မြန်မာ့စာပေလောကတွင် ထူးထူးခြားခြား အဖြေရှာမရပဲ ပျောက်ဆုံးသွားသူအဖြစ် ယနေ့တိုင် မှတ်တမ်းတင်ခြင်းခံထားရသူမှာ စာရေးဆရာ မင်းဆွေဖြစ်သည်။ သူ့ခေတ်သူ့အခါက နာမည်ကြီးစာရေးဆရာကြီး တစ်ဦးဖြစ်ပြီး သူရေးသားခဲ့သည့် “ဓား” ဝထ္ထုသည် ယနေ့တိုင် စာပေချစ်သူတို့အကြား ရေပန်းစားဆဲ ရှိတုန်းပင်။
စာရေးဆရာမင်းဆွေအား မော်လမြိုင် မြို့တွင် ၈ ဇွန် ၁၉၁ဝ တွင် မွေးသည်။ ဖခင်မှာ ပန်းပဲ ဆရာကြီး ဖြစ်သည်။ ငယ်စဉ်ကပင် မိဘ နှစ်ပါး ကွယ်လွန် ခဲ့သည်။ ထို့ကြောင့် ကြီးဒေါ် ထံတွင် ကြီးပြင်း ခဲ့ရသည်။ ငယ်မည် မောင်ချစ်လှိုင် (ခေါ်) မောင်မြင့်လှိုင် ဖြစ်၏။
ပီမိုးနင်း၏ “ပင်နန်းရံရွှေ ငယ်ကျွမ်းဆွေ” ကို ဖတ်မိရာမှ စာရေး ဆရာ ဖြစ်ရန် ရည်စူး ခဲ့၏။ ၁၉၃၅ ခု ဝန်းကျင် ဒဂုန် မဂ္ဂဇင်းတွင် “ရွှေမြိုင်ညွန့်” ကလောင် အမည် ယူပြီး “တစ်သုံးလုံး” စုံထောက် ဝတ္ထုကို စတင် ရေးခဲ့သည်။ “ရန်သူ့ မေတ္တာ” စုံထောက် ဝတ္ထု၊ အိုင်ဆေး ယောက်ဖ၊ အိုင်လပ် (ဖ) ယူ၊ လူပါးဝတဲ့ကောင် စသည့် ဟာသနှင့် အခြားသော အချစ်ဝတ္ထု တိုရှည်များကို ဆက်လက် ရေးသား ခဲ့သည်။
၅ ဧပြီ ၁၉၃၅ ခုတွင် ရန်ကုန်သို့ ပြောင်းခဲ့သည်။ ရန်ကုန် ရေကျော်ရပ်တွင် သူငယ်ချင်း များနှင့် အိမ်ငှား၍ စုနေ ကြသည်။ အရင်းနှီးဆုံး စာပေ မိတ်ဆွေ များမှာ ရဲထွတ် (ဦးသော်)၊ ရဲသမိန် (မာဃ ကုန်စုံဆိုင်ရှင် ဦးဘကြိုင်)၊ မင်းအောင်တို့ ဖြစ်ကြသည်။ ရန်ကုန် ရောက်စ မှာပင် “ခယ်မပျို” လုံးချင်း စာအုပ်ကို ဦးဘဆန်းအင်ဆန်း တိုးတက်ရေး ဝတ္ထုတိုက်က ထုတ်ဝေ လိုက်သည်မှ နာမည် ရလာပြီး၊ အခြား ဝတ္ထု တိုက်များ ကလည်း အလုပ် အပ်နှံ လာကြသည်။
ဗန္ဓုလ သတင်းစာတွင် ဆရာကြီး ပီမိုးနင်း အယ်ဒီတာချုပ် လုပ်စဉ် တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့ဖူး၏။ တခါသော် ဆရာကြီး ပီမိုးနင်း ရေးသည့် သတင်းစာ အခန်းဆက် ဝတ္ထုရှည်ကြီး တပုဒ်တွင် ဆရာကြီး ရုတ်တရက် မကျန်းမာခိုက် ဝင်ရောက် ရေးသား ပေးခဲ့ ဖူးသည်။
ဂျပန် ခေတ်တွင် ပဲခူး ကျောက်တန်း၊ ကွမ်ပေါင်ရွာ တို့တွင် နေခဲ့သည်။ မော်လမြိုင် အစိုးရ အထက်တန်း ကျောင်း ရန်ပုံငွေ ပွဲတွင် ပြဇာတ် ဒါရိုက်တာ လုပ်ခဲ့ရာမှ လူကြိုက် များပြီး မော်လမြိုင် ဝန်းကျင်သို့ လှည့်လည် ဖြေဖျော် ခဲ့ရသည်။
ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ကြီးများ ကျဆုံး ပြီးစ အချိန်ခန့်၌ သူရိယ သတင်းစာ တိုက်တွင် လခစား အဖြစ် ဝင်ရောက် လုပ်ကိုင်သည်။ မကြာမီ နုတ်ထွက် လိုက်ပြီး ကိုယ်ပိုင် ကြယ်နီ စာအုပ်တိုက်ကို တည်ထောင်သည်။ သူဘု ငါဘောက်၊ လူချင်း မတူ၊ ဓား (ဒုတိယ အကြိမ်) နှင့် ကလဲ့စား တို့ကို ထုတ်ဝေ ခဲ့၏။ ထိုကာလ မှာပင် မကျန်းမမာ ဖြစ်လာသည်။
တပြိုင်နက်တည်း လိုလိုပင် အရင်းနှီးဆုံး စာရေးဆရာ ရဲထွက် ကွယ်လွန် သွားခြင်း၊ အချစ်ဆုံး တူ ဦးအောင်မြင့် (ကျိုက္ခမီ ဆားဖို ပိုင်ရှင်) ရန်ကုန်မှ မော်လမြိုင်သို့ အပြန် ၁၄-၃-၄၉ တွင် လေယာဉ် ပျက်ကျ ကွယ်လွန်ခြင်း တို့ကြောင့် စိတ်နှလုံး အထူးထိခိုက် ကြေကွဲ ခဲ့ရသည်။ သို့ဖြင့် ၂၆ ဇူလိုင် ၁၉၄၉ နေ့တွင် ဆေးကုသ ရန်လာသည့် ဆရာ အတွက် ဆေးလိပ် ဝယ်ရန် နေအိမ်မှ ထွက်သွားရာ ယနေ့ အထိ ပျောက်ဆုံး ခဲ့ရတော့သည်။
ဝထ္ထုပေါင်း ၃၆ပုဒ်ခန့်ရေးသားခဲ့ပြီး ယင်းတို့ အနက် ဓားကို မျိုးမြင့်ရန်နောင် (၁၉၅ဝ)၊ လင် (၁၉၅၁)၊ မနိုင်ငံကို စွဲစွဲမြဲမြဲ (၁၉၅၂)၊ လူချင်းမတူကို ကြုံလေ ဘုံဘွေ (၁၉၅၃)၊ ချစ်တဲ့ညကို ကကြီးရေက (၁၉၆ဝ ခန့်) အမည်များဖြင့် ရုပ်ရှင် ရိုက်ခဲ့ ကြသည်။ ‘ဓား’ ဝတ္ထုသည် မြန်မာ သက္ကရာဇ် ၁၃ဝ၅ ခုနှစ် စာရေးဆရာ အသင်း ဝတ္ထုဆုကို ရရှိ ခဲ့သည်။ နောက်ပိုင်း တွင်လည်း နာမည် (?) စာအုပ်ကို ထုတ်ခဲ့၏။ ‘ချစ်ရေးမညီ’ ဝတ္ထုမှာမူ ရန်အောင် ရေးပြီး မင်းဆွေ ကလောင် အမည်နှင့် ထုတ်ကြောင်း အမှတ်အသား ရှိခဲ့သည်။
“သူ၏ ဝတ္ထုများမှာ ဘဝနှင့် အလွန် နီးစပ်သော အတွေးအခေါ် အလှည့်အပတ် ကလေးများ ပါဝင်၍ အရေးအသားလည်း ဆန်းဆန်းပြားပြား မဟုတ်ဘဲ ရိုးရိုးပြေပြေ ရေးတတ် သောကြောင့် ဖတ်၍ ကောင်း၏” ဟူ၍ လည်းကောင်း၊ မောင့်ပွင့်ကောင်း – သန်းသန်း (၁၉၃၆) ဝတ္ထုနှင့် စပ်လျဉ်း၍ “အဖြစ်အပျက် မှန်ကို ဇာတ်ဆောင် ယောက်ျားကလေး၊ မိန်းကလေး တို့၏ ဓာတ်ပုံများ နှင့်တကွ အဖြစ်အပျက်မှန် ဝတ္ထုကို စတင် ရေးသားသူ …..” ဟူ၍ လည်းကောင်း ဒဂုန် ရွှေမျှားက ကောက်ချက် ဆွဲခဲ့၏။ “မင်းဆွေ သည် စာဖတ် သူတို့အား တိုင်းပြည့် လိုအင်နှင့် အညီ တိုးတက်အောင် လှုံ့ဆော်ရာတွင် ထိရောက် အောင်မြင်သော စာရေးဆရာ” ဟူ၍လည်း မလိခက မှတ်ချက် ပေးပါသည်။
ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော ‘၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း’ စာအုပ် (၂ဝဝ၅ ခု၊ ဇူလိုင်)
Myanmar Wikipedia
Discussion about this post