ဂျပန်နိုင်ငံကနေ အလုပ်လုပ်ပြီးပြန်လာတဲ့ မလေးရှားနိုင်ငံသားတစ်ဦးဟာ သူ့ဆီကနေ အခြားသူတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမည်ကိုစိုးရွံ့တာကြောင့် လေယာဉ်ဆိုက်ကပ်ရာ Sabah ပြည်နယ်မြို့တော် Kota Kinabalu မြို့ကနေ(၇၅)မိုင်လောက်ဝေးတဲ့ သူ့မွေးရပ်မြေ Kota Marudu ကို(၃)ရက်ကြာလမ်းလျှောက်ပြီးပြန်လာခဲ့တယ်လို့သိရပါတယ်။
အသက်(၃၄)နှစ်အရွယ်၊မလေးရှားနိုင်ငံသား Mangundok ဟာ ဆိုရင် သူ့ဆီမှာ ဗိုင်းရပ်စ်ရှိမရှိမသေချာတဲ့အတွက် အများပြည်သူသုံးပို့ဆောင်ရေးလမ်းကြောင်းကိုသုံးရင် အခြားသူတွေကို ဗိုင်းရပ်စ်ကူးနိုင်တယ် ဆိုတဲ့ အတွေးကြောင့် ကီလိုမီတာ (၁၂၀) လောက်အကွာအဝေးကိုလမ်းလျှောက်ဖို့ဆုံးဖြတ်ခဲ့ပြီး လမ်းမှာပဲခွေးလေးတစ်ကောင်ကိုမွေးစားခဲ့ပါတယ်။ သူရဲ့ခရီးစဉ်အတွင်း သချိုင်းတစ်ခုကိုဖြတ်သန်းတဲ့အချိန်မှာတော့ ဆာလောင်နေတဲ့ခွေးလေးတစ်ကောင်ဟာသူအနောက်ကနေပါလာခဲ့ပြီးသူရဲ့အိမ်ပြန်ခရီးစဉ်အတွက်အဖော်တစ်ယောက်ရခဲ့ပါတော့တယ်။
ဒီအကြောင်းကို Mangundok က အစကတော့ဒီခွေးလေးဟာ တစ်နေရာမှာကျန်ခဲ့လိမ့်မယ်လို့ထင်ပေမဲ့ ကျတော်အိမ်ပြန်ရောက်ချိန်အထိသူလိုက်လာတာပါ။ ခုတော့ သူ့ကိုကျွန်တော်မွေးစားလိုက်ပြီး Hachiko ဆိုတဲ့ အမည်ကို ပေးခဲ့ပါတယ်လို့ဆိုခဲ့ပါတယ် ။Hachiko ဆိုတာက ဂျပန်နိုင်ငံက နာမည်ကျော် သစ္စာရှိခွေးရဲ့အမည်လည်းဖြစ်ပါတယ်။
Mangundok ဟာ ဂျပန်နိုင်ငံက Kota Kinabalu အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက် ရှိချိန်မှာ အစိုးရကထောက်ပံ့ထားတဲ့ quarantine စင်တာမှာ နေထိုင်ကာ စစ်ဆေးမှုတွေလုပ်ရမယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် သူမျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ဆရာဝန်က သူ့ကိုစမ်းသပ်ပြီးတာနဲ့ ရောဂါရှိပုံမရတာကြောင့် home quarantine ဆက်ဝင်ဖို့သာ စေလွှတ်ခံခဲ့ရလို့ ဖြစ်ပါတယ်။ သူ့မှာဗိုင်းရပ်စ်ရှိမရှိဆိုတာ သတ်မှတ်ထားတဲ့ quarantine ရက်ပြည့်ပြီးမှ သိရှိရမှာဖြစ်တာကြောင့် တကယ်လို့သာ ဗိုင်းရပ်စ်ရှိနေမယ်ဆိုရင် အိမ်ပြန်လမ်းတလျှောက်က အခြားသူတွေကို ကူးစက်မှာ သူစိုးရိမ်ခဲ့ပါတယ်။ ဒါကြောင့် ကား ၊ ရထားတွေကို မသုံးပဲ လမ်းလျှောက်ပြန်ဖို့ပဲ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
Mangundok ဟာမွေးချင်းမောင်နှမ(၁၂) ယောက်အနက်အငယ်ဆုံးသားဖြစ်သလို ကလေး(၂) ယောက်ရဲ့ဖခင်လည်းဖြစ်ပါတယ်။ သူဟာနိုင်ငံတကာကို လှည့်လည်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီးဂျပန်နိုင်ငံမှာသာမက စင်ကာပူ၊ အယ်ဂျီးရီးယား၊သြစတေးလျနဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာလည်း အလုပ်လုပ်ကိုင်ဖူးသူဖြစ်ပါတယ်။
Mangundok နဲ့ Hachiko တို့ရဲ့ခရီးစဉ်တလျှောက်မှာဆိုရင် တတ်နိုင်သမျှအခြားသူတွေနဲ့ ခပ်လှမ်းလှမ်းမှာနေလေ့ရှိပြီး ၊ ဘတ်စ်ကားဂိတ်လိုနေရာတွေမှာ အိပ်စက်ခဲ့ကာ ဝမ်းစာရေးအတွက်တော့ စည်သွပ်ဘူးတွေကို စားပြီးခရီးဆက်ခဲ့ကြတယ်လို့သိရပါတယ်။ သူတို့(၂) ယောက်ဟာဆိုရင် လမ်းတလျှောက် စစ်ဆေးမှုများစွာလည်းခံခဲ့ရပြီး သူ့အကြောင်းကို သိသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလိုက်ပို့ ကူညီဖို့ကမ်းလှမ်းခဲ့ပေမဲ့ Mangundok ကတော့ငြင်းဆန်ခဲ့တာချည်းသာဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ သူ့မှာဗိုင်းရပ်စ်ရှိနေမယ်ဆိုရင် လိုက်ပို့ပေးသူတွေအတွက် အန္တရာယ်ဖြစ်စေမှာစိုးလို့ဖြစ်ပါတယ်။
မတ်လ(၂၈)ရက်နေ့ မနက်ပိုင်းမှာတော့ Mangundok နဲ့ Hachiko တို့ဟာသူတို့ရဲ့ဦးတည်ရာဖြစ်တဲ့ Kota Maraud မြို့ကိုသွားရာလမ်းတဝက်ကိုရောက်ရှိခဲ့ပါတယ်။ ဖြစ်ချင်တော့ ကားမောင်းလာတဲ့ Mangundok ရဲ့အစ်ကိုဖြစ်သူနဲ့တွေ့ဆုံခဲ့ပါတယ်။ ပထမ တော့နေရောင်ကြောင့် Mangundok ရဲ့မျက်နှာကိုအသေအချာမမြင်ရပေမဲ့သူအစ်ကို ဘေးမှာပါလာတဲ့အဖော်ဖြစ်သူကတော့ Mangundok ကိုမှတ်မိသွားခဲ့တာကြောင့် ကားကိုပြန်လှည့်ပြီးဖြစ်ကြောင်းကုန်စင်ကိုမေးခါမှ ခွေးတစ်ကောင်နဲ့(၃)ရက်တာလမ်းလျှောက်ခရီးသွားနေတဲ့ Mangundok အကြောင်းကိုသိခွင့်ရခဲ့ပါတယ်။ အစ်ကိုဖြစ်သူရဲ့ကားနဲ့လည်း လိုက်ဖို့ငြင်းဆန်တာကြောင့် Mangundok နဲ့ သူရဲ့ခွေးဖြစ်သူအတွက် လုံခြုံစိတ်ချရတဲ့ကားတစ်စီး သက်သက် စီစဉ်ပေးခဲ့ရပါတယ်။
Kota Maraud ကိုပြန်ရောက်ချိန်မှာလည်း ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်ကာလဖြစ်တာ နဲ့အားလျော်စွာ ဆေးရုံကသတ်မှတ်ပေးထားတဲ့ ရက်အတိုင်း Mangundok ဟာ မိသားစုဝင်တွေနဲ့မတွေ့ဆုံပဲ သူတို့လယ်ထဲကတဲအိမ်လေးအတွင်းမှာ သူ့ခွေးလေးနဲ့အတူ သွားရောက်နေထိုင်ခဲ့ပါတယ်။ ဧပြီလ(၇)ရက်နေ့မှာတော့ Mangundok နဲ့ သူ့အချစ်တော်ခွေးလေး Hachiko တို့ဟာ Kota Marudu ဆေးရုံမှာပဲ ဒုတိယအကြိမ်မြောက် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုကို ဆက်လက်ခံယူခဲ့ကြပါတယ်။
ယင်းနောက်မှာတော့ ရောဂါကင်းစင်သူတွေအဖြစ် ပြည့်ပြည့်ဝဝသတ်မှတ်ကာ သူမိသားစုနဲ့အတူ ပြန်လည်နေထိုင်ခွင့်ရရှိသွားခဲ့ပါတော့တယ်။ ပြည်တော်ပြန်တယောက်ဖြစ်ပေမယ့် သူ့ကြောင့်အခြားသူတွေ ဒုက္ခဖြစ်မှာကို စိုးလို့ တယောက်တည်းအပင်ပန်းခံခဲ့တဲ့ Mangundok ရဲ့ စိတ်ဓာတ်ဟာ အလွန်ပဲလေးစားဖွယ်ကောင်းလှပါတော့တယ်။
Discussion about this post