ရေးသားသူ – ဇေယျသူ
I am not easily excited or excitable
“ကျွန်တော် အလွယ်တကူ တုန်လှုပ်လေ့ မရှိဘူး၊ စိတ်မလှုပ်ရှားတက်ဘူး”
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ ခေါင်းဆောင်မှုကို လေ့လာသည့်အခါ ပထမဦးဆုံး ထင်ထင်ရှားရှား တွေ့မြင်ရသည်မှာ သူ၏ EQ Emotional Intelligence Quotient “ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြင့်မားခြင်း”ပင်ဖြစ်သည်။
လူတစ်ဦး တစ်ယောက် အောင်မြင်ရခြင်းတွင် ဉာဏ်ရည် Intelligence Quotient (IQ) က အဓိကကျသည် ဟု ရှေးနှစ်ပေါင်းများစွာကပင် ထင်မြင်ယူဆခဲ့သော်လည်း ပညာရှင် Dr. Daniel Goleman က Emotional Intelligence အမည်ဖြင့် စာအုပ်ကို ၁၉၉၅ တွင် ရေးသားထုတ်ဝေအပြီးတွင် ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြင့်မားမှု က ပိုမိုအရေးကြီးကြောင်း သိရှိလာခဲ့ကြသည်။ ဆက်တိုက် လေ့လာဆန်းစစ် သုတေသနပြုမှုများ အရလည်း EQ ၏ အရေးပါမှုသည် ခိုင်မာသည်ထက် ခိုင်မာလာခဲ့သည်။
IQ မြင့်မားသော်လည်း မအောင်မြင်ကြသူများ၊ IQ သာမန်သာရှိပြီး အောင်မြင်သူများသည် မူလက ပဟေဠိသဖွယ် ဖြစ်နေကြသော်လည်း EQ သဘောတရားဖြင့် ဆန်းစစ်ကြည့်သောအခါ IQ မြင့် EQ နိမ့်သူများ မအောင်မြင်၊ IQ အလယ်အလတ် အဆင့်ရှိပြီး EQ မြင့်သူများ အောင်မြင်ကြောင်း ရှာဖွေတွေ့ရှိ ခဲ့ရသည်။ အထူးသဖြင့် ခေါင်းဆောင်မှုတွင် EQ ၏ ကဏ္ဍမှာ အလွန် အရေးပါပြီး သာမန်ခေါင်းဆောင်များနှင့် မဟာခေါင်းဆောင်များအကြား ကွာဟမှုမှာ EQ တွင်ဖြစ်ပြီး ၈၅ ရာခိုင်နှုန်း ရှိသည်။
EQ ကို အဓိပ္ပာယ် ဖွင့်ဆိုချက် တစ်ခုမှာ “ မိမိနှင့် အခြားသူများ၏ ကိုယ်ပိုင် ခံစားချက်များ အား သဘောပေါက် နားလည်ပြီး မိမိကိုယ်ကို စိတ်တက်ကြွအောင် အားပေးနိုင်ခြင်း၊ မိမိ၏ ခံစားချက်များအား မိမိကိုယ်တွင်းတွင် စီမံခန့်ခွဲခြင်း၊ မိမိ၏ ခံစားချက်များအား အခြားသူများနှင့် ဆက်ဆံရေးတွင် စီမံခန့်ခွဲခြင်း” ဖြစ်သည်။ မိမိနှင့် အခြားသူများ ၏ နှလုံးသားကို ဦနှောက်ဖြင့် နားလည်ကာ အကျိုးရှိရှိ နားလည်အောင် ဆောင်ရွှက်နိုင်ခြင်းသည် EQ ပင်ဖြစ်သည်။ EQ ၏ အဓိက အစိတ်အပိုင်း တစ်ခုမှာ Self-regulation ခေါ်“ မိမိစိတ်ခံစားမှုကို မိမိထိန်းကျောင်းနိုင်ခြင်း” ဖြစ်သည်။ ခံစားချက်၏ စေခိုင်းမှုနောက်သို့ မလိုက်ဘဲ မိမိကသာ ခံစားချက်ကို ကိုင်တွယ်နိုင်ခြင်း ဖြစ်သည်။
ခေါင်းဆောင်များ၏ အဓိက တာဝန်တစ်ရပ် မှာ ဆုံးဖြတ်ချက် ချခြင်း ဖြစ်သည်။ သာမန်လူများသည်လည်း နေ့စဉ် ဆုံးဖြတ်ချက် ချနေရသော်လည်း ခေါင်းဆောင်များ ၏ ဆုံးဖြတ်ချက်မှာ သက်ရောက်မှု ပမာဏကြီးမားသည်။ သာမန် လူများသည် မိမိအတွက်သာ ဆုံးဖြတ်နေရသော်လည်း ခေါင်းဆောင်များ ၏ ဆုံးဖြတ်ချက်မှာ မူ လူအများ အပြား၏ ကံကြမ္မာကို ဖန်တီးမည်ဖြစ်သည်။ ကုမ္ပဏီ ဥက္ကဋ္ဌ တစ်ဦး၏ ဆုံးဖြတ်ချက်သည် သူ့ ကုမ္ပဏီ၏ အကောင်းအဆိုး နှင့် ဝန်ထမ်းများ၏ ဘဝကို ပြောင်းလဲစေမည်ဖြစ်သလို နိုင်ငံခေါင်းဆောင်၏ ဆုံးဖြတ်ချက် သည် နိုင်ငံသားများ၏ ကံကြမ္မာကို တစ်ဆစ်ချိုးပြောင်းလဲ စေနိုင်သည်။ ထို့ကြောင့် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက် ချရာတွင် ကျွမ်းကျင်ရန် လိုသလို မှန်ကန်ရန်၊ အရည်အသွေး မြှင့်ရန်လိုသည်။
စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းသည် ဆုံးဖြတ်ချက်၏ အရည်အသွေးကို ဆိုးရွားစွာ ထိခိုက်စေသည်။ ဒေါသနောက်လိုက်ကာ ဆုံးဖြတ်ခြင်း၊ လောဘနောက်လိုက်ကာ ဆုံးဖြတ်ခြင်း တို့ကြောင့် သာမန်လူ အဆင့်တွင်ပင် အမှားကြီး မှားခဲ့ကြပုံတို့ကို မှုခင်းသတင်း ဂျာနယ်သတင်း ခေါင်းစဉ်များအား ဖတ်ရုံဖြင့် သိနိုင်သည်။ ခေါင်းဆောင်များ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ခြင်းကြောင့် အမှားကြီး မှားခဲ့ကြပုံကို ကမ္ဘာ့သမိုင်းတွင် မြင်နိုင်သည်။ စိတ်အေး လက်အေး ဆုံးဖြတ်ပါက အရည်အသွေးမြင့်မြင့် ဆုံးဖြတ်ချက်များ ချတတ်သူများသည် ခံစားချက်နောက်လိုက်ကာ ဆုံးဖြတ်ပါက အမှားများခြင်းကို တွေ့ရသည်။
EQ မြင့်သော ခေါင်းဆောင်၏ ဆုံးဖြတ်ချက် များသည် အရည်အသွေး မြင့်မားမည် ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက် အရည်အသွေး မြင့်ရေးအတွက် EQ မြင့်ရန် လိုသည်။ EQ ၏ အခြား အစိတ်အပိုင်း တစ်ခုမှာ Self-awareness “ခံစားချက် တစ်ခုပေါ်လာ ချိန်တွင် သိရှိခြင်း” ဖြစ်သည်။ ဝမ်းနည်းစိတ် ပေါ်လာချိန်တွင် ဝမ်းနည်းစိတ် မှန်းသိခြင်း၊ ဒေါသဖြစ်ချိန်တွင် ဒေါသစိတ်မှန်းသိခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း သည်လည်း EQ ၏ အဓိက အစိတ်အပိုင်း ပင်ဖြစ်သည်။ အခြားသူများ၏ ခံစားချက်ကို ခံစားသိနိုင်ခြင်း၊ အခြား သူများ၏ နေရာမှ ဝင်ခံစား နိုင်ခြင်းသည် EQ မြင့်မားသူများ၏ စရိုက် လက္ခဏာ ပင်ဖြစ်သည်။
ဦးသန့်သည် self-regulationself၊ awareness၊ empathy ဟူသော အထက်ပါ အရည်အချင်းများ နှင့် ပြည့်စုံသူ ဖြစ်သည်။ ဦးသန့်သည် အခက်အခဲကြီးများ နှင့် ရင်ဆိုင်နေရချိန်တွင်ပင် စိတ်တည်ငြိမ် အေးချမ်းစွာ ရှိနေကြောင်း နာမည်ကျော်ကြား ခဲ့သည်။ ကျူးဘား ဒုံးပျံအရေးအခင်း၊ အာရပ်-အစ္စရေး ခြောက်ရက်စစ်၊ အိန္ဒိယ-ပါကစ္စတန်စစ်၊ ဒိုမီနီကန် အရေးအခင်း စသည့် အရေးကိစ္စ ကြီးများကို ကိုင်တွယ် ဖြေရှင်းနေချိန်တွင်ပင် စိတ်အေးချမ်းတည်ငြိမ်စွာ ရှိနေသောကြောင့် သူ၏ လျှို့ဝှက်ချက်ကို ကမ္ဘာက စိတ်ဝင်စားလာခဲ့ကာ ဗုဒ္ဓဘာသာက ပေးအပ်သော အလေ့အကျင့်ကြောင့် ဖြစ်ကြောင်း ကောက်ချက်ချခဲ့ကြသည်။ ဦးသန့်သည် နေ့စဉ် နံနက်စောစော တရားအမြဲထိုင်သူ ဖြစ်သည်။ သူ အတွင်းရေးမှူးချုပ် ဘ၀ တစ်လျှောက်လုံးတွင် တစ်ကြိမ်သာ နံနက်ခင်း တရားထိုင်ပျက်ခဲ့ဖူးသည်ဟု ဆိုသည်။
မိမိအကြောင်း မိမိပြောဆိုလေ့မရှိသည့် ရိုးရိုးအေးအေး ဦးသန့်သည် စိတ်ခံစားမှု ကို သူ စီမံခန့်ခွဲနိုင်ပုံ အကြောင်းကိုမူ ဖွင့်ဟ ဝန်ခံခဲ့သည်ကို တွေ့ရသည်။
“သည်းမခံနိုင်ခြင်းကလွဲလို့ အားလုံးကို သည်းခံနိုင်ဖို့ ကျွန်တော် အလေ့အကျင့် လုပ်ထားခဲ့တာပါ။ သည်းခံခြင်း စိတ်ဓာတ်ကို မွေးမြူဖို့ စိတ်ဓာတ်ရေးရာ၊ စာရိတ္တ ရေးရာ အရည်အသွေး တွေကို တန်ဖိုးထားဖို့ ကျွန်တော့် ဘဝတစ်လျှောက် သွန်သင်ခံခဲ့ရတယ်။ အထူးသဖြင့် နှိမ့်ချမှု၊ ရိုးရိုးကုပ်ကုပ် နေထိုင်မှု၊ ကြင်နာမှုနဲ့ အရေးအကြီးဆုံးကတော့ စိတ်ခံစားမှု မျှခြေကို ထိန်းသိမ်းထားဖို့ အသွန်သင် ခံခဲ့ရတယ်။ တရားထိုင်ခြင်းနဲ့ သမာဓိတို့ရဲ့အကူအညီနဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့ သွန်သင်ခံခဲ့ရတယ်။ ပုထုဇဉ် လူသားတစ်ယောက်သာ ဖြစ်နေပြီး ရဟန္တာ မဖြစ်သေးတဲ့ အတွက် ကျွန်တော့် ခံစားချက် တွေကို အလုံးစုံ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော် အလွယ်တကူ မတုန်လှုပ်ဘူး၊ စိတ်မလှုပ်ရှားဘူး။”
ဦးသန့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဖြစ်သည့် ၁၉၆၁-၁၉၇၁ ဆယ်နှစ်တာသည် စစ် အေးကာလ အရှိန်အတက်ဆုံး ကာလဖြစ်သည့် အားလျော်စွာ ကမ္ဘာ့ ငြိမ်းချမ်းရေး ဆုံးရှုံးသွားနိုင်သည့် အခါများစွာ ရှိခဲ့သည်။ အတွင်းရေးမှူးချုပ်၏ တာဝန်များမှာလည်း များပြားလှသည်။ ပေးအပ်ထားသည့် အခွင့် အာဏာလေးဖြင့် အရေးကိစ္စကြီးများကို ကြိုးပမ်း နေရသဖြင့် ပထမဦးဆုံး အထွေထွေ အတွင်းရေးမှူးချုပ် Trygve Lie က ‘the most impossible job on the earth’ ဟု ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို ဆိုခဲ့သည်။
ငြိမ်းချမ်းရေး ထိန်းသိမ်းသူ အဖြစ်ဖြင့် ထိပ်ဆုံးမှ ဆောင်ရွက်နေရသည့် ဦးသန့်အဖို့မူ မငြိမ်းချမ်းဟု ဆိုနိုင်သည်။ သို့သော် ဦးသန့်သည် မိမိ၏ စိတ်ငြိမ်းချမ်းမှုကို ထိန်းသိမ်း ထားနိုင်သည်။ သူ့ကိုယ်တွင်း ကိန်းအောင်းနေသည့် အေးချမ်းသည့် ဓာတ်သည်လည်း အပြင်ဘက်သို့ပင်ထွက်ကာ အရောင်ဟပ် နေပေသည်။ ဦးသန့်၏ ဓာတ်ပုံကို ကြည့်လျှင်ပင် အေးချမ်းမှုကို ခံစားရမည် ဖြစ်ရာ သက်ရှိ ဦးသန့်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရလျှင် သူ့ထံမှ အကြည်ဓာတ် ကူးစက်ကာ မိမိကိုယ်တိုင် အေးချမ်းသွားမည် ဖြစ်သည်။
အထွေထွေ အတွင်းရေးမှူးချုပ်သည် သံ အမတ်ကြီးများ၊ အစိုးရ အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် တာဝန်များ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ရသူ ဖြစ်ရာ ဦးသန့်၏ စိတ်တည်ငြိမ် အေးချမ်းမှုကြောင့် သူ့အား ဆက်ဆံရသူများက လေးစားကြည်ညို သွားစေသည်။ ထိုနည်းဖြင့် သူ၏ အလုပ်တာဝန်သည် ပြီးမြောက်ရန် လွယ်ကူလာ ပေသည်။
ဦးသန့်သည် သူ၏ မိသားစုအား အလွန်မြတ်နိုးသူ ဖြစ်သော်လည်း ရန်ကုန်တွင် ရှိနေသည့် သူ့သားသေကြောင်း သတင်း ရုတ်တရက် ကြားရချိန်တွင် မတုန်လှုပ်ပုံကို သူ၏ ပြန်ကြားရေး အရာရှိ တာဝန်ယူ ခဲ့သူ Ramsee Nasif က အောက်ပါ အတိုင်း ရေးသားထားသည်။
‘We gave him the news. His first reaction was ‘ I wonder how my wife will take it.’ He was completely composed. His acceptance was part of a disciplined ability to keep his balance, which came with his Buddhist training.’ (Ramsee Nasif, 21)
“ကျွန်တော်တို့ သူ့ကို သတင်းပေး လိုက်တယ်။ “ကျွန်တော့် မိန်းမတော့ ဘယ်လိုနေမလဲ မသိဘူးဗျာ” ဟု ဦးသန့်က သတင်းကြား ကြားချင်း ပြောသည်။ သူသည် လုံး၀ တည်တည်ငြိမ်ငြိမ် ရှိနေသည်။ ထိုသတင်းကို သူလက်ခံယူပုံ မှာ ကိုယ်စိတ်နှစ်ပါး ကို ထိန်းသိမ်းနိုင်သည့်စွမ်းရည်၏ အစိတ်အပိုင်း ဖြစ်ပြီး သူ့ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနှင့်ရခဲ့သည့် အလေ့အကျင့် ကောင်းမှ လာခြင်းဖြစ်သည်။ ”
ခေါင်းဆောင်တစ်ဦး အဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် ဦးသန့်တွင် အခြား အရည်အသွေးများစွာ ရှိနေသေးကြောင်း သိသာသော်လည်း သူ၏ စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည် ဉာဏ်သွေး မြင့်မားမှုသည် သူ့အောင်မြင်မှုကို ဖန်တီးခဲ့သည့် အဓိက အရည်အချင်းတစ်ရပ် ဖြစ်ပေသည်။ သူ၏ မြင့်မားသော EQ သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးသန့် ထိန်းသိမ်းရာတွင် အဓိက အခန်း ကဏ္ဍမှ ပါဝင်ခဲ့သည်။
ဇေယျသူ
Discussion about this post