ရေးသားသူ – ကိုထိုက် (Messenger News)
(၁ ဒသမ ၅) ကီလိုဂရမ်လောက်သာ လေးသော ပျော့ပျော့အိအိ ဦးနှောက်တုံးလေးသည် စကြဝဠာထဲတွင် လူသားတို့ သိဖူးမြင်ဖူးသမျှ အရာများအနက် အရှုပ်ထွေးဆုံး၊ အနက်နဲအသိမ်မွေ့ဆုံးဟု ဆိုလျှင် မည်သူမျှ ငြင်းမည်မထင်။ ဦးနှောက်ကို တစ်ကယ်တမ်းသာ ခိုင်းမည်ဆိုပါက ယနေ့ အကောင်းဆုံးဆိုသော စူပါကွန်ပျူတာများသည်ပင် ပြဿနာ ဖြေရှင်းနိုင်စွမ်း၊ တီထွင်ဆန်းသစ်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်း စသဖြင့် ဘက်စုံ အရည်အချင်းတွင် ဦးနှောက်နှင့် ယှဉ်သည့်အခါ နောက်တွင် မိုင်နဲ့ချီ ပြတ်ကျန်ခဲ့လိမ့်မည်။ ဦးနှောက်ကို စွမ်းဆောင်ရည် ကျဆင်းစေသော အယ်လ်ဇိုင်းမားကဲ့သို့ ရောဂါများ ကျရောက်လာသည့်အခါ ဦးနှောက်၏ အံမခန်း စွမ်းဆောင်ရည်များကို အနိမ့်ဆုံးသို့ ဆွဲချပစ်နိုင်သည်။ သို့ဖြစ်ရာ လူသားကို ထိုမျှ အကျိုးပြု နေသော ဦးနှောက်ကို ကျန်းမာအောင်ထားဖို့သည် လူသား၏ အဓိကအလုပ်ဖြစ်သည်။
ဝမ်းသာစရာ တစ်ခုကား ခန္ဓာကိုယ်ကို ကျန်းမာအောင် ထားခြင်းသည် ဦးနှောက်ကိုပါ ကျန်းမာစေသော အကျိုးရှိနေခြင်း ဖြစ်သည်။ သို့ဖြစ်သောကြောင့် လူကို ကျန်းမာစေသော ဘဝနေမှုပုံစံကိုသာ ကျင့်သုံးပါ၊ ဦးနှောက်ပါ လိုက်ကျန်းမာနေမည်ဟု ဆိုနိုင်သည်။ အောက်တွင် ဦးနှောက် ကျန်းမာရေးကိုပါ ကောင်းစေမည့် ကျန်းမာသော လူမှုပုံစံလေးခုကို တင်ပြပါမည်။
၁။ ကျစ်လျစ်ဖြတ်လတ်သော ခန္ဓာကိုယ် ရှိနေအောင် ထိန်းသိမ်းပါ။
လူတိုင်းသိပြီးသား အကြံပြုချက် တစ်ခုသာ ဖြစ်သည်ဟု စာဖတ်သူ ဆိုချင်လိမ့်မည်။ မှန်သည်။ လူတိုင်း သိပြီးဖြစ်သော်လည်း လူတော်တော်များများ လိုက်နာဖို့ မေ့နေသော အကြံပြုချက်လည်း ဖြစ်သည်။ တစ်ကယ်လုပ်ပါက လူကို တကယ်ကျန်းမာစေသော အကြံပြုချက်လည်း ဖြစ်သည်။ ခန္ဓာကို ကျန်းမာသွက်လက်ခြင်းသည် ဦးနှောက်ကိုပါ သက်ရှည်ကျန်းမာစေကြောင်း လူတော်တော်များများ သတိမထားမိဘဲ ရှိနေခြင်းသည်လည်း စိတ်မကောင်းဖွယ် တစ်ချက်ဖြစ်သည်။ ဦးနှောက်နှင့် ခန္ဓာကိုယ်သည် အပြန်အလှန် ဆက်စပ်အကျိုးပြုနေကြသည်။ ခန္ဓာကိုယ် လှုပ်ရှားမှုများကြောင့် ကြွက်သားများသည် ဦးနှောက်အတွက် အကျိုးဖြစ်စေသော မော်လီကျူးများ ထုတ်ပေးသည်။
ခန္ဓာကိုယ် သွက်လက်လှုပ်ရှားသဖြင့် သွေးလှည့်ပတ်မှုကောင်းကာ ဦးနှောက်သို့ သွေးလုံလုံလောက်လောက် ရောက်သဖြင့် ဦးနှောက်ဆဲလ်သစ်များ ဖြစ်ထွန်းနှုန်းလည်း များပြားသည်။ ဆဲလ်များကြား ကွန်ရက်ချိတ်ဆက်နှုန်းလည်း အားကောင်းလာသဖြင့် ဦးနှောက်၏ တွက်ချက်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းများ ပိုကောင်းလာရသည်။ လက်တွေ့လေ့လာမှုများအရလည်း သွက်လက်လှုပ်ရှားသူများသည် အယ်လ်ဇိုင်းမား အပါအဝင် ဦးနှောက်စွမ်းရည် ကျဆင်းစေသော ရောဂါကပ်ငြိမှု နည်းပါးကြကြောင်း တွေ့ရသည်။ သွက်လက် လှုပ်ရှားသော ဘဝနေမှုပုံစံသည် ဦးနှောက် ယိုယွင်းမှုှုကိုသာမက စိတ်ကျခြင်းများကိုပါ ကာကွယ်ပေးနိုင်စွမ်း ရှိသည်။
၂။ စိတ်နိုးနိုးကြားကြား တက်တက်ကြွကြွနေပါ။
ဦးနှောက်ဟူသည် သိမ်းထားလျှင် ဟောင်းမြင်းပြုန်းတီးသွားသော အရာဖြစ်၏။ အသုံးချလေ ထက်မြက်လေ ဟူသော အမျိုးအစား ဖြစ်၏။ ဦးနှောက်ကို များများ အလုပ်ပေးပါမှ ဦးနှောက်တွင်းရှိ သတင်းအချက်အလက် သယ်ဆောင်သော နျူရွန် လေးများသည် အသစ်အသစ် အကြောင်းအရာများအတွက် ကွန်ရက်ချိတ်ဆက်မှု ပိုကျယ်ပြန့်လာကာ ဦးနှောက်၏ လုပ်ဆောင်နိုင်စွမ်းလည်း ပိုတက်လာခြင်း ဖြစ်သည်။ လက်တွေ့လေ့လာမှုများအရလည်း ဦးနှောက်ကို အသစ်အသစ်များနဲ့ များများ ထိတွေ့ပေးသူများသည် ဦးနှောက်တွင်း နျူရွန်ကွန်ရက် ချိတ်ဆက်မှု ပိုကျယ်ပြန့် နေကြောင်း တွေ့ရပြီး ဦးနှောက်စွမ်းရည်ကျ ရောဂါဖြစ်ပွားနှုန်းလည်း နည်းပါးကြောင်း တွေ့ရသည်။ ဦးနှောက်သည်လည်း သွေးသားနှင့် ဖွဲ့စည်းထားသော အရာသာ ဖြစ်သောကြောင့် အချိန်နှင့်အမျှ ယိုယွင်းပျက်စီးလျက်ရှိသည်။ ဦးနှောက်ဆဲလ်များသည်လည်း သူ့ကာလနဲ့သူ ပျက်စီး သေဆုံးသွားကြသည်။ သေဆုံးသွားသည့် ဆဲလ်များနေရာမှာ အသစ်အသစ်များက ဝင်အစားဖြည့်သည်။
လူတစ်ဦးနဲ့တစ်ဦး ထိုသို့ ဝင်အစားဖြည့်ပေးနိုင်နှုန်းချင်း ကွာခြားကြသည်။ သွက်လက်တက်ကြွသူများသည် ခန္ဓာကိုယ် သွေးလှည့်ပတ်မှုစနစ် ကောင်းမွန်သောကြောင့် ဦးနှောက်ကို သွေးလုံလောက်စွာ ရောက်ရှိသဖြင့် ဆဲလ်သစ်များ ဖြစ်ထွန်းဖို့ ကုန်ကြမ်း လုံလောက်သဖြင့် လိုအပ်သမျှ ဆဲလ်သစ်များကို အချိန်မီထုတ် လုပ်ပေးနိုင်သည်။ သွက်လက်တက်ကြွခြင်း မရှိသူများသည်ကား ဆဲလ်သစ် ထုတ်လုပ်ပေးနိုင်နှုန်းက ပျက်စီးနှုန်းကို မမီဘဲ ဖြစ်တတ်ရာ ကြာလာလေ ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းလေ ဖြစ်လာရသည်။ ဥပမာ တီဗီရှေ့ အချိန်ကြာကြာ ထိုင်ကြည့်လေ့ရှိသူများသည် မလှုပ်သဖြင့် တက်ကြွသော ခန္ဓာကိုယ်ကိုလည်း ဆုံးရှုံးကာ ဦးနှောက်ဆဲလ်သစ် ဖြစ်ထွန်းမှုပါ ထိခိုက်သလို၊ တီဗီကိုသာ ထပ်ကာထပ်ကာ ကြည့်နေခြင်းကြောင့်လည်း ဦးနှောက်သည် အကြောင်းရာသစ် မဝင်သဖြင့် နျူရွန်များ ကွန်ရက်အသစ် ချဲ့စရာမရှိသဖြင့် နှစ်ထပ်ကွမ်း ဦးနှောက်ကျုံ့ ဆိုးကျိုး ခံစားကြရသည်။
သို့ဖြစ်ရာ လူက တက်ကြွစွာ နေဖို့အပြင် ဦးနှောက်တွင်း ကွန်ရက် ချိတ်ဆက်မှုအား ကောင်းစေဖို့ ဦးနှောက်ကို အကြောင်းအရာ အသစ်အသစ်များနဲ့ နှိုးဆွပေးဖို့လည်း လိုအပ်နေသည်။ ဦးနှောက်ကို ဘာအကြောင်းအရာများဖြင့် နှိုးဆွမည်ကား ပုံသေ သတ်မှတ်ချက်မရှိ။ လူတစ်ဦးချင်း၏ အခြေအနေနှင့် လိုက်ဖက်သော နည်းလမ်းများကို ဉာဏ်ရှိသလို အသုံးပြုနိုင်သည်။
၃။ ကျန်းမာရေးနဲ့ ညီအောင် စားပါ။
အာဟာရပြည့်ဝသော စားသောက်စရာ များသည် ခန္ဓာကိုယ်ကို ကျန်းမာစေရုံသာမက ဦးနှောက်ကိုလည်း လန်းဆန်းစေနိုင်ကြောင်း သိပါရဲ့လား။ အစားအသောက်တွေက ထွက်လာသော အာဟာရဓာတ် အများအပြားသည် သွေးထဲဝင်ပြီးနောက် ဦးနှောက်ထဲကို ဖြတ်သန်းကြသည်ကို သတိရကြပါ။ အာဟာရဓာတ်များသည် ဦးနှောက်ကိုပါ သွေးထဲကတစ်ဆင့် တိုက်ရိုက် ထိခိုက် သက်ရောက်မှု ရှိသည်ကို မမေ့သင့်။ ထို့ကြောင့် အာဟာရဓာတ်များသည် ဦးနှောက်ဆဲလ်များ ကျန်းမာရေးကို တိုက်ရိုက်အကျိုးပြုသလို၊ ဦးနှောက် ယိုယွင်း၊ အိုမင်းခြင်းများကိုပါ တိုက်ဖျက်ပေးနိုင်စွမ်း တကယ်ရှိနေသည်။
ခန္ဓာကိုယ်က စားသောက်သော အစာကို အာဟာရပြည့်အောင် ဂရုစိုက်ခြင်းဖြင့် ကျန်းမာသော နှလုံး၊ ကျန်းမာသော သွေးလှည့်ပတ်စနစ်၊ ကျန်းမာသော ခုခံအားစနစ်၊ ကျန်းမာသော ခန္ဓာဇီဝစနစ်များက ခန္ဓာကိုယ် ထိပ်ပိုင်းရှိ ဦးခေါင်းကိုရော အကျိုးမပြုဘူးဟု မည်သူပြောနိုင်မည်နည်း။ ကျန်းမာစေသော အစားအစာများကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက နာ့ဗ်ကြောများကိုလည်း ကျန်းမာစေမည်သာ။ နာ့ဗ်ကြောများဟူသည် ဦးနှောက်နှင့် ခန္ဓာကိုယ် တစ်ခုလုံးကို ဆက်သွယ်ပေးထားသော အဝေးပြေး လမ်းမကြီးများ ဖြစ်၏။
၄။ သိပ် စိတ်မဖိစီးနဲ့။
ဦးနှောက် အပါအဝင် လူ့ခန္ဓာကိုယ် တစ်ခုလုံးသည် နှစ်ထောင်ပေါင်းများစွာ အချိန်ယူ၍ ပိုကောင်းသည်ထက်ကောင်းအောင် အဆင့်ဆင့် ဖွံ့ဖြိုးခဲ့ရခြင်း ဖြစ်သည်။ လူသားတို့ ဂူအောင်းနေထိုင်ကာ အမဲလိုက်ပြီး အသက်မွေး ရှင်သန်ကြတုန်းက “တိုက်မလား၊ ပြေးမလားကို အလိုလျောက် တုံ့ပြန်စနစ်ဖြင့် ဆုံးဖြတ်ပေးနိုင်သော ဦးနှောက်၏ အစွမ်းသည် လူသားများကို သားရဲများ အန္တရာယ်မှ လွတ်မြောက်အောင် ကူညီခဲ့သလို၊ စားစရာရဖို့၊ ဆက်လက် ရှင်သန်နိုင်ဖို့ပါ ကူညီခဲ့သည်။ ဂူအောင်လူသားများခေတ်က တိုက်မလား၊ ပြေးမလား ကဲ့သို့ စိတ်ဖိစီးမှု အခြေအနေမျိုးက နည်းပါးသည်။ ယနေ့ (၂၁) ရာစု လူသားများအဖို့ကား တိုက်မလား၊ ပြေးမလား စိတ်ဖိစီးစရာတွေက များလွန်းသည်။
တိုက်မလား၊ ပြေးမလား စိတ်ဖိစီးမှုသည် လူသားကို အခက်အခဲများအောက်ကနေ ရှင်သန်နိုင်အောင် ကူညီခဲ့သည် မှန်သော်လည်း ထိုစိတ်သည် ခန္ဓာကိုယ် စွမ်းအင်ရင်းမြစ်ကို အလွန်အမင်း အသုံးချသဖြင့် ထိုစိတ်မျိုး မကြာမကြာဖြစ်ခြင်းသည် ခန္ဓာကိုယ်ကို အဆိပ်ခတ်ရာ ရောက်သည်။ ထိုသို့ စိတ်ဖိစီးမှုမျိုး ဖြစ်ခြင်းသည် ဦးနှောက်ကို အထိခိုက်ဆုံး ဖြစ်သည်။ စိတ်ဖိစီးမှုကြောင့် ဦးနှောက်ဆဲလ်များ ပျက်စီးရသည်။ ဘဝနေမှုပုံစံကို သင့်တော်အောင် ပြင်ယူခြင်းဖြင့် စိတ်ဖိစီးမှု လျော့နည်းအောင် ကြိုးပမ်းယူရမည်။ စိတ်တည်ငြိမ်အောင်၊ ဖိစီးမှုများကိုခံနိုင်အောင် တရားထိုင်နည်း အမျိုးမျိုးသည် စိတ်မဖိစီးမှု၏ အဆိပ်သင့် ဒဏ်ကနေ ဦးနှောက်ကို ကာကွယ်ပေးနိုင်စွမ်း ရှိသည်။ ကျန်းမာရေး လေ့ကျင့်ခန်းများ လုပ်ခြင်းသည်လည်း စိတ်ဖိစီးမှုကျစေသော အကြောင်းရင်း ဖြစ်သည်။ လူတစ်ဦးချင်းအလိုက် ကိုယ်နဲ့ကိုက်သည့် ကျန်းမာရေး လေ့ကျင့်ခန်းများ လုပ်နိုင်သည်။ စိဖိစီးမှုကို လျော့ကျစေမည့် နောက်ထပ် နည်းကောင်းတစ်ရပ်မှာ အိပ်ရေးဝအောင် အိပ်ဖို့ ဖြစ်သည်။ အိပ်ချိန် ပုံမှန်ရှိခြင်းသည် ခန္ဓာကိုယ်အတွက်ရော ဦးနှောက်အတွက်ပါ ကောင်းသော အလေ့အကျင့် ဖြစ်၏။
Ref: Four Things You Need To Be Doing To Keep Your Brain Healthy (Business Insider)
ကိုထိုက် (Messenger News)
Discussion about this post