ခွေးတူဝက်တူ(Badger) သည် မြွေပါမြီးတို အသားစားနို့တိုက်တွားသွားတိရစ္ဆာန်မျိုးနွယ်ထဲတွင်ပါဝင်ပြီး မျိုးစိတ်ပေါင်း 9 ခုခန့်ရှိသည်။ ၎င်းတို့မှာ ၁။ Honey badger (Mellivora capensis) ၂။American badger (Taxidea taxus) ၃။European badger (Meles meles) ၄။Asian badger (Meles leucurus) ၅။Japanese badger (Meles anakuma) ၆။Chinese ferret-badger (Melogale moschata) ၇။ Burmese ferret-badger (Melogale personata) ၈။Javan ferret-badger (Melogale orientalis) နှင့် ၉။Bornean ferret-badger (Melogale everetti) တို့ဖြစ်သည်။ အာရှ ၊ ဥရောပ ၊ အာဖရိက နှင့် မြောက်အမေရိကဒေသများတွင် အများဆုံးတွေ့ရတတ်သည်။
ခွေးတူဝက်တူဟူသော အမည်ကပင် ထိုတိရစ္ဆာန်မျိုး၏ ပုံပန်းသဏ္ဌာန်ကို ဖော်ပြလျက် ရှိပေသည်။ ဝက်ဝံနှင့်လည်း ဆင်တူ၏။ ခွေးတူဝက်တူသည် လူကို ရန်မမူဘဲ အေးအေးပင် နေလေ့ရှိသည်။ သို့သော် သားစားတိရစ္ဆာန်မျိုး ဖြစ်သည့် အတိုင်း တိရစ္ဆာန်ငယ်ကလေးများကို ဖမ်းဆီးသတ်ဖြတ်၍ စားတတ်သည်။
ယင်းတို့၏ ကိုယ်မှာ ထူးခြားစွာ ကျယ်ပြန့် ပြားချပ်၍ နှာဖျားမှ အမြီးအထိ ၂ ပေ၊ ၂ ပေခွဲခန့် ရှည်သည်။ နှုတ်သီးချွန်သော ဦးခေါင်းနှင့် အမြီးတိုကလေး တို့သည် ခပ်ပြားပြားပင် ဖြစ်သည်။ ခြေလက်များမှာ အလွန် သန်၍ မာကျောချွန်ထက်သော ခြေသည်းလက်သည်းရှည်ကြီး များ ပါရှိသဖြင့် မြေတူးအလွန် ကျင်လျင်သည်။
သို့သော် ဖားလျားကျနေသော အမွေးရှည်များက ခြေလက်တို့ကို ဖုံးအုပ် ထားသည့်အတွက် လမ်းသွားနေစဉ်ကြည့်လျှင် ဝမ်းပိုက်ဖြင့် ကပ်၍ သွားနေသလောဟု ထင်ရသည်။ အရောင်မှာ ကိုယ်တွင် မီးခိုး ရောင်ဖြစ်၍ ခြေလက်၊ လည်ပင်းနှင့် ရင်ဘတ် ဝမ်းဗိုက် တို့တွင် မည်းသည်။ တစ်နာရီလျှင် ၁၉မိုင် အမြန်နှုန်းနှင့် ပြေးနိုင်သည်။
မျက်နှာတွင်မူ အနက်ရောင် အောက်ခံ၌ နှာတံပေါ်တွင် အဖြူစင်းတစ်ကြောင်း၊ ပါးတစ်ဖက်တစ်ချက် တွင် တစ်ကြောင်းစီ အဖြူစင်း သုံးကြောင်း ပါရှိသောကြောင့် တစ်နည်းအားဖြင့် ရယ်စရာ ကောင်းသည်။
ခွေးတူဝက်တူသည် လူသူကို ကြောက်ရွံ့တတ်၍ နေ့ဖက်၌ တွင်းအောင်းကာ ညဖက်တွင်သာ အစာရှာ ထွက်တတ်သည့် အတိုင်း ယင်းတို့ကို မြင်ဖူးသူများ ရှားသည်။ ခွေးတူဝက်တူ သည် ဖွတ်၊ ပုတတ်၊ ပုရစ်၊ နှံကောင်၊ မြေကြွက်၊ ရှဉ့် စသောအကောင်များကိုလည်းကောင်း၊ မြေကြီးပေါ်၌ အသိုက် လုပ် နေထိုင်တတ်သော ငှက်နှင့် ငှက်ဥများကိုလည်းကောင်း၊ လိုက်လံရှာဖွေ၍ စားသောက်လေ့ရှိသည်။ သစ်ဥသစ်ဖုများ ကိုလည်း စားသည်။
ဝက်ဝံနည်းတူ ပျားရည်ကို အလွန် နှစ်သက်သည့်အတိုင်း ပျားအုံများကို ပျားတုပ်ခံကာ ဖျက်ဆီး စားသောက်လေ့ရှိသည်။ ပျားတုပ်သော်လည်း အမွေးရှည်တို့ ကြောင့် မနာကျင်ပေ။ နကျယ်အိမ်များကိုလည်း ဖျက်ဆီး၍ အတွင်းရှိပိုးကောင်ကလေးများကို စားသောက်လေ့ရှိသည်။
လူသံသူသံကြားလျှင် ဖြစ်စေ၊ ရန်သူနှင့်တွေ့လျှင်ဖြစ်စေ ခွေးတူဝက်တူသည် တွင်းထဲသို့ ဝင်ပြေးတတ်သည်။ တွင်းသို့ ရောက်အောင် မပြေးနိုင်ပါက လျင်မြန်စွာ တွင်းဖော်၍ ပုန်း အောင်းတတ်သည်။ သို့တည်းမဟုတ် ကိုယ်အောက်သို့ ဦးခေါင်းနှင့် ခြေလက်တို့ကို သွင်းကာ မြေကြီးပေါ်မှာပင် ပြားပြားဝပ်ချလိုက်တတ်သည်။ ထိုသို့ဝပ်နေစဉ် ကြည့်လိုက်ပါက ကျောက်ခဲကျောက်တုံးများနှင့်ပင် အမြင်မှားလောက်ပေသည်။
မြေခွေး နှင့် ခွေးတူဝက်တူ တို့ရဲ့တိုက်ပွဲ ဗီဒီယို
ခွေးတူ ဝက်တူသည် လူသူကို ကြောက်ရွံ့တတ်သော်လည်း ပြေးမလွတ်သောအခြေအနေမျိုးနှင့် ကြုံကြိုက်သောအခါတွင်မူ ရန်သူကို သတ္တိကောင်းစွာဖြင့် သဲသဲမဲမဲ ပြန်လည်ခုခံတတ် သည်။ သူ၏မာကျောချွန်ထက်သော ခြေသည်း လက်သည်း တို့သည် ရန်သူ၏အသားအရေကို စုတ်ပြတ်သွားအောင် ကုတ်ဖဲ့နိုင်၍ သူ၏ခိုင်မာသန်စွမ်းသော ပါးစောင်ဖြင့်လည်း ခွေးဘီလူးတို့ကဲ့သို့ မလွှတ်တမ်း ကိုက်ခဲထားနိုင်သည်။သူတို့၏ အဓိကရန်သူများမှာ ဝံပုလွေ ၊ ဝက်ဝံ ၊ တောကြောင်တို့ဖြစ်သည်။
ခွေးတူဝက်တူတစ်ကောင် သည် ခွေး ၄၊ ၅၊ ၆ ကောင်နှင့် ဖက်ပြိုင်တိုက်ခိုက်နိုင်၏။ ထို့ကြောင့် အင်္ဂလန်ပြည်တွင် ရှေးက ခွေးတူ ဝက်တူတစ်ကောင်ကို စည်တစ်ခု၌ထည့်၍ ပြင်ဖက်မှ ခွေးများနှင့် တိုက်ခိုက်ဆွဲထုတ်စေသော ကစားနည်း တစ်မျိုး အလွန်ခေတ်စားခဲ့ဘူးရာ၊ ၁၈၅ဝ ပြည့်နှစ်သို့ရောက်မှ ဥပဒေ ဖြင့် တားမြစ်၍ ပျောက်ကွယ်သွားလေသည်။
ဒုတိယကမ္ဘာစစ်အတွင်းက ဥရောပခွေးတူဝက်တူများကို အဓိကအစားအစာရင်းမြစ်အဖြစ် စားသုံးခဲ့ကြသည်။ ရုရှားနိုင်ငံ၏ အချို့ဒေသများတွင် ယခုထက်တိုင် စားနေကြသေးသည်။
ခွေးတူဝက်တူ မျိုးစိတ်အများစုသည် အစုအဖွဲ့နှင့် နေထိုင်တတ်ကြသည်။ တစ်ဖွဲ့လျှင် ၂ ကောင်မှ ၁၅ကောင် အထိ ရှိတတ်သည်။ အမေရိကန် ခွေးတူဝက်တူများမှာမူ အမြဲလိုလိုတစ်ကောင်တည်း နေလေ့ရှိသည်။
ခွေးတူဝက်တူသည် အမသည် တစ်ခါကိုယ်ဝင်ဆောင်လှင် ၇ပတ်မှ ၈ပတ် အထိကြာမြင့်သည်။ တစ်ကြိမ်လျှင် သား ၁ ကောင်မှ ၆ ကောင်အထိ မွေးသည်။ အကောင်ကလေးများ သည် တွင်း(သို့) အသိုက်ထဲတွင်နေကာ ၈ပတ်ခန့် မိခင်ရှာကျွေးသော အစာကို စားသောက်နေ ပြီးသော် ကိုယ်တိုင် အစာရှာဖွေစားသောက်နိုင်ကြသည်။ အရွယ်ရောက်ချိန်မှာ ၁၂လမှ ၁၈လ အတွင်းဖြစ်သည်။ ခွေးတူဝက်တူ တစ်ကောင်၏ သက်တမ်းမှာ အမျိုးအစားအလိုက် ၁၀နှစ်မှ ၂၄နှစ် အထိ ရှိတတ်သည်။
ခွေးတူဝက်တူတွင် ဆိုးရွားသော ကိုယ်နံ့ရှိသည်။ ယင်းတို့၏ အသားကိုလည်း စားလေ့မရှိချေ။ သို့သော် ထူထဲသောသားမွေး မှာ အဖိုးတန်၍ အမွေးအမျှင်များမှာမူ ပန်းချီရေး စုတ်တံနှင့် မုတ်ဆိတ်ဗရွတ်များ ပြုလုပ်ရာတွင် အသုံးဝင်သည်။ ထို့ကြောင့်လည်း မုဆိုးတို့က ဒီတိရစ္ဆာန်များကို အဓိကထား၍ အမဲလိုက်ကြခြင်းဖြစ်သည်။
Myanmar Wikipedia
Soft School Facts
Discussion about this post