တရားဝင်အမည် ကော်စတာရီကာ သမ္မတနိုင်ငံဟုခေါ်တွင်ပြီး ဗဟိုအမေရိကတွင် တည်ရှိသောနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ မြောက်ဘက်တွင် နီဂွာဂါရာနိုင်ငံ ၊ အရှေ့မြောက်ဘက်တွင် ကာရေးဘီယံပင်လယ် ၊ အရှေ့တောင်ဘက်တွင်ပနားမားနိုင်ငံ ၊ အနောက်တောင်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာတို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျှက်ရှိသည်။ နိုင်ငံ၏ အကျယ်အဝန်းမှာ ၁၉၇၀၀ စတုရန်းမိုင်ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၄.၈၅သန်း ခန့်သာနေထိုင်သော နိုင်ငံငယ်လေးဖြစ်သည်။ အကြီးဆုံးမြို့နှင့် နိုင်ငံမြို့တော် ဆန်ဂျိုးမြို့ပေါ်တွင် လူဦးရေ ၃သိန်းကျော်နေထိုင်ပြီး မြို့တော်နယ်နိမိတ်ပတ်လည်တွင်မူ လူပေါင်း ၂သန်းခန့် နေထိုင်သည်။
ကော်စတာရီကာတွင် အစောဆုံးအဖြစ် ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၇၀၀၀ နှင့် ၁၀၀၀ အကြား Turrialba တောင်ကြားဒေသ၌ လူများနေထိုင်ခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ခန့်ကတည်းက သီးနှံစိုက်ပျိုးခြင်းကို လုပ်ကိုင်ခဲ့ကြသည်။ အမေရိကရှေးဦးလူမျိုးများ အစဉ်အဆက်နေထိုင်ခဲ့ကြပြီး ၁၆ရာစု အစောပိုင်းတွင် ဥရောပမှ စပိန်တို့က ဒီဒေသကို စတင်ကျူးကျော်ခဲ့သည်။ သို့သော်ကူးစက်ရောဂါပေါများခြင်း ၊ နွံအိုင်များပေါများကာ အလွန်ပူပြင်းခြင်း နှင့် ဒေသခံများတို့၏ တိုက်ခိုက်ခြင်းများကြောင့် စပိန်တို့ဒီဒေသကို မစိုးမိုးနိုင်ခဲ့ချေ။ နောက်ပိုင်းတွင်မှု စပိန်တို့၏ လက်အောက်သို့ကျရောက်သွားခဲ့ပြီး နှစ်ပေါင်း ၂၅၀ခန့် စပိန်ကိုလိုနီ ဖြစ်ခဲ့သည်။ ၁၈၂၁ ခုနှစ်တွင်ကော်စတာရီကာသည် အမေရိကအလယ်ပိုင်းပြည်နယ်များစွာအနက်မှ ပြည်နယ်တစ်ခု ဖြစ်လာခဲ့ပြီး စပိန်ထံမှ အခြားပြည်နယ်များနှင့်ပူးတွဲ၍ လွတ်လပ်ရေးကြေငြာရယူခဲ့သည်။
နောက်နှစ်နှစ်အကြာတွင် အမေရိက အလယ်ပိုင်းပြည်နယ်များ ပြည်ထောင်စုသို့ဝင်ရောက်ခဲ့သည်။ သို့သော် ၁၈၃၈ ခုနှစ်တွင် ၎င်းပြည်နယ်များ ပြည်ထောင်စုပြိုကွဲသွားခဲ့ပြီး ကော်စတာရီကာ က လွတ်လပ်ရေးတောင်းဆို၍ ကိုယ်ပိုင်အချုပ်အခြာအာဏာ ထူထောင်ခဲ့သည်။ (၁၉) ရာစုနှောင်းပိုင်းမှစ၍ အသေးစားဆူပူအုံကြွမှု နှစ်ကြိမ်မျှသာ ဖြစ်ပွားခဲ့ပြီး တိုင်းပြည်၏ ဒီမိုကရေစီစနစ် တိုးတက်ရေးကို အနှောက်အယှက် ဖြစ်စေခဲ့သည်။ စိုက်ပျိုးရေး ကဏ္ဍသည် တိုင်းပြည်၏ အဓိက အသက်သွေးကြော ဖြစ်သော်လည်း နည်းပညာနှင့် ခရီးသွားနယ်ပယ်များတွင် စီပွားရေးလုပ်ငန်းများ တိုးချဲ့လျက်ရှိသည်။ လူနေမှု အဆင့်အတန်း အတော်အသင့် မြင့်မားသည်။ မြေပိုင်ရှင် စနစ် ကျယ်ပြန့်စွာတည်ရှိသည်။
ကော်စတာရီကာသည် ၎င်း၏ စစ်တပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၉၄၉ မှစ၍ တရားဝင် ဖျက်သိမ်းခဲ့သည်။ နိုင်ငံစစ်တပ် ဖျက်သိမ်းခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂ တွင် ဖော်ပြထားခဲ့ပြီး ယခင်စစ်တပ်အတွက် သုံးစွဲရန် လျာထားသော အသုံးစရိတ်ကို နိုင်ငံလုံခြုံရေး၊ ပညာရေး နှင့် ယာဉ်ကျေးမှုတို့အတွက် သုံးစွဲခဲ့သည်။ ရှေးဦးဒီမိုကရေစီနိုင်ငံ(၂၂)နိုင်ငံစာရင်း တွင်ပါဝင်သော တစ်ခုတည်းသော လက်တင်အမေရိက နိုင်ငံတစ်ခုဖြစ်သည်။ လက်တင်အမေရိကနိုင်ငံများထဲတွင် လူသားဖွံ့ဖြိုးမှုညွှန်းကိန်း ပုံမှန်မြင့်မားသောတိုင်းပြည်ဖြစ်သည်။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းမှုညွှန်းကိန်းအဆင့် အနေဖြင့် ၂၀၁၀ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ အဆင့်(၃)၊ အမေရိကနိုင်ငံများထဲတွင် အဆင့်(၁) ဖြစ်သည်။ ၂၀၀၇ခုနှစ်တွင် ကော့စတာရီကာအစိုးရက ၂၀၂၁ခုနှစ်အရောက်တွင် ကမ္ဘာ့ပထမဆုံး ကာဗွန်မဲ့တိုင်းပြည် အဖြစ် ဖြစ်လာရန် အစီအစဉ်ချမှတ် ဆောင်ရွက်လျှက် ရှိသည်။
ကော်စတာရီကာ ရဲ့ စိတ်ဝင်စားဖွယ်အချက်တချို့
Costa Rica ဟူသောအမည်မှာ စပိန်ဘာသာစကားဖြင့်ခေါ်ဆိုခြင်းဖြစ်ပြီး အဓိပ္ပါယ်မှာ ကြွယ်ဝချမ်းသာသောကမ်းရိုးတန်း (Rich Coast) ဟု အဓိပ္ပါယ်ရသည်။ ထိုသို့ခေါ်ရခြင်းမှာ ထိုနေရာသို့ ကိုလံဘတ်ပထမဆုံးရောက်ရှိစဉ် ဒေသခံများသည် ရွှေများကို အဆင်တန်ဆာအဖြစ် ပေါများစွာဝတ်ဆင်ထားသောကြောင့် ဟု ဆိုသည်။
စပိန်ကိုလိုနီဖြစ်ခဲ့သဖြင့် ကော်စတာရီကာ၏ တရားဝင်ဘာသာစကားမှာ စပိန်ဘာသာစကားဖြစ်သည်။ ကိုလံဘီယာခေတ်ဦး လူမျိုးစုများမှ ဆင်းသက်လာသည့် တိုင်းရင်းသား ဘာသာစကား ၅မျိုးကိုလည်း ပြောဆိုသုံးစွဲကြသည်။ ထို ၅မျိုးမှာ Maléku, Cabécar, Bribri, Guaymí, နှင့် Buglere တို့ဖြစ်ကြသည်။ ကော်စတာရီကာနိုင်ငံသားအများစုသည် အင်္ဂလိပ်စကားကိုကောင်းမွန်စွာ ပြောဆိုနိုင်ကြသည်။
ကိုးကွယ်ယုံကြည်မှုအနေနှင့် ခရစ်ယာန်ဘာသာကို အများဆုံးကိုးကွယ်ကြသည်။ ခရစ်ယာန် ၇၇% ၊ မည်သည့်ဘာသာမှကိုးကွယ်ခြင်းမရှိသူ ၁၇% ၊ ဗုဒ္ဓဘာသာ ၃% နှင့် အခြားဘာသာများကိုလည်း ကိုးကွယ်ကြသည်။
ကော်စတာရီကာ၏ ပထဝီကို ကမ်းရိုးတန်းမြေပြန့်များ နှင့် မီးတောင်ကုန်း (၁၀၀) ကျော်ပါဝင်သော တောင်များ ဟူ၍ ပိုင်းခြားနိုင်သည်။ ၎င်းတို့ထဲတွင် မီးတောင်ကြီးများအပါအဝင်ဖြစ်၏။ အပူပိုင်းဒေသဆန်ဆန် ရာသီဥတုမျိုးကို ပိုင်ဆိုင်သည်။
ကုန်းမြေဧရိယာမှာ ၁၉၇၀၀ စတုရန်းမိုင်သာရှိသော်လည်း ရေပိုင်နက်အကျယ်အဝန်းမှာ ၃၈၈၃၅၆ စတုရန်းမိုင် ရှိလေသည်။
အစိုးရသည် ပညာရေးကို အလွန်အားပေးသည့်အတွက် အမေရိကနိုင်ငံများအနက် ပညာရေးအထွန်းကားဆုံးနိုင်ငံများတွင်ပါဝင်သည်။ ၂၀၁၆ ခုနှစ်အတွက် ပညာရေးအသုံးစရိတ်ကို နိုင်ငံဝင်ငွေစုစုပေါင်း၏ ၆.၉% အထိ သတ်မှတ်အသုံးချပေးခဲ့သည်။
ကော်စတာရီကာတွင် တက္ကသိုလ်ပေါင်း ၆၀ခန့်ရှိပြီး နှစ်သက်ရာကို ရွေးချယ်တက်ရောက်နိုင်သည်။ ထို ၆၀အနက် ၅ခုမှာ အစိုးရပိုင်ဖြစ်ပြီး ၆ခုမှာ ကမ္ဘာ့အဆင့်မီတက္ကသိုလ်များဖြစ်ကြသည်။ လူသိအများဆုံးတက္ကသိုလ်မှာ ကော်စတာရီကာတက္ကသိုလ်ဖြစ်ပြီး ကျောင်းသား/သူ ပေါင်း ၄သောင်းကျော် တက်ရောက်သက်ကြားလျှက်ရှိသည်။
ကော်စတာရီကာနိုင်ငံသားတို့သည် သူတို့ကိုယ်သူတို့ အမျိုးသားဖြစ်လျှင် Tico ၊ အမျိုးသမီးဖြစ်လျှင် Tica ဟုပြောဆိုသုံးစွဲကြပြီး အခြားနိုင်ငံသားများကိုမူ အမျိုးသားဖြစ်လျှင် Gringo ၊ အမျိုးသမီးဖြစ်လျှင် Gringa ဟု ပြောဆိုသုံးစွဲကြသည်။
ကော်စတာရီကာအား San Jose, Alajuela, Heredia, Cartago, Guanacaste, Puntarenas, နှင့် Limon ဟူ၍ ပြည်နယ် ၇ခု ခွဲခြားထားသည်။ အကြီးဆုံးမြို့ကြီးများမှာ San Jose, Alajuela, Heredia, နှင့် Limon မြို့များဖြစ်သည်။
Costa Rican colón မှာ ကော်စတာရီကာနိုင်ငံ၏ တရားဝင်ငွေကြေးဖြစ်သော်လည်း အမေရိကန်ဒေါ်လာကိုသာ အများအားဖြင့် သုံးစွဲလေ့ရှိကြသည်။
ကော်စတာရီကာတွင် စစ်တပ်မရှိသော်လည်း Fuerza Pública ဟုခေါ်သည့် ရဲဌာနရှိသည်။ အများပြည်သူလုံခြုံစောင့်ရှောက်ရေးဝန်ကြီးဌာနတွင် ရှိပြီး ကမ်းရိုးတန်းအတွက် ကမ်းခြေလုံခြုံရေးတပ်ဖွဲ့များလည်း ထားရှိသည်။
ကော်စတာရီကာနိုင်ငံသားများသည် ဆေးဝါးပစ္စည်းများ ၊ အစားအစာ ၊ အသီးအနှံများ ၊ ချည်မျှင်နှင့်အထည် ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ၊ ဓာတ်မြေသြဇာ ၊ ပလတ်စစ် ၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြသည်။ ကော်စတာရီကာနိုင်ငံသားတစ်ဦးချင်းစီ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၇၅၅၉ ဒေါ်လာဖြစ်သည်။
ကော်စတာရီကာသည် သဘာဝပတ်ဝန်းကျင် အထိမ်းသိမ်းနိုင်ဆုံးနိုင်ငံများတွင်ပါဝင်သည်။ နိုင်ငံ့စုစုပေါင်း ဧရိယာ၏ ၂၅% ကို သစ်တောများကဖုံးလွှမ်းထားသည့်အပြင် ဘေးမဲ့တောပေါင်းလည်း ၁၀၀ကျော် ထားရှိကာကွယ်ထားသည်။
ကော်စတာရီကာ၏ NICOYA ဒေသသည် အပြာရောင်ဇုန် ဟု လူသိများသည်။ အလွန်အေးချမ်းသည့် ဒေသဖြစ်ပြီး ထိုဒေသတွင်နေထိုင်သည့် လူအများစုသည် အသက် ၉၀ ခန့်အထိ ကျန်းကျန်းမာမာနေထိုင်နိုင်ကြသည်။
ကော်စတာရီကာတွင် ငှက်အမျိုးအစားပေါင်း ၉၀၀ခန့် ရှိနေပြီး ထိုအထဲတွင် ၅၂မျိုးသည် ငှက်ပိတုန်းအမျိုးအစားများဖြစ်သည်။ ထို့ပြင် သစ်ခွအမျိုးအစားပေါင်း ၁၄၀၀ ကျော်သည် ကော်စတာရီကာတွင် ရှိနေသည်။
ကော်စတာရီကာ၏ အမြင့်ဆုံးနေရာမှာ Chirripó အမျိုးသားဥယျာဉ်နယ်မြေရှိ Chirripó တောင်ဖြစ်ပြီး အမြင့်ပေ ၁၂၅၃၆ပေ မြင့်သည်။
ကော်စတာရီကာတွင် ယူနက်စကိုဒေသ ၄ခုရှိပြီး ထိုအထဲတွင် ၃ခုသည် အမျိုးသား သဘာဝနယ်မြေများဖြစ်ပြီး ကျန်တစ်ခုသည် လုံးဝန်းနေသော ဧရာမကျောက်တုံးကြီးများရှိရာနေရာဖြစ်သည်။ Stone Spheres Of The Diquís ဟု နာမည်ကြီးသည့် ကျောက်တုံးကြီးများကို မည်သူမှ မည်သည့်အတွက်ထုတ်လုပ်ခဲ့သည်ကို ယနေ့တိုင်အဖြေမသိကြပါပေ။
VIDEO
သုတဇုန်
Discussion about this post