ဟန်(hans) ကျွန်းဟာ ဂရင်းလန်ကျွန်းနဲ့ ကနေဒါနိုင်ငံကြားက ကနေဒီတူးမြောင်းအလယ်မှာ တည်ရှိတဲ့ ကျွန်းငယ်လေးတစ်ခုဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ဝ.၅ စတုရန်းမိုင်ပတ်လည်သာ ကျယ်ဝန်းတဲ့ကျွန်းသေးသေးလေးတစ်ခုဖြစ်ပါတယ်။ ဂရင်းလန်မြောက်ပိုင်း Ellesmere ကျွန်းက ခွဲထွက်လာတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ ကျောက်သားပြင်ဖြစ်ပြီး သီးနှံများစိုက်ပျိုးရန်မဖြစ်နိုင်တဲ့အပြင် သဘာဝအရင်းအမြစ်များမရနိုင်တာကြောင့် လူမနေတဲ့ကျွန်းတစ်ခုဖြစ်ခဲ့ပါတယ်။
ကနေဒါတွေက ဒီကျွန်းကို သူတို့ပိုင်ကျွန်းလို့သတ်မှတ်ခဲ့ပါတယ်။ ဒိန်းမတ်ကလည်း သူတို့ပိုင်ဆိုင်ရာ ဂရင်းလန်ကျွန်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် ဒီကျွန်းကိုသူတို့သာပိုင်ကြောင်း သတ်မှတ်ပါတယ်။ ဒီနိုင်ငံ နှစ်နိုင်ငံံ ဟာ ဒီကျွန်းကို သူပိုင်ငါပိုင်ကြောင်း အငြင်းအခုန်လုပ်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီး ကျွန်းလုစစ်ပွဲဆင်နွဲဖို့ အထိဖြစ်ခဲ့ပါတယ်။ ၁၉၈၄ခုနှစ်မှာတော့ ဒိန်းမတ်ဝန်ကြီးနဲ့ ရေတပ်သားတွေဟာဒီကျွန်းကိုရောက်လာခဲ့ပြီး ကျွန်းမှာ ဒိန်းမတ်အလုံကို စိုက်ပြီး ‘ဒိန်းမတ်နိုင်ငံမှကြိုဆိုပါသည်’ ဆိုတဲ့စာတမ်းကို ချိတ်ခဲ့ပါတယ်။ အဲဒီနောက် ဒိန်းမတ်ထုတ် ဘရန်ဒီအရက်သေတ္တာတွေကို ထားကာပြန်သွားခဲ့ပါတယ်။
လအနည်းငယ်အကြာမှာတော့ ကနေဒါရဲ့ ရေတပ်သားတွေဟာ ဒီကျွန်းကိုလာခဲ့ပါတယ်။ အဲဒီနောက်တော့ ကျွန်းမှာစိုက်ထားတဲ့ ဒိန်းမတ်အလံကို ဖြုတ်ပြီး သူတို့ကနေဒါအလံကို လွှင့်ထူခဲ့ပါတယ်။ ပြီးတဲ့အခါမှာတော့ ကနေဒါစစ်သားတွေဟာ အောင်ပွဲခံတဲ့အနေနဲ့ အရက်တွေသောက်ခဲ့ကြပြီး ကနေဒါထုတ်ဝီစကီပုလင်းပေါင်းများစွာထည့်ထားတဲ့ သေတ္တာပုံးတွေကိုလည်း ကျွန်းပေါ်မှာ ချန်ထားခဲ့ကာ ထွက်ခွာသွားကြပါတယ်။ ရည်ရွယ်ချက်ကတော့ ဒိန်းမတ်စစ်သားတွေလာတဲ့အခါ သောက်ဖို့ပါတဲ့။
လပေါင်းများစွာကြာပြီးတဲ့နောက်မှာ ဒိန်းမတ်စစ်သားတွေဟာ ဒီကျွန်းကိုနောက်တစ်ခေါက်ပြန်ရောက်လာခဲ့ကြပါတယ်။ ကနေဒါအလံကို ဖယ်ပြီး သူတို့ဒိန်းမတ်နိုင်ငံ အလံကိုစိုက်လိုက်တယ်။ ပြီးတဲ့နောက် ကနေဒါစစ်သားတွေထားခဲ့တဲ့ အရက်တွေကို သောက်ပြီး အောင်ပွဲခံကြတယ်။ အဲဒီနောက်တော့ ဒိန်းမတ်ထွက် ရှန်ပိန်ပုလင်းထည့်ထားတဲ့ သေတ္တာတွေကိုကနေဒါစစ်သားတွေအတွက် ထားကာ ပြန်သွားကြပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကိုယ့်အလံတွေစိုက် အရက်သေတ္တာတွေ ထားပြီး ဒီလိုလုပ်ခဲ့တာ အကြိမ်ပေါင်းများစွာပါပဲ။ ဒါကြောင့် ဒီစစ်ပွဲကို အပြစ်ကင်းတဲ့စစ်ပွဲ (သို့) ဝီစကီစစ်ပွဲလို့ ကမ္ဘာက သိကြပါတယ်။
၂၀၀၅ ခုနှစ်မှာတော့ ကနေဒါတွေဟာ ဒီကျွန်းကိုလာရောက်ကာ သူတို့ပိုင်ဆိုင်ကြောင်း သတ္တုပြားကပ်ခဲ့ပါတယ်။ ဒီအကြောင်းကို ဒိန်းမတ်တွေသိပေမယ့် ဘာမှမတုန့်ပြန်ခဲ့ပါဘူး။ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးကတော့ “ဘာမှမထွက်တဲ့ အကျိုအမြတ်မရှိတဲ့ကျွန်းကို လုနေကြတာဟာ ကလေးဆန်လွန်းပါတယ်။ အဲဒီထက်ပိုဆိုးတာက အချင်းချင်း နေတိုးအဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေဖြစ်နေရက်သားနဲ့ လုနေကြတာပါပဲ” လို့ ဆိုပါတယ်။ အဲဒီနောက်တော့ ဘယ်သူမှဆက်မလုပ်ကြတော့ပဲ ဝီစကီစစ်ပွဲလည်း အဆုံးသတ်သွားပါတော့တယ်။
Discussion about this post