွေက စာအုပ်တွေအားလုံး၊ အချက်အလက်တွေအားလုံး ထည့်လို့ရနိုင်တဲ့အထိ တိုးတက်သွားနိုင်ပါတယ်။
ကွန်ပျူတာနည်းပညာလိုပဲ ဆေးပညာမှာလဲ နာနိုတက္ကနော်လော်ဂျီနဲ့ ထူးထူးခြားခြားအပြောင်းအလဲတွေကို လုပ်ပေးနိုင်ပါတယ်။ ဆေးပညာနဲ့ပတ်သက်ပြီးတော့ ပြောမယ်ဆိုရင် နာနိုတက္ကနော်လော်ဂျီနဲ့ အက်တမ်တွေ မော်လီကျူးတွေ တစ်လုံးချင်းစီ နားလည်လာနိုင်မဲ့အပြင်ကို ကျွန်တော်တို့ဟာ အဲဒီဟာတွေကို ပြန်လည်ပြီးတော့ တည်ဆောက်နိုင်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဆေးတွေကို ဆောက်နိုင်မယ်။
ဥပမာ ဆိုပါစို့ လူပေါ်မူတည်ပြီးတော့ လူတစ်ဦးချင်းစီလိုက်ပြီးတော့တောင် ဆေးဝါးတွေကို တီထွင်ထုတ်လုပ်လာနိုင်ပါမယ်။ ဒီဆေးဟာ ဥပမာဆိုပါစို့ မောင်ရွှေရိုးနဲ့ဆက်စပ်တယ်ဆို မောင်ရွှေရိုးအတွက် ဆေးကသပ်သပ်။ သူ့အတွက်ကိုပဲ ဆေးက တီထွင်ထားတာ။ အဲဒီလိုမျိုး တစ်ဦးချင်းစီကို မူတည်ပြီးတော့ တည်ဆောက်နိုင်မဲ့ ဆေးပညာတွေ ပေါ်လာပါမယ်။ အဲလို ပေါ်လာတဲ့အတွက်ကြောင့် လူတွေကလည်း အသက်တွေ ပိုပြီးတော့ ရှည်လာကြမှာဖြစ်သလို နည်းပညာတွေဟာလည်း ပိုပြီးတော့ တိုးတက်လာမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ဒါကို ဘယ်လောက်အထိ အကျိုးရှိနိုင်တယ်ဆိုတာကတော့ မှန်းဆဖို့ အရမ်းခက်ပါတယ်။ အကျိုးကတော့ အရမ်းကို များနိုင်ပါတယ်။ အဲဒါကြောင့်လဲ အမေရိကန်၊ ဂျပန်၊ ဂျာမနီ အခုဆိုရင် တရုတ်ပေါ့နော် အားလုံး အဲဒီနိုင်ငံတွေက နာနိုတက္ကနော်လော်ဂျီနဲ့ ပတ်သက်ပြီး ငွေကြေးမြောက်မြားစွာ မြှုပ်နှံပြီးတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ထဲက ထိပ်တန်းကို ရောက် သည်ထက် ရောက်အောင် တိုးတက်သည်ထက် တိုးတက်အောင် အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။ အမေရိကားမှာကျတော့ ကွဲပြားမှုမရှိပါဘူး။ ဘာလို့ဆိုတော့ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘိုင်အို အင်ဂျင်နီယားရင်း ဘာသာရပ်အကုန်လုံးက ပေါင်းပြီးတော့ အလုပ်လုပ်ကြပါတယ်။
အခုဆို ကျွန်တော်ရဲ့သုတေသန အဖွဲ့ထဲမှာဆို ကျွန်တော်က ခေါင်းဆောင်ပေါ့နော်။ ကျွန်တော့်ရဲ့လက်အောက်မှာ အီလက်ထရောနစ် အင်ဂျင်နီယာရှိတယ်။ ဓာတုဗေဒ ပညာရှင်တွေပါတယ်။ ရူပဗေဒ ပညာရှင်တွေပါတယ်။ အားလုံးက ပါရဂူဘွဲ့ ရပြီးသားတွေပါ။ ကျွန်တော့်လက်အောက်မှာ အယောက် နှစ်ဆယ်ကျော်ရှိပါတယ်။ အဲလိုပညာရှင်တွေအားလုံး ပေါင်းပြီးတော့ ရှေ့ကိုရောက်အောင် ကြိုးစားနေကြတာပါ။
ကျွန်တော်တို့က နာနိုတက္ကနော်လော်ဂျီကို သုံးပြီးတော့ အနာဂတ် မျိုးဆက်သစ်ဆိုတဲ့ ရှေ့မှာလာမဲ့ ကွန်ပျူတာ တက္ကနော်လော်ဂျီ၊ အင်ဖော်မေးရှင်း တက္ကနော်လော်ဂျီ နောက်ပြီးတော့ အီလက်ထရောနစ် ဆားကစ်တွေမှာ ငယ်သည်ထက် ငယ်လာအောင် သည့်ပြင်ကို စွမ်းအင်ကို အများကြီးမသုံးဘဲနဲ့ စွမ်းအင် အသုံးနည်းနိုင်သမျှ နည်းအောင် တီထွင်ကြံဆနေကြပါတယ်။
တစ်ချိန်တည်းမှာပဲ ဆိုလာ အင်နာဂျီပေါ့။ နေကနေရတဲ့ စွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းတယ်။ ပြီးရင် သိုလှောင်တယ်။ အဲဒါကလဲ အားလုံးကို နာနိုအရွယ်အစားထဲမှာပဲ ရအောင်လို့၊ နေရောင်ခြည်က ရတဲ့စွမ်းအင်ကို နေရာငယ်ငယ်လေးထဲမှာပဲ အသုံးချနိုင်အောင် ကျွန်တော်တို့က တီထွင်ကြံဆနေကြတာပဲဖြစ်ပါတယ်။
ဒေါက်တာစောဝေလှ
VOA Burmese News
Discussion about this post