ရေးသားသူ – ချော(အစိမ်းရောင်လွင်ပြင်)
အာရှဥရောပ ဒေသမှာရှိတဲ့ ဂျော်ဂျီယာနိုင်ငံရဲ့ ထင်ရှားကျော်ကြားတဲ့ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အဦးထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ဥမင်လှိုဏ်ဂူမြို့ကို Vardzia လို့ခေါ်ပါတယ်။ ဂျော်ဂျီယာနိုင်ငံရဲ့ တောင်ပိုင်း Kura မြစ်ရဲ့ လက်ဝဲဘက်ရှိ Erusheli အမည်ရ ကျောက်တောင်ရဲ့နံရံကို ထွင်းထုပြီး အဆောင်ဆောင် အခန်းခန်းများဖြင့် သေသပ်လှပစွာ ဆောက်လုပ်ထားတဲ့ ဒီကျောက်လှိုင်ဂူမြို့ကို ၁၂ရာစုအတွင်း ၁၁၈၅ ခုနှစ်မှာ ဂျော်ဂျီယာနိုင်ငံရဲ့ ရွှေရောင်လွှမ်းတဲ့ ကာလတုန်းက ဂျော်ဂျီယာဘုရင် Giorgi III လက်ထက်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
တကယ်တမ်းတော့ စစ်ရေးအရ မွန်ဂိုတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့ ခံတပ်အဖြစ် တည်ဆောက်ခဲ့တာဖြစ်သော်လည်း ဘုရင် Giorgi III ရဲ့ သမီးဖြစ်သူ၊ ဂျော်ဂျီယာနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး အုပ်ချုပ်သူလည်းဖြစ်၊ တိုင်းသူပြည်သားများကလည်း အလွန်ချစ်ခင်ကြတဲ့ ဘုရင်မ Tamara လက်ထက်မှာတော့ ကျောက်တောင်လှိုင်ဂူကို ဘာသာရေး အဆောက်အဦးအဖြစ် ပြောင်းလဲခဲ့ပါတယ်။
အမျိုးသမီး ဘုရင်မဖြစ်တဲ့ Tamara ဟာ သူမကိုယ်တိုင်လည်း ၎င်းကျောက်လှိုင်ဂူမြို့တော်မှာ နှစ်ပေါင်းများစွာ နေထိုင်သွားခဲ့ပြီး ဂျော်ဂျီယာနိုင်ငံကို နှစ်ပေါင်း ၂၉ကြာအုပ်ချုပ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျောက်လှိုင်ဂူကြီးဟာ ဘုန်းတော်ကြီးကျောင်းအဖြစ် သမိုင်းကြောင်းများစွာ ဖြတ်သန်းခဲ့ပါတယ်။
၁၅၇၈ခုနှစ် အော်တိုမန်တွေရောက်ရှိလာခဲ့ပြီးတဲ့နောက်မှာ ဘုန်းကြီးတွေဟာ ဒီနေရာကို စွန့်သွားတဲ့အတွက် စွန့်ပစ်နေရာတစ်ခု ဖြစ်ခဲ့ရပါတယ်။ Vardzia ဟာ ကျောက်တောင်ကို ထွင်းထုပြီး ဆောက်လုပ်ထားတဲ့ အဆောက်အဦးများကြောင့် ယခုချိန်မှာ ထင်ရှားကျော်ကြားလို့ နေပါတယ်။ လူပေါင်းများစွာ နေနိုင်လောက်အောင် ကျောက်တောင်ကြီးမှာ ထွင်းထုထားတဲ့ အခန်းပေါင်း ၆၀၀ ခန့်ရှိကြောင်း သိရပါတယ်။
ကျောက်သားများကို ထွင်းထု ဖြတ်ဖောက်၍ အဆင့်ဆင့် တည်ဆောက်ထားတဲ့ ကျောက်လှိုဏ်ဂူကြီးဟာ အကျယ်အဝန်းအားဖြင့် မီတာ ၅၀၀ ( ပေ ၁၆၄၀ ) ရှိပြီး အမြင့်အားဖြင့် အထပ်ပေါင်း ၁၉ထပ် မီတာ ၇၀ (ပေ ၂၃၀ခန့်) ရှိပါတယ်။ သို့သော်လည်း ပြင်းထန်တဲ့ ငလျှင်ဒဏ်ကြောင့် ကျောက်သားနံရံကိုဖောက်လုပ်ထားတဲ့ အချို့သော အဆောက်အဦး အစိတ်အပိုင်းများဟာ ပြိုကျ ပျက်စီးခဲ့ရပါတယ်။
ခမ်းနားခဲ့သော အတိတ် သမိုင်းကြောင်းကို ပြောပြနေတဲ့ ကျောက်တောင်နံရံပေါ်က လှိုဏ်ဂူကြီးဟာ သဘာဝဘေးဖြစ်သော ငလျှင်ဒဏ်ကြောင့် အချို့သောအဆောက်အဦး၊ ဥမင်လမ်းကြောင်းများ ပျက်စီးသွားခဲ့ရသော်လည်း အနည်းငယ်မျှ ကျန်ရှိနေသေးတဲ့ ဘုန်းတော်ကြီးများက ယခုချိန်ထိတိုင် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေခဲ့တာကြောင့် ခိုင်ခိုင်မာမာ တည်ရှိနေဆဲ ဖြစ်ပါတယ်။
ကျောက်နံရံကြီးကို ထွင်းထုပြီး လျှို့ဝှက်နက်နဲသော နည်းပညာတွေနဲ့ ဆောက်လုပ်ထားတဲ့ ၎င်းလှိုဏ်ဂူကြီးဟာ ဂျော်ဂျီယာနိုင်ငံရဲ့ Cave City လို့အမည်တွင်ပြီး နှစ်ပေါင်း များစွာကြာခဲ့ပြီဖြစ်ပေမဲ့ လူတွေရဲ့ စိတ်ဝင်စားမှုကို ခံရတုန်း၊ လှပဆန်းကျယ်နေတုန်း ဖြစ်ပါတယ်။
စက်အားဖြင့်မဟုတ်ဘဲ လူအားသက်သက်နဲ့ ဆောက်လုပ်ခဲ့တဲ့ ကျောက်လှိုဏ်ဂူမြို့တော်ဟာ ဂျော်ဂျီယာနိုင်ငံမှာတော့ အကြီးဆုံး သမိုင်းဝင် ဗိသုကာ အဆောက်အဦးကြီးတစ်ခုအဖြစ် ယခုချိန်ထိ ထင်ရှားကျော်ကြားကာ ခရီးသွားများ သွားရောက်လေ့လာကြတဲ့ နေရာတစ်ခု ဖြစ်လို့နေပါတယ်။
ချော(အစိမ်းရောင်လွင်ပြင်)