ရေးသားသူ – ဗဟုသုတ နှင့် ရသစုံ
ကျောက်ပုစွန်တွေက ကျောရိုးမဲ့သတ္တဝါတွေဖြစ်ပြီးတော့ ၂၀-၃၀ လက်မ လောက် ပုံမှန်အရွယ်အစားရှိပါတယ်။ သူတို့သွေးက ဟေမိုဆိုင်ယမ်နင် ဆိုတဲ့ဓာတ်ကြောင့် အပြာရောင်ဖြစ်နေပါတယ်။ လူ့သွေးကတော့ ဟေမိုဂလိုဘင် ကြောင့် အနီရောင်ဖြစ်နေတာပါ။
ခြေလက် ငါးစုံပါပြီးတော့ သုံးစုံကတော့ လက်သည်းတွေနဲ့ပါ။ ရှေ့ဆုံးလက်သည်းကတော့ အကြီးဆုံးပါ။ သူတို့အခွံအရောင်က အများအားဖြင့် အနီရောင်မဟုတ်ပါဘူး။ ဟင်းအိုးထဲရောက်မှသာ အနီရောင်ဖြစ်သွားတာပါ။
လက်မနှစ်ချောင်းမှာ ကိုယ်ထည်နှင့် မမျှအောင် အလွန်ကြီးမား၍ တစ်ဖက်မှ ကြိတ်ချေရန်နှင့် တဖက်ကို ညှပ်ရန် အသုံးပြုကြပါတယ်။ ထိခိုက်ပွန်းပဲ့လျှင် ပြန်၍ အသားတက်နိုင်ပါတယ်။ အခွံမာကျော၍ ကျောက်ကဲ့သို့ရှိသည်။ ပင်လယ်အောက်ခြေလွှာတွင် သွားလာကျက်စားလေ့ရှိပြီး နောက်ပြန်ကူးရာတွင် အလွန်လျင်မြန်ကြပါတယ်။
ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်တွင် ပေါများပါတယ်။ အရင်က New England မှာအရမ်းပေါပြီး ထောင်သားတွေ၊ ဆင်းရဲသားတွေသာစားတဲ့ အစားအစာပါ။ အခုတော့ တော်တော်ဈေးကြီးနေပြီနော်။ Seven Colour ရှိသော ကျောက်ပုစွန်များက အကောင်းဆုံးနှင့် ဈေးအမြင့်ဆုံး ဖြစ်ပါတယ်။ တစ်ကောင်ကို နှစ်ပိဿာမှ သုံးပိဿာ အထိကြီးပါတယ်။
မြန်မာ့ပင်လယ်ပိုင်းတွင်လည်း တွေ့ရတတ်ပြီး ပင်လယ်ကမ်းရိုးတန်း ဒေသများ တစ်လျှောက် တွေ့ရလေ့ရှိပါတယ်။ အထူးသဖြင့် ရခိုင်ကန်းရိုးတန်း၊ မြိတ်ကမ်းရိုးတန်းများတွင် အများအပြား ရရှိကြပါတယ်။ မာန်အောင်ကျွန်း ပတ်ဝန်းကျင်၌ Seven Colour, Yellow Bamboo, Green လိုပေးထားတဲ့ ကျောက်ပုစွန် အမျိုးအစားများ ရှိပါတယ်။
Blue နှင့် Red Spot ဆိုသော ကျောက်ပုစွန် အနည်းငယ်လောက် တွေ့ရှိရပါတယ်။ အဲဒီကျောက်ပုစွန်များကို မာန်အောင်ဒေသက မဂန်းဟု ခေါ်ကြပြီး တနင်္သာရီဒေသက ပဂဲဟု ခေါ်ကြပါတယ်။
ကျောက်ပုစွန်တွေမှာ အစာအိမ်နှစ်ခုပါနေပါတယ်။ သူတို့အချင်းချင်း တစ်ကောင်ကိုတစ်ကောင် စားတတ်ပါတယ်။ သူတို့ဟာခြေတွေလက်တွေ ပြတ်သွားရင် အသစ်ပြန်ဖြစ်ပါတယ်။ အရင်တုန်းကတော့ သူတို့အခွံကို ဂေါက်သီးလုပ်တဲ့အခါ အသုံးပြုခဲ့ပါတယ်။
သူတို့ဟာ အသက် ၁၀၀ လောက်ထိရှည်ပါတယ်။ အသက်အရှည်ဆုံး အကောင်တွေထဲမှာ ပါ ပါတယ်။ သူတို့က အရွက်အပြင် အသားလည်း စားပါတယ်။
သူတို့ဟာအခွံလဲကြပါတယ်။ အခွံလဲနေတဲ့ ကာလအတွင်း သေတောင်သေနိုင်ပါတယ်။ တချို့က အား အလုံအလောက်မရှိလို့သေပါတယ်။ အခွံပြောင်းစဉ်သေတာ ၁၅ ရာခိုင်နှုန်းလောက်ရှိပါတယ်။ သူတို့ဟာ အကောင်ကြီးလေ အသက်ကြီးလေ စွမ်းအားကြီးလေပါ။ အကြီးဆုံး ကျောက်ပုစွန်ကို ကနေဒါနိုင်ငံမှာ ဖမ်းမိခဲ့ပြီး ၄၄.၄ ပေါင်တောင်လေးပါတယ်။
သူတို့က ပြေးပြီဆိုရင်တော့ ဗိုက်ကို ကွေးလိုက် ဖြောင့်လိုက်နဲ့ အမြန်ပြေးပါတယ်။ တစ်နာရီကို ၁၁ မိုင်နှုန်းနဲ့ ပြေးနိုင်ပါတယ်။
ကျောက်ပုစွန်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းက လွန်ခဲ့တဲ့ နှစ်သန်း ၁၄၀ တည်းကဖြစ်တယ်လို့သိရပါတယ်။ သူတို့ဟာ အဖြူရောင်၊ ပန်းရောင်၊ လိမ္မော်ရောင်၊ အညိုရောင်၊ စိမ်းပြာနှင့် အပြာပုပ်ပုပ်အရောင် စသည်ဖြင့်အရောင်မျိုးစုံရှိပါတယ်။ တစ်ခါတစ်လေ အရောင်နှစ်မျိုးနဲ့လာတတ်ပြီး လိင်စုံ ဖြစ်တတ်ပါတယ်။
တစ်ခါအခွံပြောင်းရင် ၁၅ မိနစ်လောက်ကြာတတ်ပြီး အရွယ်အစား ၂၀ ရာခိုင်နှုန်းလောက်ကြီးသွားပါတယ်။ သူတို့အခွံကိုသူတို့ပြန်စားပြီး ကယ်ဆီယံ ဓာတ်ကိုရယူပါတယ်။ သူတို့အခွံပြန်မာဖို့အတွက် ၈ လ လောက်အချိန်ယူရပါတယ်။ အကြီးဆုံးက ၃ပေ လောက်ကြီးပါတယ်။
အထီးလား အမလား ကြည့်ချင်ရင်တော့ ဗိုက်နားကို ကြည့်ရမှာပါ။ အမတွေကတော့ ဥ တွေ သယ်ဖို့ အမြီးပိုရှည်ပြီး ကျယ်ပါတယ်။ အမတွေက အခွံပြောင်းပြီး အခွံသစ်ပျော့နေတဲ့အခြေအနေမျိုးပွားပါတယ်။ ဓာတ်တစ်မျိုးကိုလွှတ်ပြီး အထီးတွေကိုခေါ်ပါတယ်။ သူတို့ဟာ အထီးသုက်ကို၂နှစ်လောက် ထိန်းထားနိုင်ပါတယ်။
အလေးချိန် တစ်ပေါင်ရှိတဲ့ အမက ဥ ၈ထောင် ကျော်သယ်နိုင်ပြီး ၉ပေါင်လောက်ရှိတဲ့ အမကတော့ ၁သိန်းကျော်သယ်နိုင်ပါတယ်။ ဥတွေပေါက်တော့မယ်ဆိုရင် လှုပ်ရမ်းပြီးထုတ်ပါတယ်။ ဥတွေက ဥ ဘ၀ မှာတင် ခြောက်ကြိမ်လောက် အခွံလဲကြပါတယ်။ ရေမျက်နှာပြင်မှာ ၆ပတ်လောက် မျောနေပြီး ဝ.၁ ရာခိုင်နှုန်းတောင် အသက်မရှင်ပါဘူး။
ကျောက်ပုစွန်တွေဟာ လင်းပိုင်တွေလိုပဲ တစ်ကောင်နဲ့တစ်ကောင် ဆက်သွယ်ကြပါတယ်။ ညမှသာ အစာရှာထွက်လေ့ရှိပါတယ်။ ခန္ဓာကိုယ်မှာ အစိတ်အပိုင်း ၁၉ခု ပါ ပါတယ်။ သူတို့ဟာ နာကျင်မှုကိုခံစားနိုင်ပါတယ်။ သူတို့ဟာ အာရုံကြောစနစ်ပျက်စီးသွားတဲ့အထိ နာကျင်မှုကိုခံစားရတတ်ကြပါတယ်။
ဗဟုသုတ နှင့် ရသစုံ
Discussion about this post