ရေးသားသူ – TMK (သမန်းကျား)
(ရတနာပုံနေ့စဉ်)
ကျွန်တော်တို့နေ့စဉ်ဝတ်နေတဲ့ အဝတ်အစားတွေမှာ စိတ်ဝင်စားစရာသမိုင်းကြောင်းလေးတွေ ရှိတာကိုတွေ့ရပါတယ်။
ဂျင်းဘောင်းဘီအိတ်ပေါ်က အိတ်ကပ်သေးသေးလေး
ဂျင်းပင်အပြာ စစခြင်းပေါ်တုန်းက နောက်မှာအိတ်ထောင် တစ်လုံး၊ ရှေ့မှာတစ်လုံး၊ ပြီးတော့ အဲဒီအိတ်ကပ်သေးသေးလေး နှစ်လုံး ပါခဲ့ပါတယ်။ အဲဒီခေတ်တုန်းက အဲဒီ အိတ်ကပ်သေးသေးလေးတွေက အိတ်ဆောင်နာရီထည့်ဖို့ပါ။ အခု စမတ်ဖုန်းခေတ်မှာတော့ ဒီအိတ်ကပ်တွေ မလိုတော့ဘူးပေါ့။ သို့သော်လည်း ဂျင်းဘောင်းဘီတွေရဲ့စတိုင်အတိုင်း ပါတာတော့ ပါနေတာပဲ။
ရှပ်အင်္ကျီတွေရဲ့နောက်ကျောက ကွင်းလေး
ရှပ်အင်္ကျီတွေရဲ့နောက်ကျော ကောလံအောက် ၄ လက်မလောက်မှာ ကွင်းလေးတစ်ခုပါတတ်တယ်။ အဲဒါ ဘာလုပ်ဖို့လဲ သိလား။ကျောင်းသားတွေဝတ်တဲ့ရှပ်မှာ အများဆုံးပါလေ့ရှိပြီး အင်္ကျီချိတ်ဖို့ဖြစ်ပါတယ်။ ကောလံကနေ ချိတ်ရင် ကော်လံနာသလို အင်္ကျီလည်း တွန့်ပြီး ဒီဇိုင်းပျက်တဲ့အတွက် ကျောင်းသားတွေက အဲဒီကွင်းကနေပဲ ချိတ်ခဲ့ကြတာပါ။ အဲဒါ ၁၉၆၀ က GANT အမှတ်တံဆိပ်မှာ စပါခဲ့တာပါ။
ပထမဆုံးနက်ကတိုင်
ကမ္ဘာပေါ်မှာ ပထမဆုံးသော နက်ကတိုင်ကို ၁၇ ရာစုမှာ လူဝီဘုရင် ၁၄ က စစည်းခဲ့ပါတယ် အဲဒီတုန်းက ခရိုအေးရှားစစ်သားတွေရဲ့ယူနီဖောင်းကိုသဘောကျပြီး ပြင်သစ်စစ်တပ်ကြီးတစ်ခုလုံးကို နက်ကတိုင် စည်းစေခဲ့ခြင်းဖြစ်ပါတယ်။ နောက်ပိုင်း ဥရောပတစ်ခွင်ကို ပျံ့နှံ့သွားပြီး လူကြီးလူကောင်းမှန်ရင် နက်ကတိုင်စည်း တဲ့ဓလေ့ ထွန်းကားခဲ့ပါတယ်။
ဂျင်းဘောင်းဘီအိတ်ကပ်တွေမှာပဲ သံကြယ်သီးတွေပါပြန်ပါတယ်။
ကြယ်သီးဆိုရာမှာ နှိပ်သီးပုံစံဖြစ်ပြီး အဲဒီနှိပ်သီး ကို အပေါ်ကအုပ်မယ့်အပိုင်းတော့ မပါပါဘူး။ အဲဒါ ၁၉ ရာစုကစခဲ့တာပါ။ အဲဒီတုန်းက ဂျင်းဘောင်းဘီကို အလုပ်ကြမ်းသမားတွေက အဝတ်များခဲ့ပါတယ်။ အလုပ်ကြမ်းလုပ်ကြတော့ ဟိုတိုးဒီတိုးနဲ့ အဲဒီဘောင်းဘီအိတ်နားမှာ လာလာပြဲပါတယ်။ အဲဒီတုန်းက ဂျင်းထုတ်လုပ်တဲ့ Jacob Davis နဲ့ Levi တို့က အဲဒီပြဲတတ်တဲ့နေရာတွေကို သံနှိပ်သီးတွေထည့်ပြီး ပွတ်တိုက်မှုဒဏ်ခံနိုင်အောင် လုပ်ခဲ့ကြတာပါ။
အားကစားလောကရဲ့ ပထမဆုံး လိုဂို
အားကစားလောကရဲ့ ပထမဆုံး လိုဂိုအမှတ်တံဆိပ်ဟာ မိကျောင်းပုံလို့ပြောရင် ယုံကြမလားပဲ။ ကမ္ဘာကျော် Lacoste အမှတ်တံဆိပ် အင်္ကျီတွေကို လူတိုင်းမြင်ဖူးကြမှာပါ။ တရုတ်ကလည်း အတုတွေလှိမ့်ပြီးဝင်နေတာပဲလေ။ အဲဒါ ကမ္ဘာကျော်တင်းနစ်ကစားသမား ပြင်သစ်လူမျိုး Rene Lacoste ကနေ စတာပါ။ သူ့အမည်ပြောင်က Crocodile ပါ။ ဒီတော့ သူ့ဘလေဇာအင်္ကျီတွေမှာ သူက မိကျောင်းတံဆိပ်ကို ထိုးထိုးထားခဲ့ပါတယ်။ အားကစားလောက ကနေ နားသွားတော့ သူ့နာမည်နဲ့ Lacoste ကုမ္ပဏီကိုဖွင့်၊ လိုဂိုကိုတော့ သူ့မိကျောင်းလိုဂိုကိုသုံးပြီး အားကစား ဝတ်စုံမျိုးစုံ ထုတ်လုပ်ရောင်းချခဲ့ခြင်း ဖြစ်ပါတယ်။
ကျောပိုးအိတ်ပေါ်က ထပ်ပိုးလွှာလေး
ကျောပိုးအိတ်ပေါ်က ထပ်ပိုးလွှာလေးက ဘာလုပ်ဖို့လဲ။ အလှတပ်ထားတာမဟုတ်ပါဘူး။ အဲဒီထဲကို ကြိုးလျှိုထိုးပြီး ပစ္စည်းတွေချိတ်ဖို့ပါ။ တောင်တက်ကြိုး ချည်ထားလို့ရပါတယ်။ ဖိနပ်တွေချိတ်ထားလို့ရပါတယ်။ ရေဗူးအပိုတွေ ချိတ်ထားလို့ရပါတယ်။
YKK ဇစ်
YKK ဆိုတာ ကမ္ဘာပေါ်မှာ ဇစ်အများဆုံး ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်လို့ပါပဲ။ YKK ဆိုတာ Yoshida Kogyo Kabushikikaisha ကုမ္ပဏီရဲ့အတိုကောက်ပါ။ ဂျပန် နိုင်ငံ၊ တိုကျိုမြို့မှာဖွင့်လှစ်ထားပြီး ၁၉၃၄ ကတည်းက YKK အမှတ်တံဆိပ်နဲ့ဇစ်တွေထုတ်လုပ်နေခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိလည်း YKK ဟာ တစ်နှစ်ကို ဇစ်ပေါင်း ၇ ဘီလီယံထက်မနည်း ထုတ်လုပ်ပါတယ်။ အခုပဲ သင့်အင်္ကျီဇစ်ကို စစ်ကြည့်လိုက်ပါ။ YKK ဖြစ်ဖို့များပါတယ်။
ရှပ်ကော်လာမှာ ကြယ်သီးတွေတပ်တာ
အင်္ဂလန်မြင်းပိုလိုကစားသမားတွေက စခဲ့တာပါ။ အဲဒီတုန်းက သူတို့မြင်း စီးတော့ ရှပ်အင်္ကျီကော်လံတွေကို ဖလပ်ဖလပ်နဲ့လှန်လှန်တက်လာတာကို ပရိသတ်က အတော်စိတ်အနှောက် အယှက် ဖြစ်ခဲ့ကြပါတယ်။ ဒီတော့ ကော်လံမှာ ကြယ်တီးတပ်လိုက်ကြတာပါ။ အခုနောက်ပိုင်းတော့ နက်ကတိုင်နဲ့ ဝတ်တဲ့ရှပ်အတော်များများမှာလည်း ကော်လံမှာ ကြယ်သီးပါလာတာကို တွေ့ရပါတယ်။
ယောက်ျားအင်္ကျီမှာ ကြယ်သီးက ညာဘက်တပ်ပါတယ်။ မိန်းမဝတ်အင်္ကျီမှာ ကြယ်သီးက ဘယ်ဘက်တပ်ပါတယ်။
သက်ဦးဆံပိုင်ခေတ်တွေမှာတုန်းက ယောက်ျားလေးတွေက ခပ်ရှင်းရှင်းလေးဝတ်ပေမယ့် မိန်းကလေးတွေရဲ့ အဝတ်အစားကတော့ ရှုပ်ထွေးလွန်းလှပြီး အခိုင်းအစေ ၂ ယောက်လောက်က ဝိုင်းဝတ်ပေးခဲ့ရပါတယ်။ အဲဒီ ကတည်းက ကြယ်သီးကို ကျာ-းညာ၊ မ-ဘယ် ဆိုပြီးခွဲထားခဲ့ပါတယ်။ မိန်းကလေးတွေကို အိမ်စေတွက ကြယ်သီးတပ်ပေးရင် ရှေ့ကတပ်တပ်၊ နောက်ကတပ်တပ်၊ လွယ်သွားအောင် ဘယ်ဘက်တပ်ထားခဲ့တာလို့ ဆိုပါတယ်လို့ အဝတ်အစား တွေအကြောင်း စိတ်ဝင်စားစရာလေးတွေကို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။
TMK (သမန်းကျား)
(ရတနာပုံနေ့စဉ်)