Saturday, March 6, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တောင်အာဖရိက နိုင်ငံ အကြောင်း သိကောင်းစရာ

by Thutamm
November 5, 2020
Reading Time: 5min read
0
တောင်အာဖရိက နိုင်ငံ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

တောင်အာဖရိကနိုင်ငံဟာ နာမည်နဲ့လိုက်ဖက်အောင်ပဲ အာဖရိကတိုက်ရဲ့ တောင်ဘက်စွန်းပိုင်းမှာ တည်ရှိနေတာဖြစ်ပြီး တရားဝင်အမည်ကတော့ တောင်အာဖရိကသမ္မတနိုင်ငံ ဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့တောင်ဘက်ပိုင်းမှာတော့ အတ္တလန္တိတ် နဲ့ အိန္ဒိယသမုဒ္ဒရာတွေရဲ့ကမ်းရိုးတန်းအရှည်(၁၇၃၉)မိုင်လောက်အထိကို ဝန်းပတ်တည်ရှိနေပါတယ်။ နိုင်ငံရဲ့မြောက်ဘက်ပိုင်းမှာဆိုရင် နမ်မီးဘီယား၊ဘော့စ်ဝါနာ၊ဇင်ဘာဘွေနိုင်ငံ၊ အရှေ့ဘက်နဲ့ အရှေ့တောင်ဘက်ပိုင်းမှာဆိုရင် မိုဇမ်ဘစ်နိုင်ငံ၊ ဆွာဇီလန် နိုင်ငံ တို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီးလီဆိုသိုဘုရင့်နိုင်ငံကိုတော့ ပတ်လည်ဝိုင်းထားပါတယ်။

နိုင်ငံအများစုမှာ ရုံးသုံးဘာသာစကားကို ၁ခု ၊ ၂ခုသာ ထားရှိတတ်ပေမယ့် တောင်အာဖရိကမှာတော့ တရားဝင်ရုံးသုံးဘာသာစကား ၁၁ ခုလောက်အထိ အသုံးပြုနေပါတယ်။ အသုံးပြုတဲ့ဘာသာစကားတွေကတော့ Afrikaanas၊ English၊ Ndebele၊ North Sotho ၊ Sotho၊ Swazi၊ Tswana ၊ Venda ၊ Xhosa နဲ့ Zulu ဘာသာစကားတွေဖြစ်ပါတယ်။ ဒါတောင်မှ အာဖရိကဟာ တရားဝင်ဘာသာစကား အများဆုံးထားရှိတဲ့နိုင်ငံ မဟုတ်သေးပါဘူး။(ရုံးသုံးဘာသာစကားအများဆုံး ထားရှိတဲ့နိုင်ငံက ဇင်ဘာဘွေဖြစ်ပြီး ၁၆ မျိုးအထိ ထားရှိပါတယ်။

၂၀၁၉ ခုနှစ်စာရင်းအရ တောင်အာဖရိကနိုင်ငံ ရဲ့ လူဦးရေဟာ (၅၉,၆၂၂,၃၅၀)အထိရှိနေပါတယ်။ နိုင်ငံအကျယ်အဝန်းကတော့ ၄၇၁,၄၄၅ စတုရန်းမိုင် ရှိပြီး ကမ္ဘာ့ (၂၄)ခုမြောက် အကြီးဆုံးသော နိုင်ငံအဖြစ် ရှိနေပါတယ်။ နိုင်ငံအားလုံးလိုလိုမှာ မြို့တော် ၁ ခုသာ ရှိပေမယ့် တောင်အာဖရိကမှာတော့ မြို့တော်ဟာ ၃ ခုတောင် ရှိနေပါတယ်။ မြို့တော် (၃)ခု အနက်က ကိတ်ပ်တောင်း မြို့ဟာဆိုရင် ဥပ‌ဒေပြု‌ရေးရာဆိုင်ရာ မြို့‌တော် ၊ ပရီတိုးရီးယားမြို့က အုပ်ချုပ်‌ရေးဆိုင်ရာ မြို့‌တော် နဲ့ ဗလိုအင်ဖွန်တိန်မြို့က တရား စီရင်‌ရေးဆိုင်ရာ မြို့‌တော်တွေဖြစ်ကြပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့အကြီးဆုံးမြို့တော်ကတော့ ဂျိုဟန်နက်စ်ဘတ် မြို့ဖြစ်ပြီး အထက်မှာဖော်ပြခဲ့တဲ့နိုင်ငံရဲ့ထိပ်တန်းမြို့တော်စာရင်းမှာပါဝင်နိုင်ခြင်းမရှိပေမဲ့ တောင်အာဖရိကနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေဥပဒေတရားရုံးတည်ရှိရာ မြို့တော်ကြီးအဖြစ်ရှိနေပါတယ်။ နောက်ထပ်ထင်ရှားတဲ့မြို့တွေကတော့ ဒါဘန် ၊ ပေါ့အဲလိဇဘက် နဲ့ ဗယ်ရီနိုက်ဂျင်း မြို့တွေဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံဟာဆိုရင် ကွဲပြားတဲ့မြေမျက်နှာသွင်ပြင်၊ ရာသီဥတုနဲ့ ယဉ်ကျေးမှုဓလေ့များစွာကိုပိုင်ဆိုင်ထားပြီး ယင်းအရာတွေကပဲ အာဖရိကတိုက်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးသောနယ်မြေတစ်ခုအသွင်ကို ဖန်တီးပေးပါတယ်။ တောင်အာဖရိကနိုင်ငံအတွင်း လူမျိုးရေးခွဲခြားမှုဖြစ်စဉ်တွေ တရားဝင်အဆုံးသတ်သွားခဲ့တဲ့ (၁၉၉၄)ခုနှစ်ကာလနောက်ပိုင်းကနေစတင်ပြီး ပြည်ပကနေလာရောက်လည်ပတ် သူခရီးသွားဦးရေဟာ သိသိသာသာတိုးတက်လို့ လာခဲ့တာဖြစ်ပါတယ်။

နိုင်ငံ အရှေ့ဘက်ခြမ်းမှာဆိုရင်ကျောက်တန်းများစွာကာရံတည်ရှိနေတဲ့ ကမ်းရိုးတန်းတွေကနေတစ်ဖြည်းဖြည်းမြင့်တက်သွားတဲ့မြေပြန့်လွင်ပြင်ကျယ်ကြီးတွေ၊ ယင်းကနေတောင်ကုန်း၊တောင်တန်းများစွာဟာ မြောက်ဘက်စွန်းပိုင်းအထိကို ကျယ်ကျယ်ပြန့်ပြန့်တည်ရှိလို့နေတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ တောင်အာဖရိကမှာ အမြင့်ဆုံးနေရာကတော့ တောင်အာဖရိက နဲ့ လီသိုဆို နယ်စပ်မှာရှိတဲ့ Mafadi တောင်ဖြစ်ပြီး အမြင့်ပေ ၁၁၃၀၆ ပေ မြင့်မားပါတယ်။

တောင်အာဖရိကနိုင်ငံနဲ့ ပတ်သက်ပြီး လူသိများထင်ရှားတဲ့အပိုင်းတွေကတော့ နိုင်ငံရဲ့လှပတဲ့ကမ်းခြေဒေသတွေဖြစ်ကြပြီး သဘာဝအတိုင်းဖြစ်တည်ဖို့ ခက်ခဲတဲ့ ကျောက်သင်္ဘောဆိပ်ကမ်းများစွာဟာ ကမ်းရိုးတန်းတလျှောက်တည်ရှိနေတာကို တွေ့မြင်နိုင်ပါတယ်။ တောင်အာဖရိနိုင်ငံဟာ ကမ္ဘာ့အလှဆုံးကမ်းခြေတွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ KwaZulu-Natal မှာရှိတဲ့ Cape Vidal ကနေ Eastern Cape ရဲ့နာမည်ကျော်ကမ်းခြေဒေသ၊ ယင်းကနေBoulders ကမ်းခြေက penguin နယ်မြေဒေသကနေ အနောက်ဘက် Cape မှာရှိတဲ့ Camps ပင်လယ် အော်အထိဒေသတွေဟာ တောင်အာဖရိနိုင်ငံရဲ့အလှပဆုံးသောကမ်းခြေအစိတ်အပိုင်းတွေဖြစ်ပါတယ်။

နိုင်ငံနယ်မြေစုစုပေါင်းရဲ့(၁၄)ရာခိုင်နှုန်းဟာဆိုရင် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့သစ်တောနယ်မြေတွေဖြစ်ပြီး ယင်းအတွင်းမှာပဲအမျိုးသားဥယျာဉ်(၂၀)နဲ့ အခြားသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေ ဧရိယာများစွာပါဝင်နေတာကိုတွေ့ရပါတယ်။ အာဖရိကတိုက်ရဲ့အကြီးဆုံးသောသစ်တောကြိုးဝိုင်းနယ်မြေတွေအနက်ကတစ်ခုဖြစ်တဲ့ Kruger အမျိုးသားဥယျာဉ်ဟာဆိုရင်လည်း နိုင်ငံမြောက်ပိုင်းမှာတည်ရှိကာ စတုရန်းမိုင် (၇၅၂၅)မိုင်အကျယ်ရှိနေပါတယ်။

အဲဒီဥယျာဉ်ကြီးဟာ တောင်ကနေမြောက်အထိ (၂၂၀)မိုင်၊အရှေ့ကနေအနောက်အထိ မိုင်(၄၀)ကျယ်ဝန်းပါတယ်။ ယင်းမှာရှိတဲ့ Big Five လို့ရည်ညွှန်းတဲ့ခြင်္သေ့၊ကျား သစ်၊ကျွဲရိုင်း၊ဆင်နဲ့ရေမြင်းစတဲ့ သတ္တဝါတွေအပြင် အခြားသော တောရိုင်းတိရစ္ဆာန် တွေကြောင့် ပြည်တွင်း ကသာမက နိုင်ငံတကာက လာရောက်လည်ပတ်သူများစွာရှိနေတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါအပြင်ရှေးဟောင်းလူသားမျိုးနွယ်စုတွေ ရဲ့ကျောက်နံရံပန်းချီလက်ရာတွေနဲ့ ရှေးဟောင်းသမိုင်းဝင် သုတေသနနယ်မြေများ စွာဟာဆိုရင်လည်း Kruger နယ်မြေအတွင်း တည်ရှိနေတာဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့မြို့တော် ကိတ်ပ်တောင်းကို အပေါ်စီးကနေကြည့်မြင်နိုင်တဲ့ စားပွဲခုံတောင် ဟာဆိုရင်လည်း ကမ္ဘာလှည့်ခရီးသွားများစွာလာရောက်မှုများတဲ့ နေရာတစ်ခုဖြစ်ပြီး အထူးသဖြင့်ခြေလျင်တောင်တက်ခရီးစဉ်တွေနဲ့တောင်အာဖရိကတိုက်ရဲ့နေရာအများစုမှာတွေ့ရတဲ့ ဒေသတွင်းတိရစ္ဆာန်နဲ့အပင်မျိုးစိတ်များစွာကို အများအပြားတွေ့ရတဲ့ နယ်မြေတစ်ခုအဖြစ်လည်းရှိနေပါတယ်။

ကမ္ဘာအလှပဆုံးသောဥယျာဉ်အဖြစ်နဲ့ သာမက အကြီးဆုံးသော ရုက္ခဗေဒဥယျာဉ်တစ်ခုအဖြစ်ရှိနေတဲ့ Kristenbosch National Botanical Garden လည်းရှိနေပြီး ဒီဥယျာဉ်ကြီးကိုတော့ (၁၉၁၃)ခုနှစ်ကစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ယင်းဥယျာဉ်ကြီးဟာကမ္ဘာပေါ်မှ ာပထမဆုံးဖွင့်လှစ်တဲ့ ရုက္ခဥယျာဉ်ဖြစ်ပြီးနိုင်ငံရဲ့ ပင်ရင်းတောရိုင်းတိရိစ္ဆာန်၊အပင်မျိုးစိတ်/မျိုးကွဲများစွာကိုနှစ်ရာချီကာလတွေအထိ ထိန်းသိမ်းထားတာကိုတွေ့ရပါတယ်။

Cape Point သဘာဝဘေးမဲ့တောအတွင်းမှာတော့ လှပတဲ့သဘာဝမြင်ကွင်းကျယ်ရှုခင်းတွေ၊ အံ့ဖွယ်ကောင်းလောက်တဲ့ တောင်တက်လမ်းတွေနဲ့ ပင်လယ်ကမ်းခြေရှုခင်းတွေကိုပါ တပါတည်းလေ့လာနိုင်မှာဖြစ်ပါတယ်။ ယင်းက လူစိတ်ဝင်စားမှုအများ ဆုံးနေရာကတော့ ကိတ်ပ်ကျွန်းဆွယ်အစွန်းမှာ တည်ရှိနေတဲ့ Cape Point နဲ့ Good Hope of Cape တို့ဖြစ်ပါတယ်။

Robben Island ဟာဆိုရင်လည်း(၁၇)ရာစုကနေ(၂၀)ရာစုအကြားထောင်၊ဆေးရုံ ၊စစ်ဘက်ဆိုင်ရာအခြေစိုက်စခန်းအဖြစ်အသုံးပြုခဲ့ပြီး (၂၀)ရာစုကာလတွေမှာဆိုရင် တောင်အာဖရိကနိုင်ငံရဲ့နိုင်ငံရေးအကျဉ်းသားများစွာကို ဖမ်းဆီးချုပ်နှောင်ရာ နေရာဖြစ်ခဲ့ပါတယ်။အဓိကကတော့ လူမျိုးရေးခွဲခြားမှုနဲ့ ဒီမိုကရေစီအရေးလှုပ်ရှား သူတွေကို အကျယ်ချုပ်ချထားရာနေရာအဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။ထူးခြားချက် ကတော့ Robben ကျွန်းမှာယုံကြည်ချက်အတွက်အကျဉ်းချခြင်းခံခဲ့ရသူတွေထဲမှာ နယ်ဆင်မင်ဒဲလား၊ခါလီမာ မိုလန်တီနဲ့ ဂျက်ကော့ဇူးမားတို့လို တောင်အာဖရိကနိုင်ငံရဲ့သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူတွေပါဝင်နေခဲ့တာဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံရဲ့တောင်ဘက်ပိုင်းမှာတည်ရှိတဲ့ Cape Wineland ဟာဆိုရင်လည်း ကိပ်တောင်းမြို့တော်ရဲ့အရှေ့မြောက်ဘက်ပိုင်းမှာတည်ရှိပြီးတောင်အာဖရိကရဲ့အဓိက ဝိုင်ထုတ်လုပ်ရာနေရာဖြစ်ပါတယ်။ Blyde River Canyon ဆိုတာကတော့ တောင်အာဖရိကနိုင်ငံရဲ့အမှတ်အသားချောက်တခုဖြစ်ပြီး (၁၆)မိုင်အထိရှည်လျားကာ အနက်(၂၄၆၁)ပေအထိ ရှိနေပါတယ်။

တောင်အာဖရိကနိုင်ငံဟာဆိုရင်ရှေးဟောင်းသမိုင်းဝင်နယ်မြေဒေသများစွာကို ပိုင်ဆိုင်ထားရုံသာမက လူသားကျောက်ဖြစ်ရုပ်ကြွင်းများစွာကိုလည်း တူးဖော် ရရှိရာနေရာအဖြစ်လည်း ရှိနေခဲ့တာဖြစ်ပါတယ်။ သမိုင်းမတင်ခင်ကာလကတည်းက အသက်ရှင်နေထိုင်ခဲ့ကြတဲ့ ရှေးဦးလူတွေရဲ့ကျောက်ဖြစ်ရုပ်ကြွင်းများစွာကိုတော့ Gauteng ပြည်နယ်မှာရှိတဲ့ လှိုင်ခေါင်းတွေအတွင်းက တူးဖော်ရရှိခဲ့တာဖြစ်ပါတယ်။ယင်းနယ်မြေကိုပဲ ယူနက်စကိုက Cradle of Humankind ဆိုတဲ့အမည်နဲ့ ထိန်းသိမ်း စောင့်ရှောက်ရမယ့် ကမ္ဘာ့အမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်ခဲ့ပါတယ်။

(၁၄)ရာစုကာလကနေစတင်ပြီး Bantu လူသားမျိုးနွယ်စုတွေဟာ အာဖရိကတိုက် အလယ်ပိုင်းကနေတောင်အာဖရိကနိုင်ငံတွင်းပြောင်းရွေ့အခြေချခဲ့ပါတယ်။(၁၄၈၈) ခုနှစ်မှာတော့ ပေါ်တူဂီတွေဟာ တောင်အာဖရိကနိုင်ငံတွင်းက Good Hope အငူ ကိုစတင်တွေ့ရှိခဲ့ခြင်းနဲ့အတူ ဥရောပသားတွေဟာ တောင်အာဖရိနိုင်ငံကို ပထမဆုံး စတင်ခြေချခဲ့ကြပါတယ်။ (၁၆၅၂)ခုနှစ်ရောက်ချိန်မှာတော့ ဒတ်ချ်တွေဟာ တောင်ဘက်စွန်း ကိပ်တောင်းမြို့ကို စတင်တည်ထောင်ခဲ့ပြီး Boers လို့ခေါ်တဲ့ နယ်သာလန်တောင်သူလယ်သမားတွေက ယင်းမြို့ဝန်းကျင်မှာစတင်အခြေချနေထိုင် ခဲ့ကြပါတယ်။

၁၈၀၆ ခုနှစ် ဥရောပမှာစစ်ပွဲများဖြစ်ပွားခဲ့ပြီး ကိပ်တောင်းမြို့ဟာ ဗြိတိသျှတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိခဲ့ပါတယ်။ ၁၉၁၀ခုနှစ်ရောက် ချိန်မှာတော့ ဗြိတိန်တွေသျှတို့ဟာ ကိုလိုနီနယ်မြေ(၄)ခုကိုစု ပေါင်းပြီး တောင်အာဖရိကနိုင်ငံကိုတည်ထောင်ပေးခဲ့ပါတယ်။ဗြိတိသျှတွေဟာ ဥပဒေတွေပြဌာန်းပြီး တောင်အာဖရိကနိုင်ငံတွင်း လူဖြူ၊လူမဲခွဲခြားမှုကို စတင်အုတ် မြစ်ချထားပေးခဲ့ပြီး ယင်းကနေပဲ တောင်အာဖရိကဟာဆယ်စုနှစ်များစွာ လူမျိုးရေး ၊နိုင်ငံရေး ပြသာနာတွေကို ခံစားခဲ့ရပါတော့တယ်။

(၁၉၆၁)ခုနှစ်ရောက်ချိန်မှာတော့ တောင်အာဖရိကနိုင်ငံဟာ ဓနသဟာယနိုင်ငံအဖြစ် လွတ်လပ်ရေးကိုကြေငြာခဲ့ကာ လူဖြူ၊လူမဲခွဲခြားရေးဥပဒေတွေကိုတော့ ဆက်လက်ထားရှိကာ လူမည်းတွေအပေါ် ပြောင်ပြောင်တင်းတင်းဖိနှိပ်မှုတွေကို ဆက်လက်ပြုလုပ်ခဲ့ပါတယ်။(၁၉၆၃)ခုနှစ်မှာတော့ တောင်အာဖရိကရဲ့အသားရောင်ခွဲခြားမှုကိုကမ္ဘာသိဆန့်ကျင်ခဲ့တဲ့ နယ်ဆင်မင်ဒဲလားဟာ ထောင်ဒဏ်တစ်သက်တ စ်ကျွန်းချမှတ်ခံခဲ့ရပါတယ်။ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်ဖြစ်တဲ့ မင်ဒဲလားဟာ ဆိုရင် ထောင်အတွင်းမှာ(၂၇)နှစ်ကြာအောင်နေထိုင်ခဲ့ရပြီး (၁၉၉၀)ခုနှစ်ရောက် ချိန်မှသာ ယင်းအချိန်က တောင်အာဖရိကနိုင်ငံသမ္မတ F.W. de Klerk ကပြန်လည် လွတ်ပေးခဲ့ပါတယ်။

နောက်ထပ်(၄)နှစ်အကြာ (၁၉၉၄)ခုနှစ်၊မေလ (၁၀)ရက်နေ့မှာတော့ ရွေးကောက်ပွဲကနေ နယ်ဆင်မင်ဒဲလားဟာတောင်အာဖရိ ကနိုင်ငံရဲ့ ပထမဆုံးသော လူမည်းသမ္မတဖြစ်လာခဲ့ပါတယ်။ သူလက်ထက်ရောက် ချိန်မှာတော့ နိုင်ငံရဲ့လူမျိုးရေးခွဲခြားမှုတွေကိုထိထိရောက်ရောက်တိုက်ဖျက်ခဲ့ပြီး တစ်ဖက်မှာလည်းတောင်အာဖရိကနိုင်ငံကိုစီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု များစွာပြုလုပ်ပြီး အာဖရိကတိုက်ရဲ့ထိပ်တန်းနိုင်ငံအဖြစ်ရောက်ရှိအောင် ဦးဆောင် ပေးနိုင်ခဲ့ပါတယ်။

လက်ရှိတောင်အာဖရိကနိုင်ငံဟာဆိုရင် စီးပွားရေးလုပ်ငန်းကွန် ယက်များစွာတည်ရှိနေပြီး အာဖရိကတိုက်မှာတော့ နိုင်ဂျီးရီးယားနိုင်ငံပြီးရင်တော့ ဒုတိယမြောက်စီးပွားရေးအင်အားအတောင့်တင်းဆုံးနိုင်ငံအဖြစ်ရှိနေပါတယ်။ ပတ်ဝန်းကျင်က အခြားနိုင်ငံတွေဟာလည်း သူတို့ရဲ့စီးပွားရေးကို တောင်အာဖရိကပေါ်မှာပဲ အဓိက မှီခိုနေရပါတယ်။ နိုင်ငံရဲ့ အဓိက စီးပွားရေး လုပ်ငန်းတွေကတော့ ရွှေ ၊ ခရိုမီ သတ္တုတူးဖော်ရေး ၊ မော်တော်ကားထုတ်လုပ်ရေး ၊ နည်းပညာ နှင့် စက်မှုထုတ်ကုန်များ ၊ သံ နှင့် သံမဏိ ၊ ဓာတ်မြေသြဇာ ၊ စားသောက်ကုန် ၊ သင်္ဘောပြုပြင်ရေး စတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်စာရင်းအရ တောင်အာဖရိက နိုင်ငံသားတယောက်ရဲ့ ပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၄၇၃၆ ဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ ၉၄ ခု မြောက် အချမ်းသာဆုံးနိုင်ငံဖြစ်ပါတယ်။ ငွေကြေးစနစ်အနေနဲ့ကတော့ တောင်အာဖရိကရန်(ZAR) ကို သုံးစွဲပြီး အမေရိကန် ၁ဒေါ်လာဟာ ၁၅.၉ ZAR နဲ့ တန်ဖိုးညီပါတယ်။

လူဦးရေ သန်း ၆၀ နီးပါးရှိတဲ့အနက် အာဖရိကလူမည်းက ၈၀.၇% ၊ လူဖြူက ၇.၉% ၊ Coloured က ၈.၈% နဲ့ အာရှသား ၂.၆% တို့ နေထိုင်ကြပါတယ်။ ယုံကြည်ကိုးကွယ်မှု အနေနဲ့ကတော့ လူဦးရေစုစုပေါင်းရဲ့ ၇၈% ဟာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ပြီး ဘာသာမဲ့ ၁၁% ရှိကာ အစ္စလာမ် ၊ ဟိန္ဒူ စတဲ့ ဘာသာကိုးကွယ်သူ အနည်းငယ်ရှိပါတယ်။ ထင်ရှားတဲ့ အာဖရိကနိုင်ငံသားတွေကတော့ နယ်လ်ဆင်မင်ဒဲလား ၊ ဘုန်းတော်ကြီးဒက်စမွန် တူးတူး ၊ ပထမဆုံး လူသားချင်း နှလုံးအစားထိုးမှုကို ပြုလုပ်နိုင်ခဲ့တဲ့ ဆရာဝန် Christiaan Barnard ၊ ဇူလူးမျိုးနွယ်စုခေါင်းဆောင် Shaka Zulu ၊ ဟောလိဝုဒ်မင်းသမီး Charlize Theron ၊ Teslaလျှပ်စစ်ကားကုမ္ပဏီ Space X စတာတွေနဲ့ လူသိများတဲ့ နည်းပညာလုပ်ငန်းရှင်ကြီး Elon Musk စသူတို့ဖြစ်ပါတယ်။

တောင်အာဖရိကဟာ အမြဲတမ်းအင်အား ၇၄၀၀၀ ၊ အရံအင်အား ၁၅၀၀၀ ခန့်ရှိတဲ့ စစ်တပ်ကို ပိုင်ဆိုင်ထားပါတယ်။ လေတပ်အနေနဲ့ ဖိုက်တာလေယာဉ် ၁၇စီးအပါအဝင် လေယာဉ်စုစုပေါင်း ၂၂၆စီးကို ပိုင်ဆိုင်ထားပါတယ်။ ကြည်းတပ်အနေနဲ့ကတော့ တင့်ကား ၁၉၅စီး အပါအဝင် အခြားသံချပ်ကာယာဉ်စုစုပေါင်း ၂၀၀၀ကျော်ကို ပိုင်ဆိုင်ထားပါတယ်။ ရေတပ်အနေနဲ့ကတော့ ရေငုပ်သင်္ဘော ၃စီး ၊ ဖရီးဂိတ် ၄စီး အပါအဝင် စစ်ရေယာဉ်စုစုပေါင်း ၄၀စီး ခန့်ကို ပိုင်ဆိုင်ထားပါတယ်။ ကာကွယ်ရေးဘတ်ဂျက်အနေနဲ့ အမေရိကန်ဒေါ်လာ ၄.၃ဘီလျံနီးပါး သုံးစွဲထားတဲ့ တောင်အာဖရိကစစ်တပ်ဟာ ကမ္ဘာပေါ်မှာတော့ အဆင့် ၂၉ အင်အားအကောင်းဆုံးစစ်တပ်အဖြစ် သတ်မှတ်ခံထားရပါတယ်။

တောင်အာဖရိကဟာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာပေါင်း ၁၀ ခုကို ပိုင်ဆိုင်ထားပါတယ်။ ဒါတွေကတော့ ၁၁ ရာစု နဲ့ ၁၄ ရာစုအကြားတည်ရှိခဲ့တဲ့ Mapungubwe ဘုရင့်နိုင်ငံ ယဉ်ကျေးမှုဆိုဒ် ၊ အစောဆုံးလူသားမျိုးနွယ်တွေ ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းများစွာကို တူးဖော်ရရှိရာ Cradle of Humankind ၊ Richtersveld သဲကန္တာရနယ်မြေ ၊ ရော်ဘင်ကျွန်း ၊ အနောက်ပိုင်း ကိပ်ပြည်နယ်ထဲက သစ်ပင်ပန်းမန်တို့ပေါများစွာပွင့်ရာဆိုဒ် ၈ ခု ၊ iSimangaliso ဥယျာဉ်နယ်မြေ ၊ အချင်း ၁၉၀ မိုင်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး နဲ့ ရှေးအကျဆုံး ဥက္ကာခဲကျင်းကြီး Vredefort ၊ uKhahlamba ဥယျာဉ်နယ်မြေ ၊ Khomani ယဉ်ကျေးမှုနယ်မြေ နဲ့ Makhonjwa တောင်ကုန်းတို့ပဲ ဖြစ်ပါတယ်။

တချိန်က လူမျိုးရေး နဲ့ အသားအရောင်ခွဲခြားမှုကြောင့် နိုင်ငံဘောလုံးအသင်းတွေကွဲခဲ့ရာကနေ ၁၉၉၁ ခုနှစ်မှာတော့ တောင်အာဖရိကဘောလုံးအသင်းအဖြစ် တစုတစည်းတည်း တည်ထောင်နိုင်ခဲ့ပါတယ်။ တောင်အာဖရိကဟာ ကမ္ဘာ့ဖလားပွဲမှာ ၃ကြိမ်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ်ပွဲကိုတော့ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့ပါတယ်။ ၃ကြိမ်စလုံးမှာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ အာဖရိကဖလားပွဲမှာတော့ ၁၀ကြိမ်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

တောင်အာဖရိက အလံမှာ အနီ ၊ အနက် ၊ အပြာ ၊ အဖြူ ၊ ရွှေ ၊ အစိမ်း အရောင် ၆ ရောင် ပါဝင်ပါတယ်။ အနီ ၊ အနက် နဲ့ အပြာပေါ်မှာ Y ပုံစံကို ဘေးတိုက်ဆွဲထားပါတယ်။ Y ကတော့ အာဖရိက နဲ့ ဥရောပ ပေါင်းစပ်ခြင်းရဲ့ အဓိပ္ပါယ်ပါ။ အနီရောင်က စစ်ပွဲတွေ အထိကရုဏ်းတွေကြားမှာ ကျခဲ့ရတဲ့သွေးတွေ နဲ့ ရဲရင့်ခြင်း ၊ အနက်က အာဖရိကလူမျိုး ၊ အပြာရောင်က တောင်အာဖရိကသားတို့အတွက် အဆုံးမရှိတဲ့အခွင့်အလမ်းများ ၊ အဖြူရောင်က ငြိမ်းချမ်းခြင်း ၊ ရွှေရောင်က တွင်းထွက်သတ္တုတွေပေါကြွယ်ဝခြင်း နဲ့ အစိမ်းက မြေသြဇာဖြစ်ထွန်းတဲ့ စိုက်ပျိုးမြေ လို့ အဓိပ္ပါယ်ရကြပါတယ်။

Tags: countries

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ကမ္ဘာကျော် နေရာ ၆ ခု ကို အပေါ်တည့်တည့်က ကြည့်တဲ့အခါ

ကမ္ဘာကျော် နေရာ ၆ ခု ကို အပေါ်တည့်တည့်က ကြည့်တဲ့အခါ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!