အကြောရောဂါကြောင့်ဖြစ်စေ ၊ မတော်တဆမှုတစ်ခုကြောင့်ဖြစ်စေ အောက်ပိုင်း ကြောရိုး ၊ ခန္ဓာကိုယ် စသည်တို့ မလှုပ်ရှားနိုင်တော့ပဲ ပါးစပ်နဲ့ အစိတ်အပိုင်းအနည်းငယ်သာ လှုပ်ရှားနိုင်တော့တဲ့ အကြောရောဂါဝေဒနာရှင်တွေဟာ ခန္ဓာကိုယ်အသုံးပြုပြီးလုပ်ရတဲ့ အလုပ်တွေလုပ်နိုင်ဖို့ဆိုတာ အလွန်ခက်လှပါတယ်။ ဒါပေမယ့် ဂျပန်နည်းပညာကုမ္ပဏီတစ်ခုကတော့ ဒီဝေဒနာရှင်တွေကို အိပ်ယာပေါ်မှာလှဲနေရင်းနဲ့ပဲ အလုပ်လုပ်နိုင်အောင် နည်းပညာနဲ့ ကူညီပေးနိုင်ခဲ့ပါပြီ။
သူတို့ကိုပေးမယ့်အလုပ်ကတော့ ကော်ဖီဆိုင် စားပွဲထိုးအလုပ်ဖြစ်ပါတယ်။ လမ်းမလျှောက်နိုင်တော့တဲ့သူတွေက ဘယ်လိုလုပ်စားပွဲထိုးလုပ်ခိုင်းတာ ဘယ်လိုဖြစ်နိုင်မှာလဲလို့ တွေးကောင်းတွေးနိုင်ပါတယ်။ Ory Lab ဆိုတဲ့ ဒီနည်းပညာကုမ္ပဏီက စက်ရုပ်တွေရဲ့ အကူအညီနဲ့ ဝေဒနာရှင်တွေကို စားပွဲထိုးလုပ်ခိုင်းမှာပဲဖြစ်ပါတယ်။
နည်းပညာတိုးတက်လာမှုနဲ့အတူ စားသောက်ဆိုင်အချို့ဟာ စက်ရုပ်စားပွဲထိုးတွေကို သုံးလာကြပါပြီ။ ပြီးခဲ့တဲ့ လအနည်းငယ်က ဆိုရင် နီပေါနည်းပညာ ကုမ္ပဏီတစ်ခုဟာ စားပွဲထိုးစက်ရုပ်ငါးရုပ်ကို ဖန်တီးပေးပြီး တောင်အာရှရဲ့ ပထမဆုံးစက်ရုပ်စားသောက်ဆိုင် Naulo ကို နီပေါမြို့တော် ခတ္တမန္ဒူမှာ ဖွင့်နိုင်ခဲ့ပါပြီ။ Ory Lab ကုမ္ပဏီက ဒီနည်းပညာကို နောက် Level တစ်ခုကို မြှင့်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။
အကြောသေ ဝေဒနာရှင်တွေကို စားပွဲထိုးခန့်ထားတဲ့ Dawn Ver Beta ဆိုတဲ့ ကော်ဖီဆိုင်ကို အခုလအတွင်းက ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ကော်ဖီဆိုင်မှာ အဓိကအလုပ်လုပ်မှာကတော့ စက်ရုပ်တွေဖြစ်ပြီး အဲဒီစက်ရုပ်တွေကို ကွန်ပျူတာအကူအညီနဲ့ အကြောသေဝေဒနာရှင်တွေက ထိမ်းချုပ်စေခိုင်းတာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ရည်ရွယ်ချက်ကလည်း ဘဝသေသလို ဖြစ်နေတဲ့ဝေဒနာရှင်တွေကို သူတို့လည်း အလုပ်လုပ်နိုင်ကြောင်း သိလာစေဖို့ ဖြစ်ပါတယ်။
လောလောဆယ်တော့ ဒီကော်ဖီဆိုင်ဟာ ဝန်ထမ်း ၁၀ ယောက်နဲ့ ဖွင့်လှစ်ထားပါတယ်။ အဲဒီဝန်ထမ်းတွေဟာ ကြွက်သား နဲ့ အကြောရောဂါအမျိုးမျိုး ဝေဒနာရှင်တွေဖြစ်ပါတယ်။ OriHime-D လို့အမည်ပေးထားတဲ့ စက်ရုပ်တွေကို ထိန်းချုပ်ခိုင်းစေခြင်းလုပ်အားခအဖြစ် ဝန်ထမ်းတွေဟာ ၁နာရီကို ၉ ဒေါ်လာရရှိမှာဖြစ်ပါတယ်။
အဓိကအားဖြင့် မျက်လုံးလှုပ်ရှားမှုနဲ့ စက်ရုပ်တွေကို ထိန်းချုပ်ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။ စက်ရုပ်တွေကို လိုသလိုရွေ့လျားစေတာ ၊ ပစ္စည်းတွေကိုသယ်ဆောင်တာ အပြင် ၊ စားသုံးသူတွေပါ စကားပြောနိုင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီစက်ရုပ်တွေဟာ ဝေဒနာရှင်တွေကိုယ်စား စားပွဲထိုးအလုပ်ကို လုပ်ပေးနေတဲ့ ကိုယ်စားလှယ်တွေဖြစ်ပါတယ်။
မလှုပ်ရှားနိုင်တဲ့သူတွေအတွက် အလုပ်လုပ်ဖို့ ကမ္ဘာသစ်တစ်ခုရှိလာစေချင်တာကြောင့် ဒီပရောဂျက်ကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း Ory Lab နည်းပညာကုမ္ပဏီရဲ့ စီအီးအို Kentaro Yoshifuji က ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ဒီကော်ဖီဆိုင်ကို စမ်းသပ်တဲ့အနေနဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လိုအပ်နေသေးတဲ့ အချက်တွေကို ဖြည့်စွက်ပြီး ၂၀၂၀ ခုနှစ်လောက်မှာ တရားဝင် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ဒီနည်းပညာကြောင့် နောက် ၂နှစ်ဆိုရင် မလှုပ်ရှားနိုင်တဲ့သူတွေဟာ စားပွဲထိုးအလုပ်တွေကို လုပ်ခွင့်ရတော့မှာ ဖြစ်ပါတယ်။
VIDEO
Discussion about this post