အတတ်ပညာ တစ်ခုခုကို တတ်ရာမှာ နှစ်မျိုးရှိပါတယ်။ တစ်မျိုးက အပြင်းအထန်ဆည်းပူးပြီးတော့မှ တတ်တာပါ။ နောက်တစ်မျိုးကတော့ သိပ်ပြီးအားစိုက်မသင်ရပဲ အလိုလိုတတ်ကျွမ်းထူးချွန်ကြသူတွေပါ။ သူတို့ကို ပါရမီရှင်လို့ခေါ်ပါတယ်။ တချို့ဆို ၅နှစ် ၆နှစ် သားနဲ့ ဘာသာစကား ၅မျိုးလောက်ပြောတတ်သူ ၊ ၇နှစ်သားနဲ့ ခွဲစိတ်ပညာကို ကျွမ်းကျင်နေသူ စသဖြင့်ရှိကြပါတယ်။
တချို့တွေကျတော့ ပုံမှန်အတိုင်းအသက်ရှင်လာရင်းနဲ့ မတော်တဆမှု တစ်ခုဖြစ်ရာကနေ အံသြဖွယ်ရာ စွမ်းရည်တွေကို ပိုင်ဆိုင်လာသူတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဂိုးသမားတစ်ယောက်ခေါင်းကို ထိခိုက်မိရင်း နိုးလာတဲ့အခါ ဘာသာစကားအသစ်တစ်မျိုးကို အလိုလိုတတ်သွားခဲ့တာလည်း ဖတ်ဖူးကြမှာပါ။
အခု အမေရိကန် ဗာဂျီးနီးယားက Orlando Serrell ဆိုသူကလည်း ဒီလိုမျိုးပါပဲ။ သူ ၁၀ နှစ်သား အရွယ်က ဘေ့စ်ဘောကစားခဲ့ပါတယ်။ အနိုင်ရလိုတဲ့အတွက် အပြင်းအထန်ပြေးရင်း ခေါင်းရဲ့ဘယ်ဘက်ကို ဘေစ့်ဘောမှန်ပြီး လဲကျသွားခဲ့ပါတယ်။ အဲဒီနောက်တော့ အချိန်အနည်းငယ်မေ့သလိုဖြစ်သွားပြီး ပြန်ကောင်းလာခဲ့တယ်။ ပြန်ထပြီး ဘေစ့်ဘောကစားခဲ့ပါတယ်။ ဒီအကြောင်းကို မိဘဖြစ်သူတွေအား မပြောခဲ့တဲ့အတွက် ဆေးရုံဆေးခန်းတွေသွားပြီး ကုသမှုမခံယူခဲ့ပါဘူး။ ဒါကြောင့် ရက်အနည်းငယ်ကြာ ခေါင်းကိုက်နေခဲ့ရပါတယ်။
ခေါင်းကိုက်တာပျောက်သွားပြီးတဲ့နောက် သူ့မှာ ထူးခြားတဲ့စွမ်းရည် တစ်မျိုးပေါ်လာတာကို သတိထားမိခဲ့ပါတယ်။ Calendar-Calculating ဆိုတဲ့ ပြက္ခဒိန်ရက်တွေ ရာသီဥတုတွေကို အလိုလိုသိနေတဲ့ အစွမ်းပါ။ ဥပမာ ဖေဖော်ဝါရီ ၂၈ ၊ ၁၉၉၀ က ဘာနေ့လဲလို့သူ့ကိုမေးရင် ဗုဒ္ဓဟူးနေ့လို့ တန်းဖြေပြပါလိမ့်မယ်။ နောက် ဘယ်နေ့ဘယ်အချိန် ရာသီဥတု ဘယ်လိုရှိခဲ့သလဲလို့မေးရင်လည်း မှန်အောင်ပြောနိုင်ခဲ့ပါတယ်။
သူဟာ ပြက္ခဒိန်ကို မမှတ်သားခဲ့သလို ရာသီဥတုတွေကိုလည်း မမှတ်သားပဲ သူ့အလိုလိုသိနေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ထူးခြားတဲ့စွမ်းရည်ကြောင့် NBC လိုသတင်းဌာနကြီးတွေက ဆက်သွယ်မေးမြန်းခဲ့သလို ၊ ကိုလံဘီယာလို တက္ကသိုလ်ကြီးတွေကလည်း စစ်ဆေးကြည့်ပြီးနောက်မှာတော့ သူ့ရဲ့အစွမ်းကို လက်ခံခဲ့ကြရပါတယ်။
ဘာကြောင့်ဘယ်လိုဖြစ်သွားတယ် ဆိုတာကိုတော့ သိပ္ပံပညာရှင်တွေ ရှင်းရှင်းလင်းလင်း ရှာမတွေ့ခဲ့ပါဘူး။ ဒီလိုမျိုး ထူးခြားတဲ့အခြေအနေတစ်ခုကြောင့် စွမ်းရည်အသစ်တစ်ခုပေါ်လာတတ်တာကိုတော့ Savant syndrome ရောဂါလို့ ခေါင်းစဉ်တပ်ထားပါတယ်။
Discussion about this post