ပင်လယ်ကူး သင်္ဘောဟာ ပင်လယ်ထဲမှာ ရှိရမှာဖြစ်ပေမယ့် ထူးထူးခြားခြား ပင်လယ်ကူးသင်္ဘောကြီးတစ်စီးကတော့ တောင်ကိုရီးယားနိုင်ငံ Jeongdongjin မြို့က တောင်ကုန်းတစ်ခုပေါ်မှာ ရှိနေပါတယ်။ ဒီသင်္ဘောကြီးကို ကမ္ဘာ့ပထမဆုံး ကုန်းပေါ်မှာရှိတဲ့ သင်္ဘောအဖြစ် လူသိများပါတယ်။
တကယ့်သင်္ဘောမဟုတ်ပဲ သင်္ဘောနဲ့ လုံးဝတူတောင် တည်ဆောက်ထားတဲ့ အပန်းဖြေဟိုတယ်ပဲဖြစ်ပါတယ်။ သင်္ဘောပုံစံဟိုတယ်တွေထဲမှာတော့ အစောဆုံးဖြစ်ပြီး ၂၀၀၂ခုနှစ်တည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အမည်ကတော့ Sun Cruise Resort & Yacht ဖြစ်ပါတယ်။
ဒီသင်္ဘောဟိုတယ်ဟာ အမြင့် ၁၆၅မီတာ ၊ အနံ ၄၅မီတာ နဲ့ အလေးချိန် တန် ၃၀၀၀၀ ခန့် ရှိပါတယ်။ အခန်းပေါင်း ၂၁၁ခန်းရှိပြီး ဒီအခန်းထဲမှာ ဟိုတယ်စတိုင်ရော ၊ ကွန်ဒိုမီနီယံ စတိုင် အခန်းတွေပါဝင်ပါတယ်။
အနောက်တိုင်းနဲ့ ကိုရီးယားစားသောက်ဆိုင် ၊ ကောင်းကင်ဧည့်ခန်း ၊ နိုက်ကလပ် ၊ ကာရာအိုကေခန်းမ ၊ ဘောလီဘောကွင်း ၊ ပိုက်ကွန်များကာရံထားတဲ့ ဂေါက်ကွင်း ၊ ရေကူးကန် စတာတွေအပြင် အစည်းအဝေးခန်း နဲ့ အနုပညာခန်းမများကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။ ဒီသင်္ဘောဟိုတယ်ပေါ်ကို ရောက်ရှိသူတိုင်းဟာ တကယ့်ပင်လယ်ထဲမှာ သင်္ဘောစီးရတဲ့အတိုင်း ခံစားရမှာပါ။ လေအေးပေးစနစ် နဲ့ လှိုင်းပုတ်သံစပီကာတွေကို တပ်ဆင်ထားလို့ဖြစ်ပါတယ်။
ပန်းခြံအတွင်း၌လက်ချောင်းကြီးနှစ်ခုကိုအခြားပန်းပုရုပ်များနှင့်အတူထုလုပ်ပြသထားရာကတိ သစ္စာ လက် ချောင်းများလို့နာမည်ကြီးပါတယ်။ ဒါ့အပြင် သင်္ဘောကြီးကနေ ဖန်သားကြမ်းခင်းတစ်ခုကို ပင်လယ်ပြင်ဘက်သို့ဆန့်ထုတ်ပေးထားတာကြောင့် ဒီနေရာကနေ ပင်လယ်ပြင်ရဲ့အလှကို လွတ်လွတ်လပ်လပ်ခံစားနိုင်ပါတယ်။
ဟိုတယ်ဆောက်ထားတဲ့ တောင်ကုန်းဟာ ပင်လယ်ကမ်းခြေနဲ့ ကပ်ရက်မှာရှိနေတာကြောင့် ပင်လယ်ပြင်ကြီးတစ်ခုလုံးရဲ့မြင်ကွင်းကို ဒီနေရာက တွေ့မြင်နိုင်ပါတယ်။ ဂျပန်ပင်လယ်လို့ခေါ်တဲ့ ဒီပင်လယ်ရဲ့ နေထွက် နေဝင်ချိန်များကို ဒီသင်္ဘောဟိုတယ်ပေါ်က ကြည့်ရှု့လေ့ရှိကြပါတယ်။ မြင်နေကျပုံစံမဟုတ်ပဲ ဒီဇိုင်းဆန်းနဲ့ တည်ဆောက်ထားတာကြောင့် ဒီနေရာဟာ ကမ္ဘာလှည့်ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး တောင်ကိုရီးယားနိုင်ငံရဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။
ဒီသင်္ဘောဟိုတယ်ရဲ့ တစ်ညတာ တည်းခိုစရိတ်အဖြစ် ဒေါ်လာ ၆၀ ဝန်းကျင်ကစလို့ ဈေးနှုန်းအမျိုးမျိုး ကျသင့်မှာပဲဖြစ်ပါတယ်။
VIDEO
Discussion about this post