ရေးသားသူ – နန္ဒ (7Day Daily)
(ဓာတ်ပုံ − စိုင်းဇော်)
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နာမည်ကျော် ဂုတ်ထိပ်တံတားနှင့် ကျောက်မဲမြို့ကြား၌ အထီးကျန်စံအိမ်ကြီးတစ်လုံးရှိနေသည်။
ကျောက်မဲမြို့အပိုင် စခန်းသာကျေးရွာအနီး လားရှိုးမန္တလေးလမ်းမကြီးပေါ်မှ လှမ်းကြည့်လျှင် တောင်ကုန်းတစ်ခုပေါ်၌ ရဲတိုက်အသွင် မှုန်ပျပျအဆောက်အအုံတစ်လုံးကို လှမ်းမြင်နိုင်သည်။ သို့သော် လမ်းမကြီးပေါ်မှ အလွယ်တကူမြင်ရသော အဆိုပါစံအိမ်မှာ လမ်းပြမပါဘဲ သွားပါက သေချာပေါက်လမ်းပျောက်မည့် နေရာတစ်ခုလည်း ဖြစ်သည်။ စင်စစ် အဆိုပါအဆောက်အအုံမှာ လွန်ခဲ့သော နှစ် (၁၀၀)ကျော်က သီပေါစော်ဘွားကြီး ဆာစောချယ် တည်ဆောက်ခဲ့သော နွေရာသီစံနန်းတစ်ခု ဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စော်ဘွားဟော်နန်းဟု ဆိုလိုက်လျှင် သီပေါဟော်ကိုသာပြေးမြင်ကြသည်။ ကျောက်မဲစခန်းသာရှိ နွေရာသီဟော်နန်းမှာ အမေ့ခံသက်သက်သာဖြစ်ခဲ့သည်။ ဦးနေဝင်း အာဏာသိမ်းသည့် စပ်ကူးမပ်ကူးကာလက သီပေါစော်ဘွား စဝ်ကြာဆိုင် ပျောက်ဆုံးသွားခဲ့ပြီးနောက် စစ်အစိုးရအဆက်ဆက်က စော်ဘွားများ၏ အခန်းကဏ္ဍကို မှေးမှိန်စေခဲ့ကြရာ စော်ဘွားတို့၏ ဟော်များလည်း တန်ဖိုးမှန်အသိအမှတ်ပြုမခံရတော့ပေ။
စခန်းသာဟော်က အထင်ရှားဆုံးသက်သေဖြစ်သည်။ ဥရောပဟန်နှင့် မြန်မာဟန်ယှက်နွှယ်နေသော တစ်ခေတ်တစ်ခါက သီပေါနွေကို ရှောင်ရှားစံမြန်းရာစော်ဘွားတို့၏ ဟော်နန်းသည် မူးယစ်ဆေးဖြတ်သည့် စခန်းတစ်ခုအဖြစ် အသုံးပြုခြင်းခံခဲ့ရဖူးပြီ။ ထိန်းသိမ်း စောင့်ရှောက်သူ ကင်းမဲ့ခဲ့သဖြင့် တောမီးကျွမ်းလောင်ခြင်းကိုလည်း ခံခဲ့ရသည်။ အစိုးရကပစ်ထားပြီးသည့်နောက်တွင် ဟော်နန်း၏ရှေးဟောင်းအုတ်များကို လာခွာယူကြသဖြင့် တစ်ချိန်က ပင်မဆောင်နှင့် ဘေးအဆောင်နှစ်ခုဖြင့် ခမ်းနားခဲ့သည့် ဟော်သည်နံရံနှစ်ချပ်နှင့် တိုင်လုံးအချို့သာ ကျန်ရစ်တော့သည်။
‘‘ဒီတစ်ခေါက်လာခွာရင် ကျွန်တော်ဖမ်းမယ်လို့ ပြောပြီးကတည်းက ဘယ်သူမှ လာမခွာတော့ဘူး။ ရွာထဲက နှစ်ယောက်တောင် ဖမ်းမယ်ဆိုလို့ ထွက်ပြေးနေတယ်’’ ဟု ဟော်တည်ရှိရာ တောင်ခြေမှ မြင်းကွင်းကျေးရွာသူကြီး ဦးအောင်သိန်းက ပြောသည်။
သို့သော် ထိန်းသိမ်းစောင့်ရှောက်သူကင်းမဲ့ခဲ့သည့် နွေရာသီစံနန်းသည် တောနက်တစ်ခုရှိ တောင်ကုန်းပေါ်မှ အဆောက်အအုံပျက်တစ်ခုအဖြစ်သာ ကျန်ရစ်တော့သည်။ နောက်ဆုံး သီပေါစော်ဘွားစဝ်ကြာဆိုင်၏ မဟာဒေဝီဖြစ်သူ သြစတြီးယားသူ စဝ်သုစန္ဒီရေးသားသော Twilight Over Burma စာအုပ်တွင် စခန်းသာဟော်အကြောင်းကို အခန်းတစ်ခန်း သီးသန့်ရေးကာ ဖော်ပြထားသည်။
သုစန္ဒီက စခန်းသာဟော်ကို အလွန်သဘောကျခဲ့ပြီး သားသမီးများကိုပင် ယင်းနေရာ၌ ကြီးပြင်းစေရန် ဆန္ဒရှိခဲ့သည်။ ဥရောပသူ သုစန္ဒီတစ်ဖြစ်လဲ Inge က စခန်းသာ၏ အလှကို ဥရောပရှိ ALPS နှင့် Rocky တောင်တန်းတို့၏ အလှနှင့်ဘာမျှမဆိုင်ကြောင်း ချီးကျူး ပြောဆိုခဲ့သည်။ ရှမ်းစော်ဘွားတစ်ဦးနှင့် ဥရောပသူတစ်ဦး၏ လွမ်းမောဖွယ်ဇာတ်လမ်းတွင် စခန်းသာစံနန်းသည်လည်း အစိတ်အပိုင်းတစ်ရပ် အဖြစ်ပါဝင်ခဲ့သည်။ သူတို့နှစ်ဦးသည် အေးချမ်းသာယာလှပသောစခန်းသာစံနန်းကို လွန်စွာသဘောကျခဲ့ကြသည်။
စံနန်း၏ ထမင်းဝိုင်းတွင် ဇွန်းခက်ရင်းနှင့် မစားလိုဘဲ လက်ဖြင့်စားလိုကြောင်း ဥရောပသူတစ်ဦး၏ တောင်းဆိုချက်ကို စော်ဘွားက ပထမဆုံးအကြိမ် လိုက်လျောပေးခဲ့သည့်နေရာလည်း ဖြစ်သည်။ သီပေါစော်ဘွားစဝ်ကြာဆိုင်က ဦးရီးတော်ဆာစောချယ်သည် တော်ကောက်ထားသော ကြင်ရာတော် ၄၀ နှင့် သားသမီးများအတွက် နေရာလိုအပ်သဖြင့် စခန်းသာဟော်ကို တည်ဆောက်ခဲ့သည်ဟု အရွှန်းဖောက်ခဲ့ပြီး စဝ်သုစန္ဒီကလည်း ဦးရီးတော်ခြေရာမနင်းသဖြင့် ဝမ်းသာသည်ဟု စော်ဘွားကို တုံ့ပြန်စကားဆိုခဲ့သည်ဟု စဝ်သုစန္ဒီ၏ စာအုပ်ထဲတွင် ရေးသားထားသည်။
စော်ဘွားတို့ သီပေါဟော်မှ ကျောက်မဲစခန်းသာသို့ရွှေ့လျှင် ထိုခေတ်အခါက ဓားပြရန်ကြောင့် ကားခြောက်စီးခန့်ဖြင့် ခြံရံသွားလာခဲ့သောလမ်းသည် ယခုအခါ မြန်မာ့ထွက်ကုန်များ တရုတ်သို့တင်ပို့ရာ နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးဖြစ်လို့နေလေပြီ။ စခန်းသာရွာမှ ဟော်ရှိရာတောင်ကုန်းသို့တက်ရန် စော်ဘွားတို့အသုံးပြုခဲ့သည့် ထင်းရှူးပင်များ၊ ချယ်ရီပင်များရှိရာ ကားလမ်းသည် ယခုအခါတောထနေပြီဖြစ်သည်။ စခန်းသာဟော်သို့သွားလျှင် မန္တလေး၊ လားရှိုးလမ်းမကြီးဘေးရှိ မြင်းကွင်းရွာ၊ တောရကျောင်းဘေးမှသာ ဖြတ် သန်းသွားလာကြတော့သည်။
လမ်းမကြီးဘေးမှ ဆိုင်ကယ်ဖြင့် ၁၀ မိနစ်ခရီးသာသွားရသော နွေရာသီစံနန်းသည် နှစ်ပေါင်းများစွာ လူသူအရောက်အပေါက်နည်းခဲ့သည်။ ပြီးခဲ့သည့် စစ်အစိုးရတစ်လျှောက် စော်ဘွားများအကြောင်းကို တိုးတိုးတိတ်တိတ်သာ ပြောဆိုခဲ့ကြရကြောင်း ဒေသခံများက ပြောကြသည်။
‘‘အစိုးရကလည်း သိမ်းထားတယ်။ နောက်ပြီး မူးယစ်ဆေးဖြတ်တဲ့စခန်းအဖြစ်လည်း သုံးခဲ့တော့ အရောက်အပေါက်မရှိခဲ့ဘူး။ ဒီဘက်ခေတ်ပြန်ပြီး ပွင့်လင်းလာတော့မှ ရေးကြသားကြပြောကြဆိုကြနဲ့ ဒီဟော်ကပြန်ပေါ်လာရတာပါ’’ဟု ကျောက်မဲမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဒုဥက္ကဋ္ဌ ဦးစိုင်းလိုင်းဟန်က ပြောသည်။
လွန်ခဲ့သည့်နှစ်က ကျောက်မဲမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း လူငယ်များဦးဆောင်ကာ နွေရာသီစံနန်းကို သန့်ရှင်းရေးသွားလုပ်ခဲ့ကြသည်။ ဟိုင်းဝေးလမ်းမကြီးဘေးမှ မြင်းကွင်းရွာသို့ ချိုးဝင်လိုက်သည်နှင့် ဟော်နန်းသို့သွားရာလမ်းသည် စမ်းချောင်းငယ်နှင့် အဝါရောင်ပန်းနှမ်းခင်းကြီးဘေးမှ ဖြတ်သန်းသွားရသဖြင့် သာယာလှသည်။ တောင်တက်လမ်းတစ်လျှောက် လူတစ်ရပ်ခန့်မြင့်မားသော ပြောင်းခင်းများနှင့် တောရိုင်းပန်းများကြောင့် မွန်းတည့်ချိန်မှာပင် အေးစိမ့်နေသည်။
တောင်ထိပ်သို့အရောက် ပြန့်ပြူးကျယ်ဝန်းသော မြေနေရာတွင် တစ်ချိန်က စော်ဘွားတို့ရယ်သံများ ဖုံးလွှမ်းခဲ့သည့် နွေရာသီစံနန်းသည် တိတ်ဆိတ်စွာ ဆီးကြိုလို့နေသည်။ အမိုးပင်မရှိတော့သော်လည်း စံနန်းသည် တစ်ချိန်က အခမ်းနားကြီးခမ်းနားခဲ့မည်ဖြစ်ကြောင်း မျက်နှာစာနှင့် တိုင်လုံးများက သက်သေပြနေသည်။ စံနန်းမျက်နှာစာရှိ နေဝန်းထဲမှက ဒေါင်းမှာ ဒေါင်းတောင်ကိုသာ တွေ့ရပြီး ဒေါင်းရုပ်ကို မမြင်ရတော့ချေ။ တံခါးများ၊ ပြတင်းပေါက်များ၊ နံရံများ၊ ကြမ်းခင်းများ၊ အမိုးများမရှိတော့ဘဲ မြက်ရိုင်းပင်များကသာ နေရာယူထားသည်။ ကျန်ရှိနေသည့် နံရံအချို့တွင် ရှမ်းဘာသာဖြင့်တစ်မျိုး၊ မြန်မာဘာသာဖြင့် တစ်ဖုံ မီးသွေးခဲဖြင့် ရေးခြစ်ထားခြင်းကို မြင်တွေ့ရ၍ လူငယ်များလာရောက်ခဲ့ကြကြောင်း ညွှန်းဆိုနေသည်။
‘‘အခုနောက်ပိုင်းတော့ ကျောက်မဲရောက်လာတဲ့ ကမ္ဘာလှည့်တွေက စခန်းသာဟော်ကို သွားလေ့လာကြတယ်’’ ဟု ကျောက်မဲမြို့ခံ ကိုစိုင်းလွမ့်ခေးက ပြောကြားသည်။ ဂုတ်ထိပ်တံတားနှင့် သီပေါဟော်သို့သာသွားလေ့ရှိသည့် နိုင်ငံခြားခရီးသွားများအတွက် ကျောက်မဲမြို့ရှိ နွေရာသီစံနန်းသည် လေ့လာစရာနေရာတစ်ခု ဖြစ်လာသည်။ စံနန်းဆောက်လုပ်ခဲ့သူ သီပေါစော်ဘွားကြီးစောချယ်သည် ဆာဘွဲ့ချီးမြှင့်ခံခဲ့ရသူဖြစ်ပြီး ဥရောပသို့ ရောက်ရှိဖူးသူဖြစ်သည်။
တစ်ချိန်က စော်ဘွားတို့ စံနန်းလသာဆောင်မှ ကြည့်ရှုခဲ့ကြသည့် ရှုခင်းသာကို စံနန်းသို့လာရောက်သူများက ကျိုးပဲ့နေသည့် နံရံများပေါ်မှ တွယ်တက်ကာ ကြည့်ရှုလေ့ရှိကြသည်။ တောင်ကုန်းပေါ်မှ အလေ့ကျပေါက်နေသည့်အပင်များကို လွန်မြောက်ပြီး ပြန့်ပြူးသောလွင်ပြင်စိုက်ခင်းများ၏ ဟိုဘက်၌ မှိုင်းညို့ညို့တောင်တန်းများ နောက်ခံထားသော မြွေလိမ်မြွေကောက်လမ်းမကြီးကို မြင်ရလိမ့်မည်ဖြစ်သည်။
စဝ်သုစန္ဒီက အဆိုပါ မြင်ကွင်းကို အသက်ရှူမှားလောက်သည့်မြင်ကွင်းဟု တင်စားခဲ့သည်။ လသာဆောင်မှ မြင်ရသောလွင်ပြင်မှာ တစ်ချိန်က မြင်းပြိုင်ကွင်းဖြစ်ခဲ့ဖူးပြီး ယင်းလွင်ပြင်အနီးမှ ရွာသည် မြင်းကွင်းရွာဟုအမည်ရသည်။
စံနန်းဆောက်လုပ်စဉ်ကရှိခဲ့သည့် မြက်ခင်းပြင်များ၊ နှင်းဆီခြံများ၊ စတော်ဘယ်ရီစိုက်ကွက်များနေရာတွင် တောရိုင်းပန်းများနှင့် ချုံများက နေရာယူလို့နေသည်။ စံနန်း၏ အနောက်ဘက်ပေါက်မှ လှမ်းကြည့်ပါက ပဲခင်းတစ်ခင်းကိုတွေ့မြင်ရသည်။ ပင်မဆောင်သို့ ကျောက်လှေကားအတိုင်း တက်လာပါက နံရံတစ်ဖက်တစ်ချက်တွင် ကျန်နေသေးသော မီးလင်းဖိုများနှင့် မီးခိုးခေါင်းတိုင်များကို တွေ့ရမည်ဖြစ်သည်။ ပင်မဆောင်၏ ဘယ်ညာတစ်ဖက်တစ်ချက်တွင် အဆောင်များရှိနေသေးသည်။ အမိုးနှင့်ကြမ်းခင်းများ မရှိတော့စေကာမူ နှစ်ပါင်းရာကျော်ပြီဖြစ်သည့် ဟော်သည် အပျက်အစီးများကြားထဲကပင် အတိတ်ကခမ်းနားမှုကို လှစ်ဟပြနေသည်။
သို့သော် စံနန်း၏ ဘေးပတ်လည်မှာမူ တောထနေသည့် ချုံ နွယ်ပိတ်ပေါင်းများက ဝန်းရံနေသည်။ နွေရာသီစံနန်းမှာ ကျောက်မဲအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလက်အောက်မှာပင် ရှိနေသေးပြီး လွှဲအပ်လာပါက အစီအစဉ်များ စနစ်တကျချမှတ်ကာ ထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ကျောက်မဲမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဒုဥက္ကဋ္ဌ ဦးစိုင်းလိုင်းဟန်က ပြောသည်။
ကျောက်မဲမြို့ရှိ နွေရာသီဟော်၏ အခမ်းနားဆုံးအချိန်များ ကုန်ဆုံးခဲ့သည်မှာ လွတ်လပ်ရေးမရခင်ကတည်းက ဖြစ်သည်။ ဟော်သည် ဂျပန်ခေတ်တွင် မီးလောင်ကျွမ်းခံခဲ့ရသည်။ ဂျပန်အထွက်တွင် ဗြိတိသျှပြန်ဝင်လာပြန်သည်။ လွတ်လပ်ရေးရပြီးနောက် ကွန်မြူနစ်အန္တရာယ်ကြောင့် စော်ဘွားများဟော်ကို လှည့်မကြည့်အားပေ။ ၁၉၅၉ ဧပြီ ၂ ရက်တွင် တောင်ကြီးမြို့၌ စော်ဘွားများ အာဏာစွန့်ရပြီး ရှမ်းပြည်နယ်ကို ပြည်ထောင်စုအစိုးရ ရွေးချယ်ခံပုဂ္ဂိုလ်များဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၉၆၂ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဟော်၏အဆင့်အတန်းသည် မူးယစ်ဆေးဝါးဖြတ်သည့်နေရာတစ်ခုအထိလျော့ကျခဲ့သည်။ နောက်ပိုင်းတွင် တစ်စစီဖဲ့ယူခံရသည်အထိ ဖြစ်ခဲ့ကာ နှစ်ပေါင်းများစွာ စောင့်ရှောက်သူကင်းမဲ့ခဲ့သည်။
သို့သော် သမိုင်းသည် တစ်ကျော့ပြန် မျက်နှာသာပေးလာပြီ ဖြစ်သည်။ စစ်အုပ်ချုပ်ရေးကာလများမှ ဒီမိုကရေစီကာလသို့ ရွေ့လျားလာပြီဖြစ်သည်။ တစ်ချိန်က တိုးတိတ်နေခဲ့သည့် ဖက်ဒရယ်ဟူသောစကားလုံးသည် ပြန်လည်ကျယ်လောင်လာပြီဖြစ်သည်။ ထို့အတူ ရှမ်းတိုင်းရင်းသားတို့၏ အတိတ်သမိုင်းဖြစ်သည့် စော်ဘွားများ၊ တိမ်မြုပ်ပျောက်ကွယ်လျစ်လျူရှုခံထားရသော ၎င်းတို့၏ဟော်များသည်လည်း ထိန်းသိမ်းစောင့်ရှောက်သူများဖြင့် တန်ဖိုးအမှန်ကို ပြန်လည်သတ်မှတ်ခံရတော့မည့်အချိန်သို့ ရောက်ရှိလာတော့မည်လားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်ပေသည်။
Via : 7Day Daily
Discussion about this post