ယနေ့တိုင်ကမ္ဘာပေါ်မှာ ဆန်းသစ်တွေ့ရှိပြီးသမျှသော ဆေးစွမ်းကောင်းတွေအနက်မှာ တော့ တန်ဖိုးအရှိဆုံးသောတွေ့ရှိမှုတစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတာကတော့ မြွေဆိပ်ဖြေဆေးဖြစ်ပါတယ်။ ကင်ဆာရောဂါအပါအဝင်များစွာသောရောဂါဆိုးတွေဟာ လူတွေကိုသေဆုံးသွားတဲ့အထိ ဒုက္ခပေးနိုင်ပေမဲ့ အဆိပ်ရှိတဲ့မြွေတစ်ကောင် ကိုက်ခဲခြင်းခံရတဲ့ သူအဖို့ ကျန်းမာရေးမည်မျှပင်ကောင်းမွန်စေကာမူ နာရီပိုင်းအချိန်အ တွင်းသေဆုံးနိုင်တယ်ဆိုတာ အားလုံးသိရှိပြီးလည်းဖြစ်ပါတယ်။
Anti-venom မြွေဆိပ်ဖြေဆေးကို ပထမဆုံရှာဖွေတွေ့ရှိခဲ့သူကတော့ ပြင်သစ်သိပ္ပံပညာရှင် Albert Calmette ဆိုသူဖြစ်ပါတယ်။ မြွေရဲ့ ပါးစပ်ကနေ အဆိပ်ကို နို့ညှစ်သလို ထုတ်ယူပြီး၊ မြင်း၊ သိုး ကိုယ်ထဲကို ဆေးထိုးပေးတယ်။ အဲဒီအခါ အကောင်ရဲ့ သွေးထဲမှာ မြွေဆိပ်ကို တန်ပြန်တဲ့ ခုခံဓါတ် Antibodies (အင်တီဘော်ဒီ) တွေထွက် လာမယ်။ အဲဒီဓါတ်ကို ထုတ်ယူပြီး မြွေဆိပ်ဖြေဆေးအဖြစ် သုံးနိုင်အောင်စီမံရတာ ဖြစ်ပါတယ်။ လူနာရဲ့ သွေးထဲကို ထိုးပေးလိုက်ရင် ကိုယ်ထဲဝင်နေတဲ့ မြွေဆိပ်ကို ဆန့်ကျင်ပြီးအဆိပ်ပျယ်စေတော့တယ်။
မြွေဆိပ်ဖြေဆေးကို ထုတ်လုပ်နိုင်ဖို့ အဓိကလိုအပ်တာက မြွေရဲ့အဆိပ်ဖြစ်ပါတယ်။ အခုမျှဝေမှာက အဲဒီမြွေဆိပ်တွေကို အမြောက်အများထုတ်လုပ်ပေးခဲ့တဲ့ Bill Haast ဆိုသူရဲ့အကြောင်းပါ။ သူဟာ ပထမဆုံး မြွေဆိပ်ထုတ်လုပ်တဲ့ Miami Serpentarium ဓာတ်ခွဲခန်းတွေရဲ့ အုပ်ချုပ်သူ ဒါရိုက်တာ တစ်ယောက်လည်း ဖြစ်ပါတယ်။ Bill Haast ဟာ မြွေဆိပ်ကိုထုတ်လုပ်နိုင်ဖို့ သုသေသန ပြုလေ့လာမှုတွေကို နှစ်ပေါင်းများစွာ၊အခက်အခဲများစွာကြားကနေ အသက်နဲ့ရင်းပြီး ပြုလုပ်ခဲ့တာကြောင့် ကမ္ဘာ့အကျိုးပြုပုဂ္ဂိုလ်များစာရင်းမှာဖော်ပြခြင်းကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။
Bill Haast ဟာ လူငယ်ဘဝကတည်းက အလွန်အဆိပ်ပြင်း တဲ့မြွေတွေဆီကနေ မြွေဆိပ်ကိုထုတ်ယူခဲ့တာဖြစ်ပါတယ်။(၁၉၄၇)ခုနှစ်ကနေ (၁၉၈၄) မတိုင်မီကာလတွေမှာတော့ Bill Haastဟာ ဖလော်ရီဒါပြည် နယ်အတွင်းတည်ရှိတဲ့ Miamiတောင်ပိုင်းမှာ Miami Serpentarium လို့သိထားတဲ့ ဓာတ်ခွဲခန်းမှာ အခြေချပြီး မြွေဆိပ်ဖြေဆေးတွေကို ကမ္ဘာအရပ်ရပ်ကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ Miami ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကမ္ဘာလှည့်ခရီးသည်အများဆုံးလာရောက်တဲ့ ဒေသတစ်ခု လည်းဖြစ်နေတာကြောင့် ယခုကာလလိုဆက်သွယ်ရေးကွန်ယက်တွေများပြားမှုမရှိပေမဲ့ Bill Haastရဲ့ တွေ့ရှိမှုဟာ မြောက်အမေရိက၊ဥရောပနဲ့ အရှေအာရှနိုင်ငံတွေအထိ ကျော် ကြားခဲ့ပါတယ်။
Bill Haast ဟာပုံမှန်အားဖြင့်တော့ အဆိပ်အလွန်ပြင်းတဲ့ မြွေရဲ့ဦးခေါင်း ကိုကိုင်ပြီး ဖန်ဘူးငယ်တစ်ခုပူးတွဲပါဝင်တဲ့ ရာဘာပြားရဲ့အဖုံးကိုကိုက်ခဲစခြင်းနည်းနဲ့ မြွေဆိပ်ကိုထုတ်ယူလေ့ရှိပါတယ်။ ဒါကြောင့် Bill Haast အနေနဲ့များစွာသော အဆိပ်ပြင်းတဲ့မြွေတွေနဲ့ နေ့စဉ်ထိတွေ့နေရလေ့ရှိပါတယ်။ သူစတင်အလုပ်လုပ်တဲ့ အချိန်ကနေစပြီး (၂၀၀၈)ခုနှစ် နှစ်လည်လောက်အထိ Bill Haastဟာ အဆိပ်ပြင်းတဲ့ မြွေတွေရဲ့ အကြိမ်ပေါင်း(၁၇၂)ကြိမ်အထိ ကိုက်ခဲခြင်းကိုခံခဲ့ရရှာပါတယ်။
ဒါအပြင် ကမ္ဘာဂရင်းနစ်မှတ်တမ်းတင်အဖွဲ့ရဲ့ အသက်ရှင်နေဆဲဖြစ်တဲ့ ကမ္ဘာမြွေအကိုက်ခံရဆုံးသော လူသားဆိုတဲ့ အခြားသူတွေလိုက်လံတုပဖို့မလွယ်တဲ့ မှတ်တမ်းတစ်ခုကို လည်းပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ သူရဲ့မှတ်တမ်း ၊လူသားအကျိုးပြုတီထွင်ဖော်စပ်မှုတွေ ကြောင့် ကမ္ဘာတစ်ဝှမ်းလုံးကခေါင်းဆောင်တွေကတောင် ချီးကျူးမှုတွေပြုလုပ်ခဲ့ ပေမဲ့ ကာယကံရှင် Bill Haast ကတော့ မြွေဆိပ်ဖြေဆေးဖော်စပ်မှုဖြစ်စဉ်အတွက် တစိတ်တပိုင်းပါဝင်ခဲ့တဲ့ သူ့ရဲ့ မြွေကိုက်ခံရမှုတွေအတွက်နဲ့တော့ သူကိုဂုဏ်ပြုပေးဖို့မထိုက်တန်ကြောင်း အကြိမ် ကြိမ်ထုတ်ဖော်ပြောကြားခဲ့ဖူးသူဖြစ်ပါတယ်။
ငယ်ဘဝ
Bill Haast ကိုတော့ (၁၉၁၀)ခုနှစ်၊ဒီဇင်ဘာလ(၃၀)ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်ထဲက Paterson မြို့မှာမွေးဖွားခဲ့ပါတယ်။ အစောပိုင်းကာလတွေ မှာတော့ သာမန်ကလေးတစ်ယောက်ရဲ့ ပုံစံအတိုင်းပဲ ကျောင်းတက်၊အားကစားလုပ် ရင်းပဲနေထိုင်ခဲ့ပါတယ်။ Bill Haast အသက်(၁၁)နှစ်အရွယ်ရောက် ချိန်၊ ကျောင်းကစီစဉ်ပေးတဲ့ တစ်ခုသောနွေရာသီ Camp တစ်ခုအပြီးမှာတော့ သူဟာ မြွေတွေ ကိုအထူး စိတ်ပါဝင်စားလာခဲ့ပါတယ်။ ဒါပေမဲ့သူရဲ့ စိတ်ပါဝင်စားမှုဟာ လက်တွေ့မပါပဲ မြွေဓာတ်ပုံနဲ့ ပြဌာန်းစာအုပ်တွေအတွင်းကအကြောင်းအရာတွေပဲဖြစ်ခဲ့ ပါတယ်။
ဒီလိုနဲ့နောက်တစ်နှစ်အကြာမှာ ထပ်မံပြုလုပ်ခဲ့တဲ့ နွေရာသီ Campမှာတော့ Bill Haast ဟာ Timber rattlesnake မြွေတစ်ကောင်ရဲ့ ကိုက်ခဲမှုကို ပထမဆုံးအကြိမ် ခံခဲ့ရပါတယ်။ Bill Haast ဟာ မြွေကိုဖမ်းဆီးဖို့ကြိုးစားခဲ့လို့လက်ကို ကိုက်တာကိုခံခဲ့ရပါတယ်။ Bill Haastက အကိုက်ခံရတဲ့မြွေရဲ့အစွယ်ရာပေါ်ကို ဓါးနဲ့ ကန့်လန့်ဖြတ်ပုံစံလှီးကာ Pottassium permanganate တွေထည့်ပြီး(၄)မိုင်လောက် ဝေးသေးတဲ့ စခန်းချရာနေရာကိုပြန်လာခဲ့ပါတယ်။
ကျောင်းသားတွေနဲ့ပါလာတဲ့ ဆေးအဖွဲ့ရဲ့ ရှေးဦးသူ နာပြုစုနည်းတွေပြုလုပ်ပြီးချိန်မှာတော့ သူရဲ့လက်ဟာအလွန်ရောင်ရမ်းနေပြီ ဖြစ်ပါ တယ်။ ယင်းနောက်နီးစပ်ရာ ဆရာဝန်ထံအပြေးသွားရောက် ကုသမှုတွေပြုလုပ်ခဲ့ရပြီး ပထမဆုံးသော မြွေကိုက်ခံခဲ့ရမှုကို ဖြေရှင်းခဲ့ရပါတယ်။ နောက်ထပ်တစ်နှစ်အကြာမှာ လည်း Bill Haast ဟာ Copperhead အမျိုးအစားမြွေရဲ့ကိုက်ခဲမှုကို ဒုတိယအကြိမ်ခံ စားခဲ့ရပေမဲ့ သူနဲ့ပါလာတဲ့သူချင်းကျေးဇူးနဲ့ ဆေးရုံအရောက်သွားနိုင်ခဲ့ပြီး တစ်ပတ် လောက်ကုသပြီး ပျောက်ကင်းခဲ့ပြန်ပါတယ်။
ယင်းနောက်ပိုင်းမှာတော့ Bill Haastဟာ အဆိပ်ရှိတဲ့မြွေတွေကို စုဆောင်းတဲ့အလုပ်ကို စတင်ခဲ့ပါတော့တယ်။ သူရဲ့မိခင်ဖြစ်သူဟာလည်း Bill Haastရဲ့ မြွေဆိပ်ထုတ်မဲ့လုပ်ငန်း ကိုနားလည်ပေးခဲ့ပြီး ဆွေမျိုးတွေဝိုင်းဝန်းတားဆီးနေတဲ့ ကြားကပဲ နေအိမ်မှာမြွေတွေ ကိုထားရှိဖို့ သဘောတူပေးခဲ့ပါတယ်။ Bill Haastဟာလည်း တစ်ဖြည်းဖြည်းနဲ့ မြွေတွေကိုဘယ်လို ချဉ်းကပ်ကိုင်တွယ်ရမလဲဆိုတာကို ကျွမ်းကျင်ပိုင်နိုင်လာခဲ့ပြီး အဆိပ်ပြင်းတဲ့မြွေတွေကို သူရဲ့ပေါင်ပေါ်မှာတင်ပြီးတောင် ဓာတ်ပုံရိုက်တဲ့အထိ ရဲတင်း လာခဲ့ပါတယ်။ Bill Haast အသက်(၁၅)နှစ်အရွယ်ရောက်ချိန်မှာတော့ မြွေတွေဆီကနေ အဆိပ်ထုတ်ယူတဲ့လုပ်ငန်းကိုလုပ်ကိုင်နေပြီဖြစ်ပြီး နောက်တစ်နှစ်အကြာမှာတော့ ဒီအဆိပ်ထုတ်လုပ်ငန်းမှာပဲ အပြည့်အဝအာရုံစိုက်နိုင်ဖို့ ကျောင်းထွက်ခဲ့ပါတယ်။
မြွေဖမ်းသမားဘဝ
Bill Haastအသက်(၁၉)နှစ်ရောက်ချိန်မှာတော့ သူလိုပဲမြွေဖမ်းသမားတစ်ယောက်နဲ့ ဆက်သွယ်မိခဲ့ပြီး နောက်ပိုင်းမှာ ဖလော်ရီဒါပြည်နယ်ကို ပြောင်းရွေပြီး မြွေဖမ်းဆီးရေး လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပါတယ်။ ယင်းနောက်မှာလည်း Bill Haastဟာ အမေရိကန် ပြည်ထောင်စုရဲ့တောင်ဘက်စွန်းဒေသဖြစ်တဲ့ Evergladesကို ထွက်ခွာပြီးအရက်ပုန်းရောင်းသူ၊ မြွေဖမ်း သမားစတဲ့ဘဝတွေကို စုံလင်စွာဖြတ်သန်းခဲ့ပါတယ်။ Bill Haastေ တွနောက်ဆုံးရလိုက်တဲ့ အကျိုးအမြတ်က တော့ မည်သည့်အဆိပ်ရှိတဲ့ မြွေမျိုးကို မဆိုဖမ်းဆီးနိုင်တဲ့ မြွေဖမ်းသမားဖြစ်လာခဲ့တာပါ။
နောက်တော့ Bill Haastဟာသူမိဘများရှိရာပြန်ရောက်လာခဲ့ပြီး မြွေမွေးမြူရေးလုပ်ငန်း ကိုလုပ်ကိုင်ဖို့ကြိုးစားခဲ့ပါတယ်။ သူဟာဒီလုပ်ငန်းကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲနိုင်မယ်လို့ လည်းယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့Bill Haastဟာ သူရဲ့ပထမဇနီးသည်ဖြစ်လာမဲ့ Anna နဲ့လက်ထပ်ပြီး ဇနီးကိုယ်ဝန်ဆောင်ချိန်မှာတော့ သူရဲ့အလုပ်ကိုခတ္တစွန့်လွတ်ခဲ့ရပြီး လေယာဉ်အင်ဂျင်ပြုပြင်ရေးသမားတစ်ယောက် အဖြစ်ရပ်တည်ရဖို့ဖြစ်လာခဲ့ပါတယ်။ ဒီအတွက် Bill Haastဟာ စက်အင်ဂျင်ပြုပြင်ရေး ပညာကို(၄)နှစ်လောက်သင်ကြားခဲ့ရပါတယ်။
အမေရိကန်ပြည် ထောင်စုဟာလည်း ဒုတိယကမ္ဘာစစ်ထဲပါဝင်လာတာ ကြောင့်Bill Haastဟာ တိုက်လေယာဉ်ပြုပြင်ရေး နောက်တန်းဌာနချုပ်မှာ စစ်အင်ဂျင်နီယာတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ရပြန်ပါတယ်။ စစ်ဆင်ရေးတာဝန်တွေနဲ့အတူ Bill Haastဟာ တောင်အမေရိက၊ အာဖရိ ကတိုက်က နိုင်ငံအတော်များများနဲ့ အိန္ဒိယနိုင်ငံတွေကိုရောက်ရှိခဲ့ပြီး အားလပ်ချိန်တွေ မှာတော့ Bill Haastဟာ မြွေဖမ်းတဲ့အလုပ်နဲ့လေ့လာတဲ့အလုပ်ကို ပြန်လည်လုပ်ကိုင် ဖို့ အခွင့်အရေးရခဲ့ပါတယ်။ Bill Haastဟာ ရောက်ရှိတဲ့ဒေသတိုင်းက မြွေဟောက်အပါ အဝင်၊အဆိပ်ပြင်းတဲ့ မြွေတော်တော်များများကို အမေရိကန်မှာရှိတဲ့ သူရဲ့မြွေမွေးမြူရေး စခန်းကို ပြန်လည်ပေးပို့နိုင်ခဲ့ပါတယ်။
စစ်ကြီးပြီးဆုံးချိန်မှာတော့ Bill Haastဟာ သူရဲ့မြွေမွေးမြူရေးလုပ်ငန်းကို ပြန်လည်အသက်သွင်းဖို့ကြိုးစားခဲ့ပြန်ပါတယ်။ အဲအတွက်သူဟာမြေကွတ်လပ်တစ်ခုကို Miami တောင်ပိုင်းမှာဝယ်ယူခဲ့ပါတယ်။ အဲနောက်သူနေထိုင်တဲ့အိမ်ကိုရောင်းချပြီး Serpentarium အမည်ရတဲ့မြွေ မွေးမြူရေးစခန်းတစ်ခုတည်ဆောက်ပါတော့တယ်။ အကျိုးဆက်ကတော့ သူရဲ့လုပ်ရပ်ကို အားမပေးတဲ့ သူရဲ့ဇနီးဖြစ်သူ Anna နဲ့ကွာရှင်းတဲ့အထိဖြစ်ခဲ့ပါတယ်။
Serpentariumမြွေမွေးမြူရေးစခန်းကိုတည်ဆောက် နေဆဲကာလတွေမှာတော့ Bill Haastဟာ Pan Am မှာစက်ပြင်ဆရာအဖြစ်ဆက်လက် လုပ်ကိုင်နေခဲ့ပါတယ်။ မကြာခင်မှာပဲ Bill Haast ဟာ ဒုတိယဇနီးသည်ဖြစ်တဲ့ Clarita Mattews နဲ့တွေ့ဆုံပြီး လက်ထပ်ခဲ့ပါတယ်။ (၁၉၆၅)ခုနှစ်ရောက်ချိန်မှာတော့ Bill Haastရဲ့ Serpentarium စခန်းဟာ မြွေကောင်ရေ (၅၀၀)ကျော်အထိရှိလာခဲ့ပြီး ယင်းတို့ကို မြွေလှောင်ရေ(၄၀၀)ထဲမှာသိုလှောင်ထားနိုင် ခဲ့ပါတယ်။
Bill Haast ဟာလည်း ယင်းအဆိပ်ပြင်းတဲ့မြွေမျိုးစိတ်မျိုးစုံပေါင်း(၆၀) လောက်ကနေ အဆိပ်ကို တစ်နေ့ ကြိမ်ရေ(၇၀)ကနေ အကြိမ်(၁၀၀)ကြားထုတ်ယူပြီး ကမ္ဘာအရပ်ရပ်ကမြွေဆိပ်ဖြေဆေးလိုအပ်တဲ့ လူသားတွေ လက်ထဲကို ပညာရှင်တွေထံမှတဆင့် အရောက်ပို့နိုင်ခဲ့ ပါတယ်။ Bill Haast ရဲ့မြွေဆိပ်ထုတ်ယူပုံကတော့ မြွေတွေကိုသူရှေစားပွဲပေါ်မှာပဲ လွတ်လွတ်လပ်လပ်သွားလာစေပြီး အကာအကွယ်မပါတဲ့လက်နဲ့နောက်ကနေ ချုပ်ကိုင်ပြီး ရာဘာပြားအုပ်ထားတဲ့ ဖန်ပုလင်းငယ်ထဲကိုက်ခဲစေခြင်းနည်းနဲ့ အဆိပ်ထုတ်ယူတာ ဖြစ်ပါတယ်။
(၁၉၈၄)ခုနှစ်ရောက်ချိန်မှာတော့ Bill Haastဟာ Sepentariumမြွေမွေးမြူရေးစခန်းကို ပိတ်သိမ်းခဲ့ပြီး Utah ပြည်နယ်ကိုနှစ်အနည်းငယ်ကြာအောင် ပြောင်းရွေနေထိုင်ခဲ့ပါ တယ်။ (၁၉၉၀)ပြည့်နှစ်မှာတော့ ဖလော်ရီဒါပြည်နယ်ကိုပြန်လည်ပြောင်းရွေလာခဲ့ပြီး Miami Serpentariumအမည်ရတဲ့မြွေဆိပ်ဖြေဆေးထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းတွေကို စတင်တည်ထောင်ခဲ့ပါတယ်။ သူဟာအောင်မြင်တဲ့လုပ်ငန်းတစ်ခုကိုထူထောင်နိုင်နေ ပေမဲ့လည်း အဆိပ်ရှိတဲ့မြွေတွေကိုဖမ်းတဲ့အလုပ်နဲ့ အဆိပ်ထုတ်တဲ့အလုပ်ကို ဆက်လက် လုပ်ကိုင်ခဲ့ပြန်ပါတယ်။
သူရဲ့ခန္ဓာကိုယ်ဟာလည်း တော်တန်ရုံမြွေဆိပ်ကို ကောင်းကောင်းတုံ့ပြန်လာနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ (၂၀၀၃) ခုနှစ်လောက် မှာဖြစ်ပွားခဲ့တဲ့ မြွေပွေးမျိုးစိတ်တစ်ခုဖြစ်တဲ့ Malayan pit တစ်ကောင်ရဲ့ ကိုက်ခဲ့ရမှုအပြီး မှာတော့ Bill Haastရဲ့ လက်တစ်သျှူးတွေဟာပျက်စီးသွားပြီး လက်ချောင်းတွေကို ပုံမှန် လှုပ်ရှားဖို့တောင်အတော်ခက်ခဲ သွားခဲ့ပါတယ်။ ဒါကြောင့် Bill Haastဟာ မြွေဆိပ်ထုတ် တဲ့အလုပ်ကို စွန့်လွတ်ခဲ့ရပါတယ်။ (၂၀၀၈)ခုနှစ်မှာ ပြန်လည်သက်သာ လာတာကြောင့် မြွေဖမ်းတဲ့အလုပ်ကိုထပ်မံပြုလုပ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ယင်းနှစ် သြဂုတ်လအတွင်းမှာပြုလုပ်ခဲ့တဲ့ Florida Trend နဲ့အင်တာဗျူးမှာတော့ Bill Haastက ကျွန်တော်မြွေဖမ်းသမားအလုပ်ကို အပြီးစွန့်လွှတ်လိုက်ရပါပြီ ၊ ကာလကြာ လုပ်ခဲ့တဲ့အလုပ်ဖြစ်နေတာကြောင့် တကယ်စွန့်လွှတ်ရချိန်မှာတော့ အတော်လေး ခက်ခဲလွန်းပါတယ်။ လူတွေကကျွန်တော်ကို ဒီမြွေဖမ်းတဲ့အလုပ်ကြောင့် အစောကြီးသေမှာပဲ လို့ပြောကြတယ် ကျွန်တော်ကလည်း အသက်(၁၀၀)ကျော်တဲ့အထိ နေပြမယ်လို့ ပြန် ချေပခဲ့တာချည်းပါ။
ကျွန်တော်အကြောင်းပြချက်ကတော့ရှင်းတယ် အခုလိုအသက် (၉၀)ရောက်တဲ့အချိန်ထိ ကျန်းမာလန်းဆန်းနေတုန်းပဲလေ။ ကျွန်တော်တို့ အမျိုးက အသက်ရှည်တဲ့အမျိုးလည်းမဟုတ်ပါဘူး။ ကျွန်တော်ဘဝတစ် လျှောက် မြွေဆိပ်တွေနဲ့ပဲလုံးပန်းနေရလို့ ဒီလိုအသက်ရှည်နေရတာဟာ အဆိပ်ဓာတ် ကြောင့်များလား။ ကျွန်တော်မသိပါဘူးလို့ ထူးထူးဆန်းဆန်းဖြေကြားဖူးပါတယ်။ အမှန်တစ်ကယ်လည်း Bill Haastဟာ သူအသက်(၁၀၀)ကျော်တဲ့အထိ နေထိုင်သွားခဲ့ ပြီး(၂၀၁၁)ခုနှစ် ဇွန်လ(၁၅)ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။
VIDEO
Discussion about this post