မူရင်းရေးသားသူ – ရှေးအခါကအကြောင်းတွေးမိသမျှ
ငွေတောင်ပြည်လို့ ဆိုလိုက်တာနဲ့ အရင်ဆုံးပြေးမြင်မိမှာ ကိုယ့်ရဲ့ချစ်သူ ငွေတောင်ပြည်ပြန်သွား ဇာတ်ထဲမှာတော့ မင်းသားလေးငို ဒီအခန်းဟာ အလွမ်းဆုံးပေါ့ ဆိုတဲ့ သီချင်းစာသားကိုပါ။ ကျုပ်တို့နိုင်ငံမှာ ငွေတောင်ပြည်က အလွမ်းဇာတ်ကို တော်တော်ရင်းနှီးထားကြပါတယ်။ ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုဒီအချစ်ဇာတ်လမ်းကို တေးရေးဆရာတွေ ကဗျာဆရာတွေ ပန်းချီဆရာတွေကလည်း အမျိုးမျိုးသရုပ်ဖော်ရေးဆွဲကြတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ကိန္နရီမလေးနဲ့ သုဓနုမင်းသားလေးတို့ ချစ်ခြင်းများက ရာဇဝင်မှာ စာတင်ရလောက်အောင် ကဗ္ဗည်းထိုးနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ ကျောရိုးက မဇ္ဇိုမဒေသ အိန္ဒိယကပဲ အခြေချ၍ စခဲ့လေသလား ယိုးဒယားပြည် အယုဒ္ဓယကပဲ စခဲ့လေသလား ရှမ်းပြည်နယ် ပင်းတယ ကရင်နဲ့ ကယားပြည်များကပဲ စခဲ့လေသလား စသော မေးခွန်းပေါင်းများစွာနှင့် အတွေးများစီးမြောဝင်ရောက်လာခဲ့မယ်ဆိုရင် တစ်ခေတ်တစ်ခါက ဒွေးမယ်နော်နှင့် သုဓနုမင်းသားတို့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်တည်ရာ ပုတ်တလုတ်ရေကန် ကိုသာ ပြေးမြင်မိပါတော့တယ်။
အိန္ဒိယပြည် မဇ္ဇိုမဒေသ ဥတ္တရာပဉ္စာလတိုင်းမှာ စိုးစံနေသော အာဒိစ္စဝံသမင်းကြီးတွင် သုဓနုဆိုသော သားတော်တစ်ပါးရှိခဲ့ပါသည်။ ၎င်းဒေသနှင့် အလွန်ဝေးကွာသော အရှေ့ဘက် ဟိမန္တာတောင်ခြေတွင် ပုတ်တလုတ်ရေကန်ကြီး တစ်ခုလည်း ကြီးမားခန့်ထည်စွာ တည်ရှိခဲ့ပါသည်။ ကရင်အမျိုးသားတို့၏ သမိုင်းမှတ်တမ်းများတွင် အယုဒ္ဓယဘုရင်၏ သားတော်ဟုလည်းဆိုထားပါသည်။ အယုဒ္ဓယမှာ ယိုးဒယား (ထိုင်းနိုင်ငံ) တွင်လည်း တည်ရှိပါသည်။ သုဓနုမင်းသား အရွယ်ရောက်လာသောအခါ မင်းသားတို့တတ်သင့်တတ်အပ်သော ပညာများကို သင်ကြားရန် တခြားတိုင်းပြည်သို့ထွက်ခွာခဲ့ရသည်။ သွားရမည့်လမ်းခရီးသည် ဟိမန္တာတောကိုဖြတ် ၍ ခက်ခဲကြမ်းတမ်းစွာ သွားလာရမည်ဖြစ်သည်။ သားရဲတိရစ္ဆာန်များပေါများပြီး တောင်စဉ်တောင်တန်းအသွယ်သွယ် သွယ်တန်းနေသလို ကျယ်ပြန့်နက်ရှှိုင်းပြီး အန္တရာယ်များဝိုင်းရံနေသည့် ရေအိုင်ကြီးများကလည်း ခုနှစ်အိုင်တည်ရှိနေသည်။ သာမာန်လူများ အရောက်အပေါက်နည်းသော ဒေသပင်ဖြစ်သည်။
ထိုဒေသတွင် အဝေးမှလှမ်းမျှော်ကြည့်လျှင် အလွန်အံ့သြဖွယ်ရာ ငွေရောင်ငွေဆင်း တောက်ပဝင်းလက်ပြီး ငွေသား ငွေခဲ ငွေကမ္ဗလာကြဲဖြန့်ထားသကဲ့သို့ ထင်ရသည့် ကေလာသဘတောင် ဟုခေါ်သော ငွေတောင် မှာ ထင်ရှားလှသည်။ ထိုငွေတောင်ပြည်ကို ဒုမမင်းကြီး စိုးစံပြီး မင်းကြီးတွင်သမီးတော် ခုနှစ်ပါးရှိသည်။ သမီးတော်များ အခြွေအရံများဖြင့် ရေချိုးဆင်းရာ ရေကစားရာကန်မှာ ပုတ်တလုတ်ရေကန်ကြီးပင် ဖြစ်သည်။ ငွေတောင်ပြည်သည် ကိန္နရီ ကိန္နရာ များ နေထိုင်ရာ ဌာနဖြစ်သကဲ့သို့ သမီးတော်ခုနှစ်ဖော်တို့သည်လည်း အလွန်ချောမောလှပသော ကိန္နရီမလေးများဖြစ်ကြသည်။ ဟိုးရှေးရှေးတုန်းကလို ဆိုရလျှင် ငွေတောင်ပြည်တွင် လူကိန္နရီ နတ်ကိန္နရီ ငှက်ကိန္နရီဆိုပြီး ကိန္နရီ သုံးမျိုးရှိကြောင်း ကြားဖူးသည်။
ကိန္နရီမင်းသမီးများမှာ လမ်းလျှောက်ပြေးလွှားဆော့ကစားကြသလို အန္တရာယ်နှင့်ကြုံလာလျှင် ကောင်းကင်ခရီးမှ ပျံတက်ပြီး သွားနိုင်သော အစွမ်းရှိသည့် ကိုယ်ခံအဆောင် ဘယက်တန်ဆာ များကို ဆင်ယင်ထားကြသည်။
အချိန်များကုန်ဆုံးလာသည်နှင့်အမျှ သုဓနုမင်းသားလည်း ပညာစုံလို့ ဇာတိမြေရွှေနန်းတော်ဆီသို့ ပြန်လည်ခရီးဆက်ရန် ဒီတောဒီတောင် ဒီဒေသကို ဖြတ်ခဲ့ရပြန်သည်။ တစ်နေရာအရောက်တွင် အကိုင်းအခက် အရွက်အလက်တို့ဖြင့်ပြည့်စုံနေသော အရိပ်ကောင်းလှသည့် သစ်ပင်ကြီးတစ်ပင်အောက်သို့ အနားယူရန် ဝင်ခိုလိုက်သည်။ ထိုစဉ် မြူးတူးပျော်ပါးနေသော လူသံများနှင့်အတူ ရေချိုးသံများက သုဓနုမင်းသား၏ နားသို့ မဖိတ်ခေါ်ဘဲ အတိုင်းသားဝင်ရောက်လာခဲ့သည်။ အသံများရှိရာနေရာသို့ စိတ်ဝင်တစားသွားရောက်ကြည့်ရှုရာ မည်သူအကြီး မည်သူအငယ် ဟုပင် ခွဲခြားမရနိုင်အောင် အလွန်လှပကျော့ရှင်းသည့် ကိန္နရီမလေးများကို မြင်တွေ့ခဲ့ရသည်။ မိန်းမလှတောမှာ မင်သက်မိန်းမောမှုနှင့်အတူ လိုချင်တပ်မက်မှုတဏှာတို့ ဒွန်တွဲပါလာခဲ့သည်။
နီးစပ်အောင်အကြံထုတ်ရင်း အနီးအနားစူးစမ်းရာမှ တောတွင်းမုဆိုးကြီးတစ်ဦးနှင့်တွေ့ပြီး နှလုံးသားအခက်အခဲ ဖြေရှင်းရန် အကူအညီရခဲ့သည်။ အရှင်မင်းသား ဒီကိန္နရီမင်းသမီးတို့ကို ဖမ်းဆီဖို့ရာ မလွယ်ကူပါ ချစ်ခြင်းစကားပြောကြားဖို့အရေး အနားပင်ကပ်ဖို့လည်း မလွယ်ကူပါ သို့သော် မင်းမျိုးမင်းနွယ် ပညာကြွယ်ဆိုသည့်အတိုင်း မင်းသားနှင့်လိုက်ဖက်သော ကိန္နရီမင်းသမီးတစ်ပါးကိုတော့ရအောင်ဖမ်းပေးပါမည် ဟု ဆိုပြီး နဂါးပတ်ကျော့ကွင်းဖြင့်ထောင်ဖမ်းရာ အကြီးဆုံးကိန္နရီမင်းသမီးခြောက်ဖော်မှာ အဆောင်ဘယက်ဒွာဒရာများ အားကိုးဖြင့် လွတ်မြောက်ခဲ့ပေမယ့် အငယ်ဆုံး ကိန္နရီမင်းသမီး နန့်နောင်းခါရီ ခေါ် ဒွေးမယ်နော် မင်းသမီးလေးမှာ ကျော့ကွင်းမိပြီး သုဓနုမင်းသားထံ ဆက်သခြင်းခံခဲ့ရသည်။ အစ်မတော်များမှာ မည်သို့မျှကယ်တင်ခွင့်မရခဲ့ဘဲ ညီမတော်အား နှမြောတသစွာထားရစ်ခဲ့ရပြီး ငွေတောင်ပြည်သို့ ပျံသွားရလေသည်။ ဒွေးမယ်နော်လေးမှာ အရွယ်ရောက်သည်အထိ လူများနှင့် နီးစပ်ခြင်းမှုမရှိခဲ့သဖြင့် ကြောက်ရွံ့ခဲ့ရသော်လည်း သုဓနုမင်းသား၏ စစ်မှန်သောချစ်ခြင်းတရား များ ရစ်ပတ်နှောင်ဖွဲ့မှုကြောင့် ကြောက်လန့်ခြင်းများပြေပျောက် ချစ်ခြင်းများစွာရောက်ရှိခံစားလာရပြီး မဥ္ဇိမဒေသသို့ ရွှေလက်တွဲချစ်ပွဲဝင်ရန် မင်းသား၏ ခေါ်ဆောင်မှုနောက် အသာတကြည် လိုက်ပါသွားခဲ့ရတော့သည်။
အချစ်နှင့်တွေ့လျှင် သေပွဲပင်ဝင်ရဲပါတယ် ဆိုသကဲ့သို့ ချစ်သူနောက်သို့လိုက်ပါသွားခဲ့သော ကိန္နရီမလေးဒွေးမယ်နော်မှာ ဘယ်လို ကြမ္မာဆိုးတွေနဲ့တွေ့ရဦးမည်ကို သူမသိရှာခဲ့ပါပေ။ နေပြည်တော်သို့အရောက် ပညာရှာရင်း ကြင်ယာပါ ပါလာသော သားတော်သုဓနုမင်းသားအတွက် အလွန်ပင်ဝမ်းသာပီတိဖြစ်ခဲ့ရပြီး သားကိုချစ်သလို ချွေးမတော်ဒွေးမယ်နော်လေးကိုလည်း ခမည်းတော်နှင့် မယ်တော်တို့မှာအချစ်ပိုခဲ့ရရှာသည်။ အင်္ဂါငါးတန် ကြံအင်လက္ခဏာများနှင့်ပြည့်ဝသော ဒွေးမယ်နော်မင်းသမီးလေးမှာ ခင်ပွန်းသည်၏ ကြင်နာယုယမှု ယောက္ခမတော်များ၏ ချစ်ခင်နှစ်သက်မှုများကြောင့် မိဝေးဖဝေး အစ်မတော်များနှင့်ဝေးသော အရပ်မှာပင် နေပျော်တတ်လာခဲ့သည်။ မောင်တော်သုဓနုမင်းသား အိမ်ရှေ့မင်းသားဖြစ်လာချိန်တွင် ပါရဖြည့်ဖက်အဖြစ် အိမ်ရှေ့မိဖုရားအရာပါထမ်းဆောင်ရင်း ဘဝသစ် ကံကြွေးအသစ်နှင့် သူ့ကိုယ်သူပင် ကိန္နရီဆိုသော အသွင်ကို မေ့လျော့နေခဲ့သည်။
ငွေတောင်ပြည် ဒုမမင်းကြီးနှင့် သမီးတော်များမှာတော့ သမီးတော် ညီမတော်အတွက် စိတ်မကောင်းဖြစ်ခဲ့ကြသလို ဇာတိမြေကိုပင် ပြန်မလာခဲ့သော သမီးတော်အတွက် အလွန်ပင် စိတ်အနာကြီးနာခဲ့ကြသည်။ လူယောကျာၤးတို့နှင့် ပတ်သက်ဆက်နွယ်မှုရှိပြီးသူဖြစ်၍လည်း မျိုးရိုးဂုဏ်မစောင့်ထိန်းသူအဖြစ်လည်း သတ်မှတ်၍ ဥပက္ခာပြု ဒီဘဝတော့ ငါ၏ သမီးအလျဉ်းမဟုတ်တော့ကြောင်း မောင်းခတ်ကြေညာပြုထားလေသည်။ ဒီအကြောင်းများကို ကိန္နရီမလေးဒွေးမယ်နော် သိများသိပါ့မလား။ တစ်ခါတလေ ငွေတောင်ပြည်ကို သတိရသော်လည်း သံယောဇဉ်ကြိုးတွေ ထပ်တိုးလို့ အခုဆိုလျှင် သုဓနုအိမ်ရှေ့စံကိုယ်တော်၏ ကိုယ်ဝန်ကိုလွယ်ထားရသည်မဟုတ်ပါလား။ ကိုယ်ဝန်လွယ်ထားချိန်တွင် နန်းတွင်းသူနန်းတွင်းသားအားလုံး ဒွေးမယ်နော်လေးကို အရင်ကထက်ပို၍ ဂရုစိုက်လာကြသည်။ မယ်တော်နှင့် ခမည်းတော်တို့ကလည်း အရင်ထက်ပိုဂရုစိုက်ပြီး မမြင်ရသေးသော မြေးတော်လေးအတွက် ဝမ်းသာပိတီဖြစ်နေသော အပြုံးရိပ်တွေက သူတို့မျက်နှာပေါ်ဖုံးထားမရ။ မောင်တော်၏ အကြင်နာများလည်း ပိုတိုး၍ခံစားခဲ့ရလေသည်။
ဒွေးမယ်နော်အပေါ် အမြင်မကြည်သူဆို၍ ပုရောဟိတ်ပုဏ္ဏားကြီး တစ်ဦးတည်းသာ ရှိခဲ့သည်ကို ဒွေးမယ်နော်မသိခဲ့ပါချေ။ သမီးတော်တစ်ဦးဦးနှင့် သုဓနုမင်းသားကို လက်ဆတ်ပေးရန် အကြံကြီးခဲ့သော ပုဏ္ဏားကြီးမှာ မစားရသည့် အမဲ သဲနဲ့ပက်ရန် အကြံအစည်များ ထုတ်လျက်ရှိသည်။ မကောင်းကြံစည်ရန် အကြံပေါ်လာသည့်တစ်နေ့ မင်းကြီးအားလျှောက်တင်စကားဆိုခဲ့သည်။ ထိုအချိန်တွင် နေပြည်တော် အစွန်းအဖျားဒေသတွင် ကျွမ်းသူပုန်များထကြွသောင်းကျန်းချိန်ဖြစ်၍ နေပြည်တော်သို့ကူးစက်မလာစေရန် လက်ရုံးရည်နှလုံးရည်နှင့် ပြည့်စုံပြီး မင်သားတို့တတ်အပ်သော ပညာများလည်းပြည့်စုံပြီးဖြစ်သော အိမ်ရှေ့စံကိုယ်တော်အား စေလွှတ်သင့်ပါကြောင်း ဥပါယ်တံမျဉ်သုံး လျှောက်တင်စကားဆိုခဲ့သည်။ မင်းကြီးအတွေး သားတော်အား မေးမြန်းမနေဘဲ စေလွှတ်ရန်အမိန့်ထုတ်တော့ မိဖုရားခင်မျာ သားတော်အတွက် တားဆီးနိုင်စွမ်းမရှိလှ၍ လက်လျော့ လိုက်ရသည်။ မီးဖွားလုဆဲဆဲ ချွေးမတော်ကို မြင်ယောင်မိတော့ ပူဆွေးသောကစီးချောင်းက ထိန်းမရအောင် စီးဆင်းခဲ့ရသည်။ မောင်တော်၏ ခရီး သာယာဖြောင့်ဖြူးစေရန်သာ ရှေ့ရှုထားသောဒွေးမယ်နော်လေးမှာ မိမိအတွက်မပူဆွေးနိုင်ဘဲ စစ်မြေပြင်စခန်းသွားရမည့် လင်တော်မောင်အတွက်သာ ပူဆွေးနေမိတော့သည်။
မိန်းမမီးနေ ယောကျာၤးဖောင်စီးဆိုသည့် အတိုင်း အသက်နှင့်ရင်းရမည့် ဒီခရီးနှစ်ခုကို နှစ်ဦးသားကြုံတွေ့ရတော့မည့်အရေး မည်သူ၏ စိုးရိမ်ပူပန်ကြောင့်ကြမှုများက ပိုသည်ဆိုတာမသိနိုင်ပါချေ။ ထိုအချင်းအရာများမှာ အချစ်ဆိုသောသံယောဇဉ်ကြောင့် မဟုတ်ပါလား။ ပူဆွေးသောကများနှင့် စိတ်မချနိုင်သော်လည်း တိုင်းပြည်အရေးမို့ ထားခဲ့ရဦးမည် ဟုသော အဓိပ္ပါယ်တစ်ချက်ပါသည့် သက်ပြင်းရှည်တစ်ချက်ကို ချရင်း မြင်းကိုကဆုန်မောင်း ဒုန်းစိုင်း အပြေးနှင်သွားလေတော့သည်။ နှုတ်ဖျားစကား လှစ်ဟမပြောခဲ့ပေမယ့် မောင်ကြီးနှလုံးသား ရင်တွင်းအထိ ခံစားကြည့်လို့ရနေပါတယ်။ တွေးရင်းတွေးရင်း အပြေးသော့သွားသော ခင်ပွန်းသည်ကျောပြင်ကို လှမ်းမျှော်ကြည့်ရင်းမျက်ရည်ဥတို့ တွဲခိုလှိမ့်ဆင်းနေရပြီ။
မျက်လုံးအစုံရှေ့ဝေဝါးပျောက်ကွယ်သွားသော ပုံရိပ်နှင့်အတူ အသံပလံများပါ တိတ်ဆတ်သွားပြီး တလောကလုံး အမှောင်ဖုံးသွားချေပြီ။ အသိတစ်ချက်ဝင်လာခိုက်တွင် အလင်းတန်းတို့ဝင်လာပြီး ဆေးယူသူယူ ရေတိုက်သူတိုက် ယက်ခတ်ပေးသူပေးနှင့် သူမဘေးနား လူများစုရုံ ပြုစုနေကြသည်။ နန်းတွင်းသမားတော်ကြီး၏ စကားကြားမှ အားလုံးသက်သာရာရသွားခဲ့သည်။ ဘာမှမဖြစ်ပါဘူး အားလုံးကောင်းသွားမှာလေ ကျွန်တော် မျိုး ပေးသောဆေးအဖုံများကို သာ မှန်မှန်တိုက်ပါလေ။ ဝမ်းထဲကလေးလည်း ပုံမှန်အတိုင်းပါပဲ။ ဒွေးမယ်နော်လေး ခင်မျာ ခုမှသိလိုက်ရသည်။ မောင်တော့်ကိုလိုက်ပို့ရင်း မြို့ရိုးတံခါးမှာ မူးလဲကျသွားတာပါလား။
သားတော်စစ်ဆင်ရေးထွက်ချိန်တွင် မင်းကြီး အာဒိစ္စဝံသမှာ တိုက်တိုက်ဆိုင်ဆိုင် အိမ်မက်ဆန်းတစ်ခုကို မြင်မက်တော်မူခဲ့သည်။ အိပ်မက်ထဲတွင် ဝမ်းဗိုက်ထဲမှအူတို့သည် အခွေအလိမ်လိုက် ပေါက်ထွက်ကုန်ကြလျက် အခြားနယ်ပယ်သစ်တစ်ခုတွင် ရစ်ပတ်ကုန်ကြသည် ဟု မြင်မက်ခဲ့သည်။ မင်းတို့ထုံးစံအတိုင်း ပုရောဟိတ်ပုဏ္ဏားကြီးအား အိပ်မက်နှင့်ပတ်သက်သော အချင်းအရာ အကြောင်းအကျိုး အကောင်းအဆိုးကို တွက်ချက်စေသည်။ အစကတည်းက မကောင်းစိတ်ရှိသူအဖို့ သူ့အကွက်ထဲဝင်လာပြီမို့ အပိုင်ရိတ်သိမ်းရန် ပြင်ဆင်ရင်း မဲ့ပြုံးတစ်ချက်ကို မသိမသာပြုံးလိုက်သည်။ ပြီးနောက် အရှင်မင်းကြီး လျှောက်တင်ရန်မဝံ့သော်လည်း မြင်မက်သည့် အိပ်မက်အလို အချိန်နှင့် နက္ခတ်ကို ဆက်စပ်ကာ တွက်ကြည့်တော့ တိုင်းပြည်နဲ့မင်းကြီးအတွက် အန္တရာယ်ဆိုးများကျရောက်လာနိုင်ဖွယ်ရာ ရှိသည့်အတွက် သားတော်လေးလည်းမရှိခိုက်မို့ သူလည်း စစ်အောင်နိုင်ရေး ယတြာအမြန်ဆောင်ရွက်မှ ဖြစ်ပါ့မယ်ဘုရား မင်းကြီးရဲ့သွေး မိဖုရားကြီးရဲ့သွေး တိုင်းသူပြည်သားတို့ရဲ့သွေး မြေမကျစေဖို့ ကျွဲ နွား ကြက် ငှက် လေးမျိုးနှင့် ကိန္နရာမျိုးနွယ် ချွေးမတော် ကိန္နရီမတို့ရဲ့ လည်ချောင်းသွေးနဲ့ ယဇ်ပူဇော်မှ ဖြစ်မှပါဘုရား။
ထိတ်လန့်တုန်လှုပ်ဖွယ် ယတြာအတွက် မင်းကြီး အကြံခက်ရချေပြီ။ အကြိမ်ကြိမ်အခါခါ လိမ်လည်လျှောက်တင်မှုကလည်း မင်းမိဖုရားတို့ရဲ့ သွေး တိုင်းသူပြည်သားတို့ရဲ့အရေးမို့ မင်းကြီးခမျာ မတတ်သာ သားတော်ကလည်းမရှိ မြေးတော်လေးကို မွေးထားသည်မှာ လပိုင်းမျှသာ ရှိသေးသော ချွေးမတော်ကိုလည်း မသင့်မလျော်ပြုရက်ရမှာမည် သို့မျှ မတတ်သာသော်လည်း မိမိအရေးထက် တိုင်းပြည်အရေးမို့ မင်းမြတ်တို့ထုံး နှလုံးမူ၍ စတေးရပေဦးမှာပေါ့။
စဉ်းစားတော်မူပါ ဆင်ခြင်တော်မူပါဦး အရှင်မင်းကြီး အကြိမ်ကြိမ်အခါခါ တောင်းပန်ရှာနေသော မိဖုရားကြီးမှာလည်း သားတော်အတွက် ချွေးမတော်အတွက်နှင့် မိခင်မရှိတော့မည့် မြေးတော်အတွက် ထို့ထက် စစ်ဆင်ရေးမနိုင်ခဲ့သော် မိဘမဲ့ပါဖြစ်ရတော့မည့် မြေးတော်လေးအတွက် နောင်အရေးတွေးတောပြီး ငိုခဲ့ရသည့် မျက်ရည်တို့ကာ ချောင်းပင်ဖြစ်မည့်အလား။ လူဆိုသည်မှာလည်း အရူးတစ်ပိုင်းဖြစ်ခဲ့ရချေသည်။
သည်အရေးမှ ချွေးမတော်ကို မည်သို့ ကယ်ထုတ်ရမည်ကို စဉ်းစားရင်း ချွေးမတော်နှင့် မြေးတော်လေးတို့ရှိရာ အဆောင်နန်းကို အမြန်မြန်းခဲ့လေသည်။ မိန်းမချင်းကိုယ်ချင်းစာ သားသမီးချင်းကိုယ်ချင်းစာ သားအချစ်ထက် မြေးအနှစ်ပိုကာ ရတက်မအေးနိုင်ရှာတဲ့ မျက်ဝန်းအစုံက ပြောမပြပေမယ့် အတိုင်းသားမြင်တွေ့ရပါသည်။ သမီးတော် ဘယက်ဒွာဒရာ အဆောင်ကို အားကိုးလို့ ငွေတောင်ပြည်ကို အမြန်ပြန်ပါ သမီးတော် သားတော်လေးကို မယ်မယ်ကိုယ်တိုင်စောင့်ရှောက်ထားပါ့မယ့် သမီးတော်ရဲ့ခင်ပွန်းပြန်လာလျှင်လည်း အကျိုးအကြောင်းရှင်းပြထားပါ့မယ်ကွယ် မြေးတော်လေးကငယ်သေးတာမို့ ခေါ်ဆောင်မသွားဘဲ သမီးတော်သာလွတ်အောင်အမြန်ပြေးပါတော့ သမီးတော်ရဲ့လည်ချောင်းသွေးကို ဖောက်ယူ ယဇ်ပူဇော်ဖို့ စစ်သည်ရဲမက်တွေ မကြာခင်ရောက်လာကြတော့မယ် အမြန်ပြေးပါတော့ သမီးတော်
ရင်ခွင်ထက်က နို့စို့သားငယ်ကို ကြည့်ရင်း မခွဲနိုင်မခွာရက်ဖြစ်ကာ မျက်ရည်မိုးတို့ ဖြိုင်ဖြိုင်ကျဆင်း အဆောင်တော်တွင်းက မခွာနိုင်သည့် ဒွေးမယ်နော်လေးကို မိဖုရားကြီးှ အတင်းပင်နှင်လေမ ှ ဘယက်ဒွာဒရာအစွမ်းနဲ့ ကောင်းကင်ခရီးပျံတက်မည်အလုပ် သားတော်၏ ငိုသံက ရင်ဝသို့ လာဆောင့် တောင်မခံနိုင်တော့သည့်အဆုံး လည်ချောင်းသွေးသာ အဖောက်ခံလိုက်တော့မည့် အတွေးကဝင်လာသေးသည်။ မိဖုရားကြီး အကြံတစ်ခုဖြစ်ပေါ်၍ ငွေဖလားငယ်တစ်ခုကိုယူ ဒွေးမယ်နော်အားကမ်းပြီး ဒီငွေဖလားထဲ မြေးတော်လေးအတွက် နို့ရည်များညှစ်ထားခဲ့ပါသမီးတော် ဟုဆိုလိုက်သည်။ ဒွေးမယ်နော်လည်း သားတော်အတွက် နို့ရည်ကိုညှစ်ရင်း မျက်ရည်များက တားမနိုင်ဆီးမရ ကျဆင်းနေတော့ နို့ရည်နှင့်အတူ မျက်ရည်တို့က ငွေဖလားထဲ ပြည့်လျံခဲ့ရသည်။
ကဲ သွားချေတော့ သမီးတော် သားတော်လေးအတွက် စိတ်သာချပါ မိမိအသက်အန္တရာယ်ကိုသာ လွတ်မြောက်အောင် ဂရုစိုက်ပါ သမီးတော် ဟုဆိုကာမှ ကောင်းကင်ခရီးပျံတက်ချိန်တွင် မြေးတော်လေးအား မိခင်နို့ချိုရည်တိုက်ကျွေးထားသည်မို့ ငိုသံမကြားပါမှ ခရီးဆက်အပြေးနှင်လို့ ငွေတောင်ပြည်သို့ဦးတည်ခဲ့ပါတော့သည်။
ဒွေးမယ်နော်လေး နန်းတော်မှထွက်ခွာခဲ့ရာ ခရီးတစ်လျှောက်လုံး အဝေးတစ်နေရာမှ မောင်တော်ပြန်ရောက်လာပြီး သားတော်လေးကို ထွေးပိုက်လို့ သူ့နောက်သို့လိုက်လာလေမလား အတွေးများဖြင့် နောက်ဆံတင်းတင်း ပျံသန်းလာရင်း မောင်တော်နှင့် အမောပြေတစ်ထောက်နားခဲ့သော သနပ်ပင်ကြီးဆီသို့ ရောက်မှန်းမသိရောက်လာခဲ့သည်။ ရှေ့တွင် ပုတ်တလုတ်ရေကန်ကြီးနှင့်လည်း မဝေးတော့သည်မို့ အန္တရာယ်မရှိနိုင်တော့သဖြင့် သနပ်ပင်အောက်ခိုဝင်နားရင်း မောင်တော်နှင့်သားတော်အား မခွဲချင်ဘဲခွဲခဲ့ရသည့်အကြောင်း မောင်တော်အားမည်မျှချစ်လှပါကြောင်း မောင်တော်လိုက်လာလျှင် သိစေရန် သနပ်ရွက်ပေါ် စာတင်လို့ ဆူးနှင့်သနပ်ရွက်အား အပင်မှာ ထိုးစိုက်ခဲ့လိုက်သည်။ အမောပြေပြီမို့ ခရီးဆက်ခဲ့ပြန်ရာ မောင်တော်နှင့် တွေ့ဆုံ အချစ်တွေမြုံနေရာမှ ဖွင့်အန်ခဲ့ရာ ပုတ်တလုတ်ရေကန်သာကြီးကိုရောက်ရှိခဲ့လေသည်။
မောင်တော်နှင့်သားတော်အား ရှင်ကွဲ ကွဲနေရသဖြင့် ခံစားရသည့် ဝေဒနာတို့ကို ကျောက်ဖျာထက် ပေအက္ခရာတင်လို့ မောင်တော်လိုက်လာလျှင် မြင်ပါစေကြောင်း ဆုတောင်းရင်း ရင်ထဲလှိုက်လာ၍ ငိုပွဲဆင်ခဲ့ရပြန်သည်။ ဖူးစာတွေဂဟေဆက်လို့ မောင်တော်နှင့်တွေ့စေရန် အကြောင်းဖန်ပေးသော ဖူးစာရေးမုဆိုးကိုရှာပြန်ရာ ရသေ့တစ်ပါးနှင့်တွေ့၍ အကြောင်းစုံရှင်း ဇာတ်လမ်းအဖုံဖုံခင်းပြရင်း မောင်တော်လိုက်လာလျှင် ပါးစေသော်ငှာ နဝရတ်လက်စွပ်ကို အပ်နှံထားခဲ့သည်။ ရသေ့ကြီး ကျောင်းသင်္ခန်း တွင် ခေတ္တနားရင်း မောင်တော်လိုက်လာလျှင် သိစေရန် ကျောက်စွန်းကမူထက် ကဗ္မည်းတင်ခဲ့ပြန်လေသည်။ ဤ နေရာမှကျော်လွန်၍ လိုက်မလာပါနှင့် မောင်တော် ဤ နေရာမှကျော်လွန်ပါက အလွန်ကြောက်မက်ဖွယ်ရာ ရေပူကန်များ ရေအိုင်များ သဲမြစ် သဲချောင်းများရှိပါသည်။ သာမာန်လူသားတို့ မည့်သို့မျှဖြတ်ကျော်မသွားနိုင်ပါ။ မိမိတို့တွင်သာ အဆောင်တန်ဆာများအစွမ်းကြောင့်သာ ဖြတ်ကျော်နိုင်ခြင်းဖြစ်ပါသည်။
သားတော်လေးအား လူလားမြောက်အောင် ပြုစု စောင့်ရှောက်၍ နေခဲ့ပါတော့ မောင်တော်ဟု ရေးလည်းရေး မောင်တော်များ လိုက်လာပြီလားလို့ အတွေးတို့ကြောင့် လည်တိုင်တမော့မော့ဖြင့် မျှော်လင့်ရင်း ခရီးသာဆက်ခဲ့ရပြန်သည်။ ကံကောင်းထောက်မစွာ သဲမြစ်ကိုဖြတ်၍ ငွေတောင်ပြည်အစွန် းကုန်းမြေပေါ်အကျ မေ့မျောသွားခဲ့ရသည်။ သတိရလာသောအခါ ငွေတောင်ပြည်တံခါးဝကို ရောက်နေပြီး ဖခမည်းတော်အားတောင်းပန်ရန် ခွင့်တောင်းသောအခါ တိုင်းတစ်ပါးသား လူမျိုးခြားနှင့် ဆက်ယှက်နေထိုင်ပြီး မိဘမျက်နှာကိုမငဲ့ကွက် အရှက်ကိုသာရစေခဲ့ သော သမီးမိုက်အား ခွင့်မလွှတ်နိုင်သည့် ဒုမမင်းကြီး၏ အမိန့်မှာ ရင်နင့်စရာ ပင်။ သမီးအရင်းပင် ဖြစ်လင့်ကစား ငါ့ နန်းဆောင်အရိပ်ပင်မနင်းလေနှင့် မြို့တော်အပြင်မှာသာ သစ်ခက်တဲနန်းထိုး၍နေပြီး မြို့ထဲသို့ မဝင်လေနှင့်။ မည်သို့ပင်ဆိုစေကာမူ ဖခင်ကို စိတ်မနာ တစ်နေ့တော့ နားလည်ခွင့်လွှတ်လာပါလိမ့်မည် အတွေးနဲ့ အားတင်း ချစ်သူမောင်နှင့်သားတော်ကို တမ်းတရင်းနှင့်သာ သစ်ခက်တဲနန်းစံမြန်းခဲ့ရလေသည်။သားသမီးဆိုးကိုပင် ပစ်ရိုးထုံးစံမရှိ ဆိုသည့် မိဘမေတ္တာကြီးမားမှုှုကြောင့် သိပ်မကြာခင်မှာပင် သမီးတော်အပေါ် စိတ်လည်လာ၍ နန်းတွင်းသို့ခေါ်ဆောင် ခေါင်းဆေးမင်္ဂလာပြုရန် စိစဉ်လေတော့သည်။
နယ်စွန်နယ်ဖျား သူပုန်သူကန်များကို နှိမ်နင်းပြီး ရွှေနန်းတော်သို့ ပြန်ရောက်လာသော သုဓနုမင်းသားမှာ အကြောင်းစုံကိုသိ၍ ဇနီးဇော ကြောင့် အမောပင်မဖြေနိုင်ရှာ ဖခမည်းတော်ကိုပင် မလျှောက်ထားတော့ဘဲ ငွေတောင်ပြည်သို့ခရီးစတင်ခဲ့သည်။ သားတော်အတွက် မယ်တော်၏ ဝါးဖတ်တော်များကို စားသုံးနိုင်နေပြီမို့ စိတ်ချစွာ ထားခဲ့လေတော့သည်။ အချစ်၏ စွမ်းအားကြောင့် ဇောစိတ်ဆောင်နေသော သုဓနုသည်မကြာမှီမှာပင် ချစ်သူနှင့်အမောဖြေခဲ့ရာ သနပ်ပင်ကြီးဆီသို့ ရောက်လာခဲ့သည်။ ခေတ္တအနားယူရန် အပင်အောက်သို့ ဝင်ခိုက် ဒွေးမယ်နော် ထိုးစိုက်ခဲ့သော သနပ်ရွက်မှစာကိုမြင်ရသောအခါ ဒွေးမယ်နော်အပေါ် သနားစိတ်ကပိုခဲ့ရ၍ ယောကျာၤးတန်မဲ့ မျက်ရည်ကျခဲ့ရသည်။ ခရီးဆက်ပြန်တော့ ပုတ်တလုတ်ရေကန်ကြီးရောက်သောအခါ စတင်တွေ့ဆုံရာအဖြစ်အပျက်များကို အောက်မေ့တမ်းတရင်း ကျောက်ဖျာပေါ် လှဲလိုက်စဉ် ကျောက်ဖျာပေါ်မှ အရေးအသားစာများက ရင်ကိုတုန်လှုပ်မောဟိုက်စေခဲ့ရပြန်သည်။
ချစ်သူမျက်နှာကိုလည်းမြင်ယောင်လာပြီး မနားတော့ဘဲ အားတင်းကာခရီးဆက်ရန်ပြင်သည့်အခါ သုဓနုမင်းသားအလာ စောင့်မျှော်နေသော ရသေ့ကြီးရောက်ရှိလာပြီး ကျောင်းသင်္ခန်းသိ့ု ခေါ်ကာ ဒွေးမယ်နော်ပါးခဲ့သော နဝရတ်လက်စွပ်ကို အပ်နှံပေးခဲ့သည်။ ကျေးဇူးတင်စကားဆိုကာ ရှိခိုးကန်တော့၍ ရှေ့ဆက်ရန်ကျောက်စွန်းကမူပေါ်ရပ် ရှေ့ခရီးမျှော်ကြည့်သည့်အခါ ဒွေးမယ်နော်၏ ချစ်ခြင်းတရားများကို ပေါ်လွင်စေသော ကမူထက်အက္ခရာတို့ က ချစ်သူအပေါ် အန္တရာယ်မကျရောက်စေလိုသော စိတ်ဓါတ်ကသိသာလှသည်။ အန္တရယ်များလှသော သဲချောင်းကို မည့်သို့မျှ မိမိအစွမ်းဖြင့် ကျော်ဖြတ်နိုင်မည်မဟုတ်သောကြောင့် အကြံရလိုရငြား ရသေ့ကျောင်းသင်္ခန်းတွင် တစ်ညတာ နားခိုရန် ဆုံးဖြတ်လိုက်သည်။ ပတ်ဝန်းကျင်ကိုလေ့လာသောအခါ မနက်တွင် ငွေတောင်ပြည်ကိုသွား၍ အစာရှာပြီး ညဘက်တွင် ပုတ်တလုတ်ကန်သို့ အိပ်တန်းပြန်နေသော ငှက်ကြီးတစ်ကောင်ကို တွေ့လိုက်ရ၍ အလွန်ပင်ဝမ်းသာသွားခဲ့သည်။
မနက်အာရုဏ်တက်ချိန် ငှက်ကြီးအိပ်တန်းထချိန်ကိုစောင့်၍ အစာရှာထွက်ရန်ပြင်ချိန်တွင် ငှက်ကြီးခြေထောက်အစုံကို စွဲပြီး လိုက်ပါသွားခဲ့သည်။ ငွေတောင်ပြည်အစပ်ရေတွင်းတစ်တွင်းတွင်ရေခပ်နေကြသော အပျိုသည်များကိုတွေ့မှ ဆင်းလိုက်ပြီး စူးစမ်းလိုက်သည်။ အဘယ်အတွက်ရေများကို ခပ်နေကြပါသနည်းဟု မေးသောအခါ ရံခြွေတော် ကိန္နရီမတစ်ဦးမှ ဒီကနေ့ဟာ ဒုမမင်းကြီးရဲ့ သမီးအထွေးတော် ဒွေးမယ်နော်လေးကို ခေါင်းဆေးမင်္ဂလာ ဆင်ယင်မည့် ပွဲ ပြုလုပ်မည်ဖြစ်ပါ၍ မင်္ဂလာရေတော်များကို ခပ်နေရခြင်းဖြစ်ပါတယ် မောင်ကြီး ဒီနေရာဒီဒေသမှာ တခြားယောကျာၤး တိုင်းတစ်ပါးသားကို မြင်လျှင် သတ်ကြလိမ့်မည် မောင်ကြီးအတွက်အသက်အန္တရာယ်စိုးရိမ်ရပါသည်။ ဝေးရာတွင်သာနေပါမောင်ကြီး ဟု သတိပေးစကားဆိုပြီး ရေအိုးကိုယ်စီရွက်လို့ ပြန်သွားကြသည်။ ထိုစဉ် သုဓနုမင်းသားလည်း နောက်ဆုံးမှလိုက်ပါသည့် အပျိုသည် ရွက်လာသော ရေအိုးထဲသို့ ဒွေးမယ်နော်ပေးခဲ့သည့် နဝရတ်လက်စွပ်ကို ထည့်ပေးလိုက်သည်။
ခေါင်းဆေးမင်္ဂလာပြုလုပ်ရန် အချိန်အခါကျရောက်လာသောအခါ အပျိုသည်များ ရေအိုးကိုယ်စီယူပြီး ရောက်လာကြသည်။ အမွှေးနံ့သာများ ပက်ဖျန်းပြီး မင်္ဂလာရေကြည်တော်များ သွန်းလောင်စဉ် နောက်ဆုံးအိုးထဲ မှ နဝရတ်လက်စွပ်ထွက်ကျလာ၍ ခေါင်းဆေးနေသော ဒွေးမယ်နော်လက်သို့စွပ်မိလေသည်။ မောင်တော်သုဓနုမင်းသားရောက်နေသည်ကို သိလိုက်ရ၍ ခမည်းတော်အား ဖွင့်ဟလျှောက်ထားလိုက်လေသည်။ ဒေါသမာန်ထွက်လာ၍ ရှေ့တော်မှောက် အရောက်သွင်း ဖမ်းဆီတုတ်နှောင် သတ်စေရန်အမိန့်ပေးတော်မူသည်။ ထိုအခါ သမီးတော်၏ လျှောက်ထားချက်အရ မြေးတော်လေးပါရှိနေသည်ဖြစ်၍ အခွင့်အရေးတစ်ခုပေးရန် ဆုံးဖြတ်လိုက်သည်။ သုဓနုမင်းသား၏ လက်ရုံးရည် နှလုံးရည် အစွမ်းများကို ပြသစေခဲ့သည်။
မင်းသားတို့တတ်အပ်သော ပညာတို့ကားပြည့်စုံပြီးသူ ဖြစ်၍ အထူးပြောစရာမလိုဘဲ အန္တရာယ်များလှသည့် သဲချောင်း သဲမြစ်တို့ကို ဖြတ်ကျော်၍ ငွေတောင်ပြည်ကို အရောက်လာနိုင်သော မင်းသားအား မင်းကြီးမှ သဘောကျနှစ်ခြိုက်သွားပြီး သမီးတော်နှင့် ကြည်ဖြူစွာ လက်ဆတ်ပေးခဲ့သည်။ ထိုမှသာ ချစ်သူနှစ်ဦး ပျော်ရွှင်စွာပေါင်းဖက်ကြလေတော့သည်။ ငွေတောင်ပြည်တွင် ကာလအတန်ကြာနေလာပြီးသောအခါ သျှောင်နောက်ဆံထုံးပါ ဆိုသည့်အတိုင်း ဒွေးမယ်နော်လေးမှာ အိမ်ရှေ့စံသုဓနုမင်းသားနောက် လိုက်ပါခဲ့ရပြန်သည်။ ရွှေနန်းတော်သို့ပြန်ရောက်သောအခါ သားတော်နှင့် ကျန်းမာရွှင်လန်းပြီး အသက်ရှင်လျက်ရှိနေသော ချွေးမတော်ဒွေးမယ်နော်ကို တွေ့ရသောအခါ အာဒိစ္စဝံသမင်းကြီးနှင့် မိဖုရားတို့မှာ လွန်စွာဝမ်းမြောက်ခဲ့ရသည်။ ချွေးမတော်အား တောင်းပန်စကားဆိုကြရင်း ပျော်ရွှင်မဆုံး ဖြစ်နေရတော့သည်။
ရှေးအခါကအကြောင်းတွေးမိသမျှ စာမျက်နှာမှ
Discussion about this post