Monday, March 1, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကျောင်းအိမ်စာကို ကမ္ဘာကျော် လုပ်ငန်းအဖြစ် ပြောင်းလဲပစ်ခဲ့သူ

by Thutamm
October 31, 2020
Reading Time: 2min read
0
ကျောင်းအိမ်စာကို ကမ္ဘာကျော် လုပ်ငန်းအဖြစ် ပြောင်းလဲပစ်ခဲ့သူ
Share on FacebookShare on Twitter

Messenger News Journal မှ

စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် ဆိုင်မွန်လီသည် ဘာသာစကားနဲ့ ပတ်သက်ပြီး သဘာဝပေး အရည်အသွေးရှိသူဟု ဆိုလျှင် မမှား။ အသက် (၃၂) နှစ် အရွယ် တောင်ကိုရီးယားသားသည် ကိုရီးယား၊ အင်္ဂလိပ်၊ ပြင်သစ်၊ အာရဗီ၊ မန်ဒရင်း၊ ဂျပန် ဘာသာစကား ခြောက်မျိုး အထိ ပြောနိုင် ဆိုနိုင် ရေးနိုင် ဖတ်နိုင်သူ ဖြစ်သည်။ နောက်ထပ်လည်း ဘာသာစကားတွေ သင်ယူဦး မည်ဟု ဆိုသည်။

ထိုမျှ ဘာသာစကားတွေ တတ်ထားသူ မစ္စတာလီ အဖို့ သူများတွေကို ဘာသာပြန် ခိုင်းဖို့ မလိုလောက်အောင် ပြည့်စုံ နေပြီ ဖြစ်သည်။ သို့သော် ဆိုးလ်မှာ တက္ကသိုလ် တက်စဉ်က အင်္ဂလိပ်လို ရေးရမည့် အိမ်စာများ ဆိုလျှင် သူငယ်ချင်းတွေက သူ့ကို အပူကပ် တတ်သည်။ သူငယ်ချင်းများကို အင်္ဂလိပ် အိမ်စာများ ဝိုင်းလုပ်ပေးရာမှ တစ်ဆင့် နိုင်ငံတကာ ဘာသာပြန် လုပ်ငန်း ကုမ္ပဏီ ထူထောင်ဖို့ လမ်းစ ရခဲ့ခြင်း ဖြစ်သည်။

ဘာသာပြန် ဝန်ဆောင်မှု လုပ်ငန်း Flitto ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာတွင် စတင် ခဲ့သည်။ ယခုဆိုလျှင် Flitto ကို သုံးသူ ကမ္ဘာတစ်ဝန်း ငါးသန်းလောက် အထိ ရှိနေပြီ။ တစ်နှစ်လျှင် ဝင်ငွေ (၂ ဒသမ ၁) သန်းလောက် ရရှိ နေသည်။ Flitto ကို ဖုန်း အပလီကေးရှင်းဖြင့်ရော ဝက်ဘ်ဆိုက်ဖြင့်ပါ သုံးနိုင်သည်။

ပရော်ဖက်ရှင်နယ် ဘာသာပြန် လုပ်ငန်းများဖြင့် တစ်ခု ကွဲပြားသည်မှာ Flitto သည် ဘာသာပြန် ကျွမ်းကျင်သူများကို ပုံသေ ခန့်ထားပြီး လုပ်ငန်း လည်ပတ်ခြင်း မဟုတ်။ Flitto က ဆိုရှယ်မီဒီယာ ဆန်ဆန် အလုပ် လုပ်သည်။ ဘာသာစကား တစ်မျိုး အထက် ပိုတတ်သူများ၊ ဘာသာပြန်တတ်သူများ Flitto ကို ဖုန်းအပလီကေးရှင်းဖြင့် လည်းကောင်း၊ ဝက်ဘ်ဆိုက်ဖြင့် လည်းကောင်း ဝင်ရောက် နိုင်သည်။ Flitto တွင် မှတ်ပုံတင် စာရင်းသွင်းပြီးလျှင် မိမိ၏ မိခင်ဘာသာ စကား အပြင် အခြားသော မိမိ ကျွမ်းကျင်သည့် ဘာသာစကား ရှိပါက ရွေးချယ် ပေးရမည်။

ထိုအခါ မိမိ ကျွမ်းကျင်သော ဘာသာများနှင့် ဆိုင်သည့် ဘာသာပြန်စရာများ ရှိပါက Flitto က ဖော်ပြ ပေးမည် ဖြစ်သည်။ မိမိက ဝင်ရောက် ဘာသာပြန် ပေးပါက မိမိ ဘာသာပြန်သည့် စာလုံး အရေအတွက် အလိုက် Flitto မှ အွန်လိုင်းက တစ်ဆင့် ငွေပေး ချေမည် ဖြစ်သည်။ ပျမ်းမျှအားဖြင့် စာလုံး (၂၅၀) ကို တစ်ဒေါ်လာနှုန်း အွန်လိုင်းက ပေးချေသည်။ Flitto သည် ရာခိုင်နှုန်း အနည်းငယ်ကိုသာ ကြားခံ ဝန်ဆောင်ခ အဖြစ် ယူပြီး အများစုသော ငွေကြေးကို ဘာသာပြန်သူများအား ထိုက်တန်စွာ ပေးအပ်သည်။

Flitto ကို သုံးပြီး မိမိ ဘာသာ ပြန်စေ လိုသော စာတစ်လုံးချင်း၊ တစ်ကြောင်းချင်းမှ အစ စာအုပ် တစ်အုပ်လုံး စာပါ ဘာသာပြန် ခိုင်း၍လည်း ရသည်။ ကျသင့်သော ငွေကြေးကို အွန်လိုင်းက ပေးချေ ရမည်။

ယခုအခါ Flitto တွင် ဘာသာပြန်သူ အဖြစ် ဝင်ရောက် မှတ်ပုံ တင်ထားသူ ကမ္ဘာ့နိုင်ငံပေါင်း (၁၇၀) မှ လူပေါင်း တစ်သန်း နီးပါး ရှိနေပြီ ဖြစ်သည်။ လီကို ယနေ့ နေရာ ရောက်လာစေသည့် သမိုင်းကြောင်းကိုလည်း ကြည့်ကြ ဦးစို့။

ငယ်ဘဝ

ဖခင်သည် နိုင်ငံတကာ ကုမ္ပဏီကြီးတွင် လုပ်ကိုင်သူ ဖြစ်သောကြောင့် ဖခင်နှင့် အတူ မိသားစုတွေ လိုက်နေရသဖြင့် မစ္စတာလီ ငယ်ဘဝက နိုင်င ံစုံမှာ ကြီးပြင်း ရသည်။ သူ့ကို ကူဝိတ်မှာ မွေးသည်။ လေးနှစ်သား အထိ ကူဝိတ်မှာ နေရသည်။ ထို့နောက် မိသားစုတွေ ဗြိတိန်ကို ပြောင်းသည်။ ဗြိတိန်မှာ သုံးနှစ် နေပြီးနောက် အမေရိကန်ကို ပြောင်းကြ ပြန်သည်။ နောက် နှစ်နှစ် နေတော့ ဆော်ဒီနိုင်င ံဂျာဒက်မြို့ကို ပြောင်းကြ ပြန်သည်။ ရောက်ရာ နိုင်ငံက နိုင်ငံတကာကျောင်းတွေမှာ ကျောင်းတက်ခဲ့ရသူ ပီပီ အင်္ဂလိပ်၊ ပြင်သစ်၊ အာရဗီစကားတွေပါ သူတတ် ခဲ့သည်။ သူ့မိခင် ဘာသာစကား ကိုရီးယားကိုလည်း ကျွမ်းကျင်သည်။

“နိုင်ငံစုံ၊ လူမျိုးစုံနဲ့ တွေ့ဆုံခဲ့ရ တယ်” ဟု မစ္စတာလီက ပြောသည်။ “လူမျိုးစုံနဲ့ ပေါင်းသင်း ကြီးပြင်းလာ ခဲ့ရတော့ လူတိုင်းဟာ အတူတူပဲ ဆိုတာ ကျွန်တော် ကိုယ်တွေ့ သိလာ ရတယ်။ ဘာသာစကား ကွာခြား နေကြ တာကြောင့် တံတိုင်း ခြားသလို ဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ လွဲနေရတာပဲ”ဟုမစ္စတာလီက ပြောသည်။

ဆော်ဒီအာရေဗျတွင် ခုနစ်နှစ် နေပြီးနောက် မိသားစုတွေ တောင်ကိုရီးယားကို ပြန်ရောက်လာသည်။ တောင်ကိုရီးယားမှာ သူ အထက်တန်း ပြီးသည်။ ထို့နောက် ကိုရီးယား တက္ကသိုလ်မှာ သူတက်ခွင့် ရသည်။ နိုင်ငံတကာမှာ ကြီးပြင်း ခဲ့ရသူ ဖြစ်သောကြောင့် မစ္စတာလီသည် အင်္ဂလိပ်စာ ကောင်းကောင်း တတ်သဖြင့် ကိုရီးယား တက္ကသိုလ်မှာ အင်္ဂလိပ်လို အိမ်စာများ လုပ်ရသည့် အခါ သူငယ်ချင်းတွေက သူ့ကို အကူအညီ တောင်းပြီး ရေးခိုင်း ကြသည်။

“အိမ်စာကို အင်္ဂလိပ်လို ပြန်ရေးပေး၊ ညစာ ကျွေးမယ်။ ဆိုင်မွန်ရေ ဆိုတာမျိုး သူငယ်ချင်းတွေကလာ အကူအညီ တောင်းကြတယ်”ဟု သူက ပြောပြသည်။ “တစ်ယောက်ကစ တစ်ရာ ဆိုသလို တခြား သူငယ်ချင်းတွေကလည်း သူတို့ အိမ်စာတွေပါ အင်္ဂလိပ်လို ဘာသာပြန် ရေးပေးဖို့ အကူအညီ တောင်းလာကြတယ်။ နောက်ကျတော့ ရေးပေးလို့တောင် မနိုင် နိုင်အောင် ဖြစ်လာတယ်”ဟု မစ္စတာလီက ပြောပြသည်။

ဘာသာပြန် လုပ်ငန်း၏ အလားအလာကို မြင်သဖြင့် မစ္စတာလီသည် သူငယ်ချင်းများ ထဲက အခြား ဘာသာစကား တတ်သူများကိုပါ စုစည်းပြီး၊ ဘာသာပြန် ဝန်ဆောင်မှု ကုမ္ပဏီ ထူထောင်ဖို့ စိတ်ကူး စတင် ရရှိ ခဲ့တော့သည်။

ဘယ်ကစခဲ့လဲ

Flitto ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် စတင ခဲ့သည်။ ကိုရီးယားမှာ အခြေမစိုက်ဘဲ လန်ဒန်မှာ အခြေစိုက်ခဲ့သည်။ မိခင်နိုင်ငံ ကိုရီးယားကနေ ထွက်ပြီး လန်ဒန်ကို ရွေးရသည့် နှစ်ချက် ရှိသည်ဟ ုမစ္စတာလီ က ပြောသည်။ ထိုအချိန်တွင် သူ့ သူငယ်ချင်းများသည် တောင်ကိုရီးယား၏ ကော်ပိုရိတ် စီးပွား လုပ်ငန်းကြီးများတွင် လစာမြင့် ရာထူးမြင့် သူများ ဖြစ်နေကြပြီ ဖြစ်ရာ သူငယ်ချင်းများနဲ့ ယှဉ်လျှင် သူက ဝင်ငွေပင် မည်မည် ရရ ရှိသူ မဟုတ်သောကြောင့် ကြာလာလျှင် စိတ်ဓာတ်ကျသွားမှာ စိုးရိမ်ရသောကြောင့် ဖြစ်သည်။ နောက်တစ်ချက်ကား လန်ဒန်သည် လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ၊နည်းပညာ အသိုက်အဝန်း စုံသောကြောင့် ဖြစ်သည်။

လန်ဒန်တွင် စွန့်ဦး တီထွင် လုပ်ငန်းငယ်များကို နည်းပညာအား၊ အကြံဉာဏ် အား၊ ငွေအားဖြင့် ထောက်ပံ့ပေးနေသော Flitto အဖွဲ့အစည်းက ပေးသည့် ရုံးခန်းလေးတွင် သူအလုပ် စခဲ့သည်။ Flitto ကို စတင်စဉ်က သူ့ ဝက်ဘ်ဆိုက် နှင့် အပလီကေးရှင်းကို လူအများ အာရုံစိုက်လာအောင် ကြော်ငြာဖို့ ငွေလည်း မရှိ။ သို့သော် မစ္စတာလီသည် ဆိုရှယ်မီဒီယာ၏ အင်အားကို ကောင်းကောင်း အသုံးချကာ ဘာသာပြန် ပေးမည့် သူများ ရလာအောင်၊ ဘာသာပြန် ဝန်ဆောင်မှု အလုပ်အပ်မည့် လူများ ရလာအောင် ကြိုးပမ်း နိုင်ခဲ့သည်။

လေဒီဂါဂါကဲ့သို့ ကမ္ဘာကျော်များ၏ တွစ်တာပို့စ်များကို Flitto သုံးပြီး ဘာသာ စကား အမျိုးမျိုးသို့ ဘာသာပြန်ကြဖို့ ဆိုရှယ် မီဒီယာသုံးသူများကို စည်းရုံး ဆော်သြ ခဲ့သည်။ ကမ္ဘာကျော် အနုပညာရှင်များ၏ ပို့စ်များဖြစ်သောကြောင့် လူစိတ်ဝင်စားမှု များသည့် အတွက် Flitto ပါ ကြားက လူသိများ လာတော့သည်။ မစ္စတာလီ၏ ဗျူဟာ အလုပ် ဖြစ်ခဲ့သည်။ ဘာသာပြန် ပေးမည့်လူများ ကမ္ဘာ တဝန်း တိုးပွား လာသည်။ ဘာသာပြန် ဝန်ဆောင်မှုကို အခကြေးငွေပေး၍ အလုပ်အပ်သူတွေ တိုးလာသည်။

ယခုအခါ Flitto ကို ဆိုးလ်တွင် ရုံး ချုပ် ထားရှိပြီ ဖြစ်သည်။ အချိန်ပြည့် ဝန်ထမ်း (၃၄)ယောက်သာ ရှိသည့်တိုင် ဘာသာပြန်ပေးဖို့ Flitto တွင် နေ့စဉ် အလုပ်အပ်မှုပေါင်း (၁၇၀၀၀) လောက် အထိ ရှိနေသည်။ ထိုဘာသာပြန် အလုပ်အပ်သည်များကို Flitto တွင် ဘာသာပြန်သူ အဖြစ် စာရင်း ပေးထားသော ကမ္ဘာတဝန်းမှာ လူတစ်သန်းကျော်က ကိုယ်စီ ကိုယ်စီ ဘာသာပြန် ပေးကြမည် ဖြစ်သည်။

စာတစ်ကြောင်း နှစ်ကြောင်းလောက် ဘာသာပြန်ပေးဖို့ အလုပ်အပ်သူ ရှိသလို၊ ထုလိုက် ထည်လိုက် အလုပ်အပ်သည့် စီးပွား လုပ်ငန်းကြီးများလည်း ရှိသည်။ ဘာသာ ပြန်သူများကိုလည်း အရည်အသွေးကို လိုက်၍ အမှတ်ပေး အဆင့် သတ်မှတ်သည်။ စုစုပေါင်း အဆင့် ငါးဆင့် ခွဲခြား သတ်မှတ်သည်။

Flitto ကို လူစိတ်ဝင်စားမှု ပိုများ လာစေရန် အတွက် အွန်လိုင်း စတိုးကိုလည်း တွဲဖွင့် ထားသည်။ အဝတ်အစားမှ အစ အိုင်ဖုန်း အဆုံး ဝယ်ယူ နိုင်သည်။ အယ်ဒီတာ့ အာဘော် အခန်းကိုလည်း ဖွင့်လှစ် ထားပြီး ကမ္ဘာတဝန်းမှ Flitto သုံးသူများ၏ အကြောင်းများ၊ ဓာတ်ပုံများကိုလည်း ဖော်ပြ ထားသည်။

ဘာသာပြန်သူများကို လစာပေး ခန့်ထားခြင်း မရှိသည့် စနစ်ကြောင့် ဘာသာပြန် ဝန်ဆောင်ခကိုလည်း လျှော့ချပေး လိုက်နိုင်သည့် အားသာချက် ရှိသည်ဟု မစ္စတာလီက ပြောသည်။ Google Translate ကဲ့သို့သော ကွန်ပျူတာ ဘာသာပြန် ဆော့ဖ်ဝဲများကြောင့် သူ့လုပ်ငန်းကို လူတွေ အားမကိုးတော့မှာ မစိုးရိမ်ဘူးလားဟု မေး ကြည့်ရာ စိုးရိမ်မှု လုံးဝမရှိကြောင်း၊ လူသားများက ဘာသာပြန်ခြင်း လိုမျိုး အသေးစိတ် တိကျ၍ အသက်ပါ ချောမွေ့သော ဘာသာပြန်မှုမျိုးကို ဆော့ဖ်ဝဲများက မည်သည့်အခါမျှ ရေးသားပေးနိုင်လိမ့်မည် မဟုတ်ဟု မစ္စတာလီက ပြောသည်။

တခြားလူတွေကို ဘာအကြံပေးချင်လဲဟု မေးသည့်အခါ ကိုယ်ပိုင်လုပ်ငန်း လုပ်လိုသူများကို အကြံပေးချင်သည်မှာ အလုပ်က ကိုယ့်ဘ၀ တစ်ခုလုံးကို လွှမ်းမိုးသွားနိုင်တာ သတိထားဖို့ ဖြစ်သည်ဟု မစ္စတာလီက ပြောသည်။“ကျွန်တော့်ထက် အငယ်တွေက ကျွန်တော့်ဆီ လာပြီး ဆိုင်မွန်ရေ- ကျုပ် ကိုယ်ပိုင် လုပ်ငန်းတစ်ခု ထူထောင်ရင် ကောင်းမလား၊ အကြံပေးပါဦးလို့ မေးလာရင် မလုပ်နဲ့ ကိုယ့်လူ၊ မလုပ်နဲ့၊ စိတ်ဖိစီးမှု သိပ်များတယ်နော်လို့ ကျွန်တော် အမြဲ သတိပေးတယ်” ဟု ဆိုင်မွန်က ပြောပြသည်။

စိတ်ဖိစီးမှု ဒဏ်ခံဖို့ အသင့် ရှိပါသည် ဆိုသူများကိုကား ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ဖြင့် အိပ်မက်နောက်ကို လိုက်ဖို့ တိုက်တွန်း ဖြစ်ကြောင်းလည်း မစ္စတာလီက ပြောသည်။“ကိုယ်ပိုင် အလုပ်လုပ်တာ စိတ်ဖိစီးမှု သိပ်များတာ အမှန်ပဲ။ ဒါပေမဲ့ အားသာချက်က နေ့တိုင်း ကိုယ့်ဘဝကို ကိုယ့်လက်ထဲ ကိုယ်ကိုင်ပြီး လျှောက်လှမ်းခွင့် ရတယ်။ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက် နေခွင့်ရတယ် ဆိုပြီး ကျေနပ်တဲ့စိတ် ဖြစ်နေတာပဲ” ဟု မစ္စတာလီက ပြောကြား သွားသည်။

Messenger News Journal မှ

Tags: successfulworld people
Next Post
သဘာဝဘေးအန္တရာယ် အနည်းဆုံးနိုင်ငံ ၇ နိုင်ငံ

သဘာဝဘေးအန္တရာယ် အနည်းဆုံးနိုင်ငံ ၇ နိုင်ငံ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!