• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့ဖူးသူ (သို့) ပစ်တိုင်းထောင် သမ္မတကြီးလင်ကွန်းအကြောင်း

by Thutamm
August 19, 2019
Reading Time: 1min read
0
အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့ဖူးသူ (သို့) ပစ်တိုင်းထောင် သမ္မတကြီးလင်ကွန်းအကြောင်း
Share on FacebookShare on Twitter

အမေရိကန်သမိုင်းတွင် ပထမဆုံးသော သမ္မတဖြစ်သည့် ဂျော့ခ်ျဝါရှင်တန် မှလွဲလျှင် အကြီးမြတ်ဆုံး၊ အလေးစားခံထိုက်ဆုံးသော သမ္မတကို ပြပါဆိုလျှင် အေဘရာဟမ်လင်ကွန်းသာ ရှိတော့သည် ဖြစ်သည်။ အမေရိကန် ပြည်တွင်းစစ် ကို အဆုံးသတ်ပေးသူ၊ ကျွန်စနစ်ကို ဖျက်သိမ်းပေးသူ၊ ပြည်ထောင်စု နှစ်ခြမ်းကွဲမည့် အဖြစ်မှ ဆယ်မယူသူ စသည်ဖြင့် များမြောင်လှသည့် ဂုဏ်ဒြပ်တို့သည် လင်ကွန်း၏ ထင်ရှားသော အချက်များဖြစ်ကြသည်။ အရပ်ကလန်ကလား၊ မုတ်ဆိတ်မွေးဗလပစ်၊ ရှည်ငေါငေါမျက်နှာ၊ ကိုယ့်ကိုယ်ကို အေ(A) ဟုနာမ်စားသုံးလေ့ရှိသူ စသဖြင့် ရုပ်ပိုင်းဆိုင်ရာ ထူးခြားချက်များလည်း ရှိသေးသည်။

တောရွာကလေး တစ်ရွာတွင် သစ်လုံးများဖြင့် ဆောက်လုပ်သည့် အလွန်နုံခြာသော အိမ်ကလေး၌မွေးဖွား၍ ထိုနေရာမှ မိမိ၏ ပကတိကိုယ်စွမ်းဖြင့် အစိုးရအိမ်ဖြူတော်သို့ တက်လှမ်းကြံစည်ခဲ့သူကား အမေရိကန်ပြည်ထောင်စု၏ ၁၆ ယောက်မြောက်သမ္မတ အေဗရာဟမ်လင်ကွန်း ဖြစ်လေသည်။ အေဗရာဟမ်လင်ကွန်းကို အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ် ဟာဒင်ခရိုင်တွင် ၁၈ဝ၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၌ ဖွားမြင်၍ မိဘများသည် ဆင်းရဲလှသောကြောင့် ငယ်စဉ်က ပညာကို ကောင်းစွာမသင်ရရှာချေ။ အလုပ်အားလပ်ချိန်များတွင် ကွက်တိကွက်ကြား ကြိုးစားအားထုတ်ရင်းဖြင့်သာ စာပေအတော်အတန် တတ်မြောက်ခဲ့ရလေသည်။ ဖခင်မှာ အိမ်ထောင်ပရိဘောဂ လုပ်ကိုင်ရောင်းချသူဖြစ်၍ ဖခင်၏ အလုပ်များကို အရွယ်အင်အားနှင့်မမျှအောင် ဝင်ရောက်ကူညီခဲ့ရ၏။ စာပေဝါသနာပါလှ၍ လင်ကွန်းသည် မီးခွက်ဖယောင်းတိုင် မတတ်နိုင်သောကြောင့် မီးလင်းဖိုအနီးတွင် စာဖတ်ရ၏။ လက်ရေးကို ပျဉ်ချပ်ပေါ်တွင် မီးသွေးဖြင့် ရေးခြစ်လေ့ကျင့်ခဲ့ရ၏။

လင်ကွန်းတို့မိသားတစ်စုသည် ၁၈၁၆ ခုနှစ်တွင် အင်ဒီးယားနား ပြည်နယ် တောင်ပိုင်းသို့ ရွှေ့ပြောင်းနေထိုင်ကြလေရာ၊ ၁၈၁၈ ခုနှစ်၌ပင် သူ၏မိခင်သည် အသက်အရွယ်မကြီးရင့်သေးဘဲ ဆေးဝါးမလုံလောက်မှု၊ အနေအထိုင်ချို့တဲ့မှုတို့ကြောင့် ကွယ်လွန်အနိစ္စရောက်ခဲ့၏။ ထိုအခါက လင် ကွန်းသည် ကိုးနှစ်အရွယ်မျှသာ ရှိသေး၏။ မိခင်မကွယ်လွန်မီက လင်ကွန်း အား တတ်နိုင်သမျှ ပညာသင်ကြား၍ ကမ္ဘာပေါ်တွင် ပေါ်လွင်ထင်ရှား အောင် ကြိုးစားနိုင်သမျှကြိုးစားရန် မှာထားခဲ့ဖူးရာ မိထွေးရပြန်သောအခါ၌ လည်း မိထွေးသည် အမြော်အမြင်ကြီးစွာဖြင့် လင်ကွန်းအား ကိုယ်ကျင့် တရားကောင်းစေရန် အမျိုးမျိုးဆုံးမပဲ့ပြင်ခဲ့လေသည်။

အသက် ၂၁ နှစ်အရွယ်တွင် လင်ကွန်းသည် နယူးအော်လီယန်း မြို့သို့ သစ်ဖောင်များနှင် နှစ်ကြိမ်မျှရောက်ခဲ့ဖူး၏။ ထိုအခါက အမေရိကန် မြေပိုင်ရှင်ကြီးများသည် မိမိတို့ စိုက်ပျိုးခင်းများတွင် အလုပ်ကြမ်း၌ခိုင်းစေ ရန် အာဖရိကတိုက်မှ ကပ္ပလီလူမည်းများအား ငွေဝယ်ကျွန်အဖြစ် အပိုင် ဝယ်ယူကြ၏။ လူမည်းမများကိုပင် လမ်းသလားပြစေ၍ တိရစ္ဆာန်များသဖွယ် ကိုင်တွယ်ကြည့်ရှု ဝယ်ခြမ်းနေသည်ကိုမြင်ရ၍ ထိုငွေဝယ်ကျွန် စနစ်ကြီးကို လင်ကွန်းသည် မုန်းတီးရွံရှာလာပြီးလျှင် အသားဖြူသည်၊ အသားမည်းသည် ပဓာနမထားဘဲ လူအချင်းချင်း တူညီသောအခွင့်အရေး ရထိုက်ကြောင်းကို စိတ်ဝင်စားခဲ့၏။

ထို့နောက် လင်ကွန်းသည် နယူးဆာလင်ရွာတွင် ကုန်စုံရောင်းချ သူအဖြစ်ဖြင့်လည်းကောင်း၊ ရွာတစ်ရွာတွင် စာတိုက်ဗိုလ်အဖြစ်ဖြင့်လည်း ကောင်း၊ မြေတိုင်းစာရေးအဖြစ်ဖြင့်လည်းကောင်း၊ အပျော်ထမ်း စစ်တပ်အဖွဲ့ တစ်ဖွဲ့တွင် ဗိုလ်ကြီးအဖြစ်ဖြင့်လည်းကောင်း အကြမ်းအနု အလုပ်မျိုးစုံ လုပ် ကိုင်ခဲ့ဖူး၏။ ကိုယ့်ထူးကိုယ်ချွန်၍ ပညာသင်ကြားကာ အလုပ်အကိုင်လုပ်ရင်း ဗဟုသုတဆည်းပူးလာရာမှ ၁၈၃၇ ခုနှစ်တွင် ရှေ့နေစာမေးပွဲကို ဝင်ရောက် ဖြေဆိုအောင်မြင်ခဲ့ပြီးလျှင် ထိုအခါမှစ၍ နိုင်ငံရေးနယ်ပယ်သို့ဝင်ရောက်ကာ နိုင်ငံရေးကိစ္စများကို ဆောင်ရွက်ခဲ့၏။ သို့သော် ရှေ့နေအလုပ်တွင် မအား မလပ်နိုင်အောင်ရှိခဲ့သဖြင့် နိုင်ငံရေးဘက်၌ များစွာအချိန်ကုန်မခံနိုင်သေးချေ။ ၁၈၃၄ ခုနှစ်၌ လင်ကွန်းသည် အီလီနွိုင်ပြည်နယ်ဥပဒေပြုလွှတ် တော်အမတ်အဖြစ် အရွေးခံရ၍ တတ်နိုင်သမျှ လူထုအကျိုးကို သည်ပိုးရွက် ဆောင်ခဲ့ရာ ၁၈၄၂ ခုနှစ်အထိ အမတ် အကြိမ်ကြိမ်ဖြစ်ခဲ့၏။ ထိုနှစ်၌ပင် မေရီတော့ခေါ် အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့လေသည်။ ၁၈၄၆ ခုနှစ်သို့ ရောက်သောအခါ ပြည်ထောင်စုလုံးဆိုင်ရာ ကွန်ဂရက်အမတ်ဖြစ် လာ၍ ဝါရှင်တန်မြို့တော်သို့ သွားရောက်ရ၏။ မြို့တော်သို့ရောက်၍ မကြာမီပင် စကားပြောကောင်းသူ၊ အမှု လိုက်ကောင်းသူဟူ၍ နာမည်ထွက်လာလေသည်။ ထိုအခါက ဒီမိုကရက်တစ် အဖွဲ့က အစိုးရဖြစ်နေ၍ သူကား ဝှစ်ပါတီဝင်အမတ်ဖြစ်နေရာ ကြိုးစား သလောက် ခရီးမရောက်ရှိခဲ့၏။ နောက်မှ ရီပတ်ဗလီကင် ပါတီသစ်ဝင် တစ်ဦးဖြစ်လာ၏။

ထို့နောက် လင်ကွန်းသည် ၁၈၃၈ ခုနှစ်မှ ၁၈၅၄ ခုနှစ်တိုင် နိုင်ငံရေးအလုပ်များ၌ ပါဝင်ဆောင်ရွက်ခြင်းမပြုဘဲ နေခဲ့သော်လည်း အမှု အလိုက်ကောင်းခြင်း၊ စကားပြောကောင်းခြင်းတို့ကြောင့် တစ်နေ့တခြား ထင်ရှား၍သာ လာခဲ့လေသည်။ ထိုအခါက ကပ္ပလီလူမျိုးများအား ကျွန် အဖြစ် အသုံးပြုသင့် မပြုသင့် ပြဿနာမှာ နိုင်ငံအဝန်းတွင် ခေတ်စားလျက် ရှိ၏။ သို့ဖြင့် လင်ကွန်းသည် ၁၈၅၄ ခုနှစ်မှစ၍ မိမိစိတ်ဝင်စားခဲ့သော ငွေဝယ်ကျွန်ပြဿနာ ပပျောက်ရေးအတွက် အပြင်းအထန် စတင်ဆောင်ရွက် တော့၏။ လင်ကွန်း၏ အတိုက်အခံဖြစ်သူမှာ အမေရိကန်ပြည်ထောင်စု ဥပဒေပြုကွန်ဂရက်အဖွဲ့သို့ဝင်ရန် အမတ်လောင်းအဖြစ် အရွေးခံသော အီလီနွိုင်ပြည်နယ်မှ စတီဖင် အေ ဒေါက်ဂလပ်ဖြစ်လေသည်။ နောက်ဆုံး၌ လင်ကွန်းပင် အမတ်ဖြစ်သွား၏။

၁၈၅၈ ခုနှစ်တွင် ဒေါက်ဂလပ်သည် အီလီနွိုင်ပြည်နယ်မှနေ၍ သူ့ဝါဒအတိုင်း ငွေဝယ်ကျွန်များထားနိုင်ကြောင်း ဟောပြော၍ အထက်လွှတ် တော်အမတ် အရွေးခံပြန်ရာ လင်ကွန်းကလည်း မထားနိုင်ကြောင်း အတိုက် အခံ ချေပဟောပြောလေသည်။ လင်ကွန်းမှာ အပြောလည်းကောင်း စေတနာ လည်းကောင်းလှသဖြင့် လူအများ ချီးကျူးကျေးဇူးတင်ခြင်းကို ခံရလေသည်။ သို့ဖြင့် နောက်ဆုံးတွင် ၁၈၆ဝ ပြည့်နှစ်၊ မေလ၌ကျင်းပသည့် ရီပတ် ဗာလီကင်ပါတီ အစည်းအဝေးကြီးက လင်ကွန်းအား အမေရိကန်ပြည် ထောင်စု သမ္မတလောင်းအဖြစ် အရွေးခံရန် ရွေးချယ်လိုက်ကြ၏။ ယှဉ်ပြိုင် ရွေးချယ် မဲပေးသောအခါ၌လည်း လင်ကွန်းသည် မဲပေါင်းများစွာ အသာ ရရှိပြီးလျှင် သမ္မတရာထူးကို ဆွတ်ခူးရရှိခဲ့လေသည်။

၁၈၆၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် လင်ကွန်းသည် သမ္မတ ရာထူးကို လက်ခံသောအခါ ကျွန်ပိုင်ထားလိုသော ပြည်နယ်ခုနစ်နယ်သည် ပြည်ထောင်စုကြီးမှထွက်ကာ သီးခြားပြည်ထောင်စုအဖြစ် ဖွဲ့စည်းကြ၏။ များမကြာမီ နောက်ထပ်ပြည်နယ်လေးခု ခွဲထွက်ပြန်လေသည်။ တစ်လခန့်မျှ ကြာသော် အေဗရာဟမ်လင်ကွန်းသည် တပ်ပျက်တွင် ဗိုလ်ခန့်ခြင်း ခံရဘိ သကဲ့သို့ ကျွန်ပိုင်ပြဿနာများနှင့် ရင်ဆိုင်ရတော့၏။ သို့ဖြင့် စစ်သားစု ဆောင်းခြင်းကို ပြုလုပ်ရလေ၏။ ပြည်ထောင်စုအတွင်းရှိ ပြည်နယ်တို့သည် တစ်ဖက်စီ ကွဲသွားပြီးလျှင် ပြည်တွင်းစစ်ပွဲကြီး ဖြစ်ပွားတိုက်ခိုက်ကြလေ သည်။

ပထမနှစ်နှစ်တွင် လင်ကွန်းသည် ပြည်ထောင်စုအား မယိမ်း မယိုင်အောင် ထိန်းသိမ်း၍သာနေရ၏။ ထိုအခါကား လင်ကွန်းသည် လှိုင်းကြမ်း လေကြမ်းကိုခံနိုင်အောင် ပဲ့ကိုင်၍နေရသော သင်္ဘောသူကြီးနှင့် တူနေ၏။ နောက်နှစ်နှစ်တွင်မူကား ပြည်ထောင်အချင်းချင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြလေရာ လူသူအမြောက်အမြား ကျဆုံးရလေသည်။ စစ်ပွဲများ၌ ကွပ်ကဲတိုက်ခိုက်နေရသည့် အတွင်း၌ပင် အိမ်မှုကိစ္စ များကလည်း စိတ်ဒုက္ခရောက်စရာ ပို၍လာပြန်၏။ ဇနီးဖြစ်သူနှင့် မကြာ ခဏ ခိုက်ရန်ဖြစ်ရသည့်ပြင် သားတစ်ယောက် သေဆုံးသွားပြန်လေသည်။ ၁၈၆၄ ခုနှစ်၌ အေဗရာဟမ် လင်ကွန်းကိုပင် ဒုတိယအကြိမ် သမ္မတအဖြစ်ဖြင့် ရွေးကောက်ကြပြန်၏။ ဤသို့ ရွေးကောက်တင်မြှောက်ကြသည်မှာလည်း သူ့အပေါ်တွင် စေတနာမေတ္တာထားခြင်း၊ ရိုသေကိုင်းရှိုင်းခြင်း၊ ကျေးဇူးတင်ခြင်း စသည်တို့ကြောင့်ဖြစ်လေသည်။ ထိုအကြိမ်၌ ကွန်ဂရက်လွှတ်တော်ကြီးတွင် သမ္မတဝါရှင်တန်လက်ထက်ကကဲ့သို့ပင် အဖွဲ့အမျိုးမျိုး ကွဲလျက်ရှိနေ၏။

ပြည်တွင်းစစ်ပွဲကြီး၌ ပထမတွင် မြောက်ပိုင်းသားများအတော်ပင် အနစ်နာခံရသော်လည်း ၁၈၆၅ ခုနှစ်တွင် တောင်ပိုင်းပြည်နယ် သမဂ္ဂအစိုးရ ၏ စစ်တပ်များသည် နောက်ဆုံးတွင် အပြီးသတ်အရှုံးပေးကာ လက်နက်ချ ကြရကုန်၏။ လေးနှစ်ကြာခဲ့သော ပြည်တွင်းစစ်ကြီးကား ပြီးဆုံးခြင်းသို့ ရောက်၍ နောင်အခါ အမေရိကန်ပြည်ထောင်စု၌ ငွေဝယ်ကျွန်စနစ် မရှိစေရဟူသော ၁၃ ခုမြောက် ပြင်ဆင်ချက်ကို ဥပဒေတစ်ရပ်အဖြစ်ဖြင့် ပြဋ္ဌာန်းနိုင်လေတော့၏။

သို့ဖြင့် တိရစ္ဆာန်ကဲ့သို့ ရောင်းစားခြင်းခံရသော ကပ္ပလီလူမည်း များလည်း လွတ်လပ်ခွင့်ရကြကုန်၏။ စစ်ဒဏ်ကိုခံခဲ့ရသော ပြည်ထောင်စု နိုင်ငံကြီး ပြန်လည်ထူထောင်ရန်နှင့် သဘောမပေါက်သေးသော တောင်ပိုင်းသားများအား နားလည်စေရန် သူ့မှာတာဝန်ကျန်သေး၏။ သို့သော် ထိုတာဝန်ကြီးများကို အပြီးတိုင် ထမ်းဆောင်ခွင့်မရတော့ချေ။ ၁၈၆၅ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ ညနေချမ်း၌ အေဗရာဟမ် လင်ကွန်းသည် ဝါရှင်တန်မြို့ရှိ ဖို့ဇာတ်ရုံကြီးတွင် ဇာတ်ပွဲကို ကြည့်ရှုလျက်ရှိစဉ် ဂျွန်ဝီလကီ ဘုသ်ဆိုသူ သဘင်သည်တစ်ဦးက ပစ်စတိုသေနတ်နှင့် ပစ်လိုက်သဖြင့် နောက်တစ်နေ့၌ပင် ကွယ်လွန်အနိစ္စရောက်ရရှာလေသည်။

ပြည်တွင်းစစ်အတွင်း ဂက်တစ်စဗတ် တိုက်ပွဲအပြီး၌ သမ္မတကြီး သည် အောက်ပါအတိုင်း မိန့်မြွက်ခဲ့ဖူး၏။ ‘ကျွန်ုပ်တို့၏သူရဲကောင်းများ အချည်းနှီးမသေစေရန်နှင့် ပြည်သူတို့က ပြည်သူတို့အတွက် တင်မြှောက်ထားသော ပြည်သူ့အစိုးရသည် ဤကမ္ဘာပေါ် မှပျောက်ကွယ်မသွားရန် ကျွန်ုပ်တို့ လေးနက်စွာ သန္နိဋ္ဌာန်ချပါသည်’ ဟူ၍ဖြစ်သည်။ သမ္မတကြီး လင်ကွန်း၏ အထက်ပါမိန့်ခွန်းစကားများမှာ ကမ္ဘာကျော်အောင် ဥဒါန်းတွင် ရစ်ခဲ့လေသည်။

အေဗရာဟမ် လင်ကွန်းအား တစ်နိုင်ငံတည်းအတွက်သာမဟုတ်၊ တလောကလုံး ကောင်းစားရေးအတွက် ဆောင်ရွက်ခဲ့သဖြင့် တစ်ကမ္ဘာလုံး ကပင် ချစ်ခင်လေးစားကြကုန်သည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း

Tags: world people
Next Post
သမုဒ္ဒရာရေအောက်က ဝံပုလွေငါးရှဉ့်အကြောင်း တစေ့တစောင်း

သမုဒ္ဒရာရေအောက်က ဝံပုလွေငါးရှဉ့်အကြောင်း တစေ့တစောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!