ရေးသားသူ – သမန်းကျား (ရတနာပုံနေ့စဉ်)
ခန္ဓာကိုယ် သွက်လက်ဖျတ်လတ်နေဖို့ ကိုယ်လက် လှုပ်ရှားမှု လိုအပ်သလို ဦးနှောက်လန်းဆန်း နေဖို့လဲ ဦးနှောက် လေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုပါတယ်။ တစ်နေကုန်ထိုင်ပြီး စာပဲလုပ်နေရင် တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲလာမယ်။ အဲဒါက ကိုယ်လက် လှုပ်ရှားလိုက်မှ သက်သာမယ်။
ဒီအတိုင်းပါပဲ ဦးနှောက်ကိုလဲ နေ့စဉ်လုပ်နေကျ အလုပ်တစ်မျိုးပဲ လုပ်ခိုင်းနေမယ် ဆိုရင် ထံသွားနိုင် ပါတယ်။ အသက်ကြီးလာ တာနဲ့အမျှ မှတ်ဉာဏ်ပျောက်ဆုံးမှု ကလဲ ပိုလာပါလိမ့်မယ်။ ဒီတော့ ဦးနှောက် လေ့ကျင့်ခန်း တွေလုပ်ဖို့ လိုပါတယ်။ လေ့ကျင့်ခန်းတွေ ဆိုတာကလဲ ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ အလုပ်မပျက် ၊ အသွားအလာ မပျက် လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။
၁။ သွားတိုက်တဲ့လက်ကို ပြောင်းပါ
ခါတိုင်း ညာဘက်လက်နဲ့ တိုက်တာကို ဘယ်ဘက်လက်နဲ့ တိုက်လိုက်ရုံနဲ့ ဦးနှောက်ရဲ့ အပြင်လွှာ ဟာ သိသိသာသာ လှုပ်ရှားပြန့်ကား လာပါတယ်။ Cortex လို့ခေါ်တဲ့ ဒီအပိုင်းက လက်ကနေ ပေးပို့တဲ့ အထိအတွေ့အာရုံကို စီမံပါတယ်။ သွားတိုက်ဆေးဘူး ဖွင့်တာကအစ လက်ပြောင်းပြီး လုပ်ကြည့်ပါ။
၂။ မျက်စိမှိတ်ပြီး ရေချိုးပါ
ဒါကလဲ လက်ကနေ ပေးပို့တဲ့ အထိအတွေ့အာရုံကို ဦးနှောက်ရဲ့ အပြင်လွှာက ပိုဂရုစိုက်မိ လာအောင် ၊ အပြင်လွှာ အရွယ်အစား ပိုကြီးလာအောင် လုပ်ပေးတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ရေပိုက်ခေါင်းဖွင့်တာ ၊ လိုတဲ့ပစ္စည်းရှာတာ ၊ တစ်ကိုယ်လုံးကို ပွတ်သပ် ဆေးကြောတာ ၊ နောက်ဆုံး ရေချိုးခန်းထဲက ပြန်ထွက်လာတဲ့ အထိ အတတ်နိုင်ဆုံး မျက်လုံး မှိတ်ထားပါ။
၃။ မနက်ခင်းပြုဖွယ်ကိစ္စတွေကို အစီအစဉ်မကြာခဏ ပြောင်းပေးပါ
ဦးနှောက်ဟာ ပုံသေကားကျ ဆန်သွားတဲ့ အလုပ်တွေကို အလိုအလျှောက်ပဲ လုပ်ပါတော့တယ်။ ဒီတော့ ဦးနှောက် လေ့ကျင့်ခန်း မဖြစ်ဘူးပေါ့။ အစီအစဉ်ပြောင်းပေးခြင်းဖြင့် ဦးနှောက်ရဲ့ အပြင်လွှာပြန်ပြီး လှုပ်ရှားတက်ကြွ လာပါမယ်။ ဦးနှောက်ထဲက အရေးပါတဲ့ အစိတ်အပိုင်းတွေကို ပြန်ပြီး လှုံ့ဆော်ပေး ပါလိမ့်မယ်။
၄။ ပစ္စည်းတွေကို ပြောင်းပြန်ထားပါ
အတည့်ကတော့ အမြဲမြင်နေတာ ဆိုတော့ ဦးနှောက်က အလိုအလျှောက် နာမည်တပ်ပြီးသား ဖြစ်သွားတာပေါ့။ စားပွဲတင်နာရီကို ပြောင်းပြန်ထား ကြည့်ပါ။ ဦးနှောက်အတွက် အသစ်ဖြစ်သွားလေတော့ ဦးနှောက် ညာဘက်ပိုင်းက နေပါဦး ၊ ဒါက ဘာတုန်းဟ ဆိုပြီး ထကြည့်ပါလိမ့်မယ်။ နာရီ ၊ ပြက္ခဒိန် ၊ ဓာတ်ပုံ စသဖြင့် ပြောင်းပြန်ထားလို့ ရတာကို ပြောင်းပြန်ထားပါ။
၅။ ထမင်းစား စားပွဲမှာ နေရာပြောင်းထိုင်ပါ
အဓိကကတော့ ဦးနှောက်ကို ပုံသေကားကျ ရပ်ဝန်းကနေ ထွက်စေတာပါပဲ။ ကိုယ်နေရာနဲ့ကိုယ် အမြဲထိုင်တော့ ရှေ့မှာ မြင်ရတဲ့မြင်ကွင်း ၊ ကိုယ့်ဘယ်ဘက်မှာ ဘယ်သူရှိတယ်။ ဇွန်းကို လှမ်းယူရင် ဘယ်လို ယူရတယ်ဆိုတာ ဦးနှောက်က အလွတ်မှတ်မိ နေပါတယ်။ နေရာပြောင်းထိုင် လိုက်ခြင်းဖြင့် ဦးနှောက်အတွက် အားလုံး အသစ်အဆန်း ဖြစ်သွားပြီးတော့ အလုပ်ပြန်လုပ် လာပါလိမ့်မယ်။
၆။ နှာခေါင်းကို အနံ့အသစ်တွေပေးပါ
ကော်ဖီထဲ အနံ့တစ်မျိုး ပြောင်းထည့်ပါ။ အိပ်ခန်းထဲ ထားတဲ့ လေသန့်အထုပ်ကို အနံ့အသစ် ပြောင်းပါ။ ခေါင်းလျှော်ရည် ၊ ဆပ်ပြာ ၊ ရေမွှေး အစရှိသဖြင့် ကိုယ်သုံးနေတာ တွေကို အနံ့အမျိုးမျိုး ပြောင်းပြီး သုံးပေးခြင်း အားဖြင့် နှာခေါင်းက ပေးပို့တဲ့ အနံ့ကို စီမံတဲ့ ဦးနှောက် အစိတ်အပိုင်း အငြိမ်နေနေလို့ မရတော့ဘဲ ထကြွလှုပ်ရှားလာ ပါလိမ့်မယ်။
၇။ ကားမှန်ကိုဖွင့်ပေးပါ
မှတ်ဉာဏ်ကို စီမံတဲ့ ဦးနှောက်အပိုင်းက အနံ့ ၊ အသံ ၊ မြင်ကွင်း တို့ကို စုစည်းပေါင်းစပ်ပြီး အာရုံမြေပုံတွေကို ရေးဆွဲပါတယ်။ ကိုယ် ကားမောင်းသွားတဲ့ လမ်းတစ်လျှောက်မှာ ရတဲ့ အနံ့အသစ်တွေ ၊ အသံအသစ်တွေ ၊ မြင်ကွင်းအသစ်တွေ ကို မှတ်ပါ။ ကားတံခါးမှန်ကို ဖွင့်ထားတော့ အဲဒီအနံ့ ၊ အသံ ၊ အထိအတွေ့ ၊ အပူအအေး အစရှိတာတွေက သဘာဝနဲ့ ပိုနီးစပ်သွား တာပေါ့။ ဒါကြောင့် Hiking လို့ခေါ်တဲ့ တောတွင်း လမ်းလျှောက်ခရီးက မှတ်ဉာဏ်ကို တိုးတက် ကောင်းမွန်စေ ပါတယ်။
၈။ မစားဖူးသော အစာကိုစားပါ
အနံ့ခံစနစ်က မတူညီတဲ့ အနံ့အသက် သန်းပေါင်းများစွာကို ခွဲခြားသိရှိနိုင်ပါတယ်။ အနံ့အသစ်တွေက မျှော်လင့်မထားတဲ့ စိတ်ခံစားချက်ကို လှုံဆော်နိုင်ပေးနိုင်တဲ့အတွက် မစားဖူးတဲ့အစာတွေကို အနံ့ခံပြီး စားပေးခြင်းအားဖြင့် မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်လာစေပါတယ်။
၉။ စာကို ပုံစံပြောင်းပြီးဖတ်ပါ
စာကိုခပ်ကျယ်ကျယ်ဖတ်တာ ဒါမှမဟုတ် စာဖတ်တာကိုနားထောင်တဲ့အခါ စာကိုအသံတိတ်ဖတ်တာထက် မတူညီတဲ့ ဦးနှောက်လမ်းကြောင်းကို အသုံးပြုသလို ဖြစ်စေပါတယ်။ ဘဝအဖော် ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ စာကို ခပ်ကျယ်ကျယ်လေး ဖတ်ခြင်းအားဖြင့် ဦးနှောက်ကို လေ့ကျင်းပြီးသားဖြစ်တာကြောင့် မှတ်ဉာဏ်ပိုကောင်းစေပါတယ်။
၁၀။ လက်ရဲ့အထိအတွေ့ကို ဦးနှောက်ကို မှန်းခိုင်းခြင်းက အလွန်ကောင်းတဲ့ လေ့ကျင့်ခန်းပါ
အကြွေစေ့ အမျိုးမျိုး ဆောင်ထားပါ။ မီးပွိုင့်မှာ မီးနီဖြတ်ဖို့ စောင့်နေတုန်း လက်နဲ့ကိုင်ပြီး ဘယ်လောက်တန်လဲ ဆိုတာ မှန်းကြည့်ပါ။ မျက်စိမှိတ်ပြီး ပစ္စည်း ၁၀ မျိုး လက်ထဲလာထည့်ကြေး ၊ အများဆုံးမှန်သူ နိုင်ကြေး ကစားကြည့်ပါ။ လူတွေနဲ့ အလုပ်ကိစ္စ မဟုတ်တဲ့ အာလာပသလ္လာပ လေးတွေ ပြောပေးပါ။ ခါတိုင်းဖတ်နေကျ မဟုတ်တဲ့ စာတွေ ၊ နားထောင်နေကျ မဟုတ်တဲ့ သီချင်းတွေ နားထောင်ပေးပါ။ ဘာသာစကား အသစ်တွေကို လေ့လာပါ။ လိုက်ပြောပါ။ ထူးထူးဆန်းဆန်း လေးတွေ လုပ်စားပါ။
ငယ်ရွယ်နုနယ်သူတွေ အနေနဲ့လဲ ဦးနှောက် ပိုပြေးအောင် ၊ ပိုသွက်အောင် လေ့ကျင့်ဖို့ လိုသလို လူကြီးပိုင်းကလဲ မှတ်ဉာဏ် ပျောက်ဆုံးမှုကို အထိုက်အလျှောက် တားဆီးနိုင်ဖို့ ဦးနှောက် လေ့ကျင့်ခန်းလေးတွေ လုပ်ဖို့လိုတာမို့ အခုလို လေ့လာရေးသား လိုက်ရပါတယ်။
သမန်းကျား
ရတနာပုံနေ့စဉ်
Discussion about this post