တူရကီနိုင်ငံ၊ Marmara ပင်လယ်အတွင်းက အစ္စတန်ဘူကမ်းခြေရဲ့မနီးမဝေး Buyukada ကျွန်းငယ်လေးပေါ်မှာတော့ ယိုင်နဲ့နဲ့အနေအထားနဲ့တည်ရှိနေတဲ့ သစ်သား အဆောက်အအုံအိုကြီး တစ်ခု တည်ရှိနေပါတယ်။ Prinkipo Palace (သို့) Prinkipo Greek Orphanage လို့ကျော်ကြားခဲ့ဖူးတဲ့ အဲဒီအဆောက်အအုံကြီးဟာ စတုရန်းမီတာ (၂၀၀၀၀) လောက်ကျယ်ဝန်းပြီးဥရောပရဲ့အကြီးမားဆုံးသောသစ်သားအဆောက်အအုံ ဖြစ်သလို ကမ္ဘာမှာတော့ ဒုတိမြောက်အကြီးမားဆုံး အဖြစ်မှတ်တမ်းဝင်ထားပါတယ်။
Prinkipo Palace ဟာအခန်းပေါင်း(၂၀၆)ခန်းအထိရှိပြီး မီးဖိုချောင်၊စာကြည့်တိုက်၊ မူလတန်းကျောင်းနဲ့ဂီတအနုပညာခန်းတွေအထိပါဝင်ပါတယ်။ (၁၉၀၃)ကနေ(၁၉၆၄)ကာလတွေအထိတော့ Prinkipo အဆောက်အအုံကြီး ဟာ မိဘမဲ့ဂေဟာအဖြစ်အသုံးပြုခြင်းခံခဲ့ရပြီးနောက်ပိုင်းမှာတော့ အဆောက်အအုံရဲ့ ကြံ့ခိုင်မှု အနေအထားအပါအဝင် နိုင်ငံရေးပရောဂတွေကြောင့် ပိတ်သိမ်းခဲ့ရပါတယ်။
Prinkipo Greek Orphanage အဆောက်အအုံကို Rum Orphanage လို့လည်းသိကြပြီး စတင်ဒီဇိုင်းဆွဲတည်ဆောက်ခဲ့သူကတော့ ပြင်သစ်တူရကီကပြား ဗိသုကာပညာရှင် Alexander Vallaury ဖြစ်ပြီး (၁၈၉၈)ခုနှစ်ကတည်ဆောက်ခဲ့ပါတယ် စတင်တည်ဆောက်ချိန်ကတော့ Prinkipo Palace ဆိုတဲ့အမည်ကိုပေးခဲ့ပြီး လောင်း ကစားရုံပါဝင်တဲ့ဇိမ်ခံဟိုတယ်တစ်ခုအနေနဲ့တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
ယင်းကာလက ဥရောပရဲ့ မီးရထားခရီးသည်ပို့ဆောင်ရေးလုပ်ငန်း Orient Express ကိုစတင်တည်ထောင်ခဲ့တဲ့ နာမည်ကျော် ဟိုတယ်နှင့်ခရီးသွာလာရေး လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်တဲ့Compagnie International des Wagons-Lits ကပိုင်ဆိုင်တဲ့ဒီအဆောက်အအုံဟာ မူလတည် ဆောက်ရတဲ့ ရည်ရွယ်ချက်ကိုတော့မရောက်ရှိခဲ့ပါဘူး။
ဘာကြောင့်လဲဆိုတော့ ယင်း ကာလက တူရကီနိုင်ငံရဲ့အမြင့်ဆုံးအာဏာပိုင်ဖြစ်တဲ့ Sultan Abdul Hamid (2) ဟာ သူတို့ရဲ့လောင်းကစားရုံပါတဲ့အစီစဉ်ကိုလက်မခံခဲ့တာကြောင့် (၁၉၀၃)ခုနှစ်မှာတော့ ဂရိ ဘဏ်လုပ်ငန်းရှင်တစ်ဦးရဲ့ ဇနီးဖြစ်သူ Eleni Zarifi ထံကိုပြန်လည်ရောင်းချခဲ့ပါတယ်။
သူမကတစ်ဆင့် Constaninople ခရစ်ယာန်အသင်း ကိုလှူဒါန်းခဲ့ပြီးနောက်မှာတော့ Prinkipo Palace ဆိုတဲ့အမည်ကနေ Prinkipo မိဘမဲ့ကလေးကျောင်း အမည်ကိုပြောင်းလဲသွားခဲ့ပါတယ်။ ဒီမိဘမဲ့ကျောင်းဟာ ဂရိလူမျိုးအများစုပါဝင်တဲ့ မိဘမဲ့ကလေးငယ်(၅၈၀၀)လောက်ကို (၁၉၀၃)ခုနှစ်ကနေ(၁၉၆၄)အထိထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဆိုက်ပရပ်ဒေသကိုအခြေခံဖြစ်ပွားခဲ့တဲ့ ဂရိနဲ့တူရကီနိုင်ငံအကြား နိုင်ငံရေးပရိပက္ခတွေ ကြောင့် ပိတ်သိမ်းရမဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။
ယင်းနောက်အသုံးမပြုပဲထား ရာကနေ (၁၉၈၀)မှာလောင်ကျွမ်းခဲ့တဲ့ မီးကြောင့် Prinkipo Greek Orthodox Orphange ရဲ့အဆောင်တော်တော်များ များပျက်စီးခဲ့ရပြန်ပါတယ်။ (၁၉၉၇)ခုနှစ်မှာတော့ တူရကီအစိုးရက မိဘမဲ့ ကျောင်းနေရာကို နိုင်ငံပိုင်အဖြစ်သိမ်းယူခဲ့ပြီး (၂၀၁၀)မှာတော့ တရားရုံးအမိန့်နဲ့ Constaninople ခရစ်ယာန်ဘုရားကျောင်းကို ပြန်လည် ပေးအပ်ခဲ့ပါတယ်။
(၂၀၁၈)ခုနှစ်မှာတော့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်တဲ့ Europa Nostra နဲ့ European investment Bank တို့ပူးပေါင်းပြီး ထိန်းသိမ်းရမဲ့ အန ္တရာယ်ရှိ ယဉ်ကျေးမှုအမွေအနှစ်နယ်မြေအဖြစ် Prinkipo Gree Orthodox Orphange ကို အဆိုပြုသတ်မှတ်ခဲ့ကြပါတယ်။ ယခုလက်ရှိထိန်းသိမ်းထားရတဲ့ Constaninople ဘုရားကျောင်းကလည်းယိုယွင်းနေပြီဖြစ်တဲ့ဒီအဆောက်အအုံကို ပြန်ပြုပြင်တည်ဆောက်ဖို့ အလိုရှိပေမဲ့ အခက်အခဲအအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။
တွက်ချက်မှုတွေအရတော့ ပြန်လည်ပြုပြင် စရိတ်တင် ယူရို(၆၅)သန်းလောက်ကုန်ကျမှာဖြစ်လို့ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲ ကြီးမားစွာဖြစ်နေတာကိုလည်းတွေ့ရပါတယ်။ ဒါအပြင် တူရကီနဲ့ဂရိနိုင်ငံကြား ယနေ့အချိန်ထိရှိနေတဲ့ နိုင်ငံရေးဆိုင်ရာသဘောထား တင်းမာမှုတွေကြောင့်လည်း နှစ် ၁၀၀ ကျော်သက်တမ်းရှိသွားပြီဖြစ်တဲ့ ဒီအဆောက်အအုံကြီး ကိုပြန်လည်မွမ်းမံဖို့အစီစဉ်ဟာလည်း နှောင့်နှေးလျက်ရှိနေဆဲပဲဖြစ်ပါတယ်။
VIDEO
Ref: Amusing Planet
Discussion about this post