Written By Arr Luu(MYMC)
Amelia Earhart က Atlantic သမုဒ္ဓရာကို တစ်ယောက်တည်း ဖြတ်ကူးခဲ့တဲ့ ပထမဆုံး အမျိုးသမီး လေယာဉ်မှုး ဖြစ်ပြီး သူမ ဘယ်လို ပျောက်ဆုံး သွားခဲ့သလဲ ဆိုတာကို ခုထိ အဖြေရှာ မရသေး ပါဘူး။
Amelia Earhart ကိုရုပ်ရှင်တွေထဲမှာ ကြားဖူး ကြမှာပါ။ အမေရိကန်က အမျိုးသမီး လေယာဉ်မှုး၊ စာရေးဆရာမနဲ့ အမျိုးသမီး တွေရဲ့ အခွင့်အရေး အတွက် တက်ကြွလှုပ်ရှားသူ တစ်ယောက်ပါ။ Atlantic ကိုတစ်ယောက်တည်း ဖြတ်ကူးခဲ့တဲ့ ပထမဆုံး အမျိုးသမီး လေယာဉ်မှုး ဖြစ်ပြီး ၁၉၃၇မှာ ကမ္ဘာကြီးကို ပတ်ပြီး ပျံသန်းဖို့ စီစဉ်ထား ခဲ့ပြီး လမ်းတဝက်မှာ သတင်း အစအန မရတော့ဘဲ ပျောက်ဆုံး သွားတာကို လူတိုင်းက စိတ်ဝင်စား ခဲ့ကြပါတယ်။
Amelia Mary Earhart ကို၁၈၉၇ခုနှစ် ဇူလိုင်လ ၂၄ရက်နေ့မှာ အမေရိကန် နိုင်ငံ၊ Kansas ပြည်နယ်က Atchison မြို့မှာ မွေးဖွားခဲ့ ပါတယ်။ ၁၉၁၇ခုနှစ် ခရစ်စမတ် ကာလမှာ သူမရဲ့ အမရှိတဲ့ Toronto မြို့ကို အလည်သွားရင်းနဲ့ aviation expo တစ်ခုကို သွားလည် ဖြစ်ခဲ့ပြီး သူမအနီးကနေ လေယာဉ်မှုးက လေယာဉ်မောင်း သွားတာကို တွေ့မြင်ခဲ့ ရပြီးကတည်းက လေယာဉ် မောင်းတာဟာ သူမကို ခံစားချက် တစ်ခု ပေးတယ်လို့ နောက်ပိုင်းမှာ ဖွင့်ပြောခဲ့ ပါတယ်။
နောက် ၁၉၂၀ ဒီဇင်ဘာလမှာ California ပြည်နယ်၊ Long Beach က air show တစ်ခုကို သွားခဲ့ပြီး လေယာဉ်စီး ဖြစ်ခဲ့ပါတယ်။ ဒီဆယ်မိနစ် လောက်ပဲ ကြာတဲ့ ခရီးတိုလေး တစ်ခုက သူမရဲ့ ဘဝကို ပြောင်းလဲ ပစ်ခဲ့ပါတယ်။ အဲ့အချိန်တုန်းက မြေပြင်နဲ့ ပေ၂၀၀-၃၀၀လောက် အကွာအဝေးမှာပဲ ရှိပေမယ့် သူမပျံသန်းရတာ ကြိုက်တယ် ဆိုတာ သိနေခဲ့ ပါတယ်လို့ ဆိုပါတယ်။ လေယာဉ်မောင်း သင်တန်း တက်ခဲ့ပြီး နောက်ခြောက်လ အကြာမှာ သူမရဲ့ ပထမဆုံး Canary လို့နာမည် ပေးထားတဲ့ အဝါရောင် တောက်တောက် အသုံးပြု ပြီးသား လေယာဉ် တစ်စင်းကို ဝယ်ယူ ခဲ့ပါတယ်။ ၁၉၂၂ အောက်တိုဘာမှာ အမျိုးသမီး လေယာဉ်မှုး တွေထဲမှာ ပေ၁၄၀၀၀ အမြင့် ပျံသန်းခဲ့ပြီး ကမ္ဘာ့ altitude record တစ်ခုကို တင်နိုင်ခဲ့ ပါတယ်။ ၁၉၄၂မှာတော့ သူမရဲ့ မိဘတွေ ကွာရှင်းခဲ့ပြီးနောက် ငွေကြေး အခက်အခဲ တွေကြောင့် Canary ကိုရောင်းခဲ့ရပြီး Boston မှာအလုပ် သွားလုပ် နေခဲ့ ရပါတယ်။
၁၉၂၈ ဧပြီလမှာတော့ သူမဆီကို မမျှော်လင့်တဲ့ ဖုန်းတစ်ခု ဝင်လာပါတယ်။ အတ္တလတိတ်ကို ဖြတ်ကျော်တဲ့ ပထမဆုံး အမျိုးသမီး ဖြစ်ချင်သလား ဆိုပြီး မေးတဲ့အခါ သူမက ချက်ချင်းပဲ ခေါင်းညိမ့် ခဲ့ပါတယ်။ သူမကို co-pilot အဖြစ်သာ စာရင်း ထည့်ထားခဲ့ပြီး သူမ မရင်းနှီးတဲ့ လေယာဉ် အမျိုးအစား ဖြစ်တာကြောင့် မောင်းနှင် ကွပ်ကဲခွင့်တော့ မရခဲ့ ပါဘူး။ ဒါပေမယ့် သူမကတော့ လေကြောင်းနဲ့ ပတ်သက်တဲ့ ကျော်ကြားသူ တစ်ယောက်တော့ ဖြစ်လာခဲ့ ပြီးတော့ သူမကို “Lady Lindy” လို့မီဒီယာ တွေက နာမည်ပေး ခဲ့ပါတယ်။ သူမရဲ့ ခရီးသည် တစ်ဦးအဖြစ်သာ လိုက်ပါခွင့် ရခဲ့တဲ့ ခရီးစဉ် အပြီး သြဂုတ်လမှာ သူမတစ်ဦးတည်း Atlantic ကိုဖြတ်ကျော်ပြီး သမိုင်းတွင်မယ့် ခရီးတစ်ခုကို အောင်မြင်စွာ ပြီးဆုံးခဲ့ ပါတယ်။
Charles Lindbergh အကြောင်းတွေ အများကြီး ရေးခဲ့တဲ့ George P. Putnam ကသူမရဲ့ အတွေ့အကြုံ တွေကို စာ ရေးခဲ့ပြီး သူ့ရဲ့ ရောင်းအား အကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်ခဲ့ပါတယ်။ Earhart နဲ့ Putnam တို့နှစ်ယောက်က ပွဲတွေ အမျိုးမျိုးမှာ အတူတူ နီးနီးကပ်ကပ် အလုပ်လုပ် ခဲ့ပြီးနောက် ၁၉၃၁မှာ Putnam အိမ်ထောင်ရေး ပြိုကွဲသွား တဲ့အခါ သူတို့နှစ်ယောက် လက်ထပ်လိုက် ကြပါတယ်။ Earhart ရဲ့အမှတ် ပုံရိပ်တွေကို အမျိုးသမီး ဖက်ရှင်၊ မဂ္ဂဇင်းနဲ့ airline management စတဲ့နေရာ တော်တော်များများမှာ တွေ့လာရ ပေမယ့် သူမရဲ့ တကယ့် စိတ်ဆန္ဓ ဖြစ်တဲ့ ပျံသန်းဖို့ကို အမြဲ တောင့်တ နေတာပါ။ နောက်ထပ် ကမ္ဘာ့မှတ်တမ်း အမြင့်တစ်ခုကို ပေ၁၈၄၁၅ နဲ့ထပ်တင်ခဲ့ ပြီးနောက် အမျိုးသမီး လေယာဉ်မှုး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Ninety-Nines ရဲ့ခေါင်းဆောင် တစ်ယောက် ဖြစ်လာပါတယ်။
Earhart နဲ့ Putnam တို့က အတ္တလတိတ်ကို တစ်ဦးတည်း ထပ်ဖြတ်ဖို့ လျို့ဝှက် ကြံစည်ခဲ့ ကြပါတယ်။ ဒီတစ်ခါမှာတော့ အတ္တလတိတ်ကို မောင်းနှင် ဖြတ်ကျော်တဲ့ ပထမဆုံး အမျိုးသမီး လေယာဉ်မှုးနဲ့ ဒုတိယမြောက် တစ်ဦးတည်း ဖြတ်ကျော်တဲ့သူ ဖြစ်လာမှာပါ။ ပထမဆုံး တစ်ဦးတည်း ဖြတ်ကျော်ခဲ့တဲ့ သူက Charles Lindbergh ဖြစ်ပြီး Putnam ကသူ့အကြောင်း စာရေးခဲ့ ဖူးပါတယ်။ Lindbergh ဖြတ်ခဲ့ပြီး နောက်ငါးနှစ် အကြာ ၁၉၃၂၊ မေလ ၂၀ရက်မှာတော့ Newfoundland၊ Harbor Grace ကနေ Paris ကိုဦးတည် ပျံသန်းပြီး သူမရဲ့ ခရီးစဉ် စခဲ့ပါတယ်။ ဒါပေမယ့် ရာသီဥတု အခြေအနေ မကောင်းဘဲ တိမ်ထူပြီး လေယာဉ် တောင်ပံက ရေခဲတွေကြောင့် ဒုက္ခများခဲ့ ရပါတယ်။ သူမကိုယ်တိုင် ကလည်း Paris ကိုမရောက်နိုင်ဘူး ဆိုတာ သိနေခဲ့ပြီး Ireland၊ Londonderry မှာဆင်းသက် ခဲ့ရပါတယ်။
ဒီ၁၅နာရီပဲ ကြာတဲ့ ခရီးစဉ် တိုလေးအတွက် သူမကို ဂုဏ်ပြုခဲ့ ကြပြီး နိုင်ငံတကာက လေးစားရတဲ့ သူရဲကောင်း တစ်ဦး ဖြစ်လာပါတယ်။ ၁၉၃၀ ကနေ ၁၉၃၅အတွင်းမှာ သူမက အရှိန်နဲ့ အကွာအဝေး တွေနဲ့ ပတ်သက်တဲ့ မှတ်တမ်း ခုနှစ်ခု ထပ်တင်ခဲ့ ပါတယ်။ သူမရဲ့ အသက်လေးဆယ်ပြည့် မွေးနေ့ မတိုင်ခင် သူမက နောက်ထပ် ပျံသန်းမှု တစ်ခု ထပ်လုပ်ချင်တဲ့ ခံစားချက် ရှိတယ်လို့ ပြောခဲ့ပြီး ကမ္ဘာကို ပတ်ပြီး ပျံသန်းတဲ့ ခရီးတစ်ခု ဖြစ်လာဖို့ မျှော်လင့်ခဲ့ပြီး ဒါကို လုပ်နိုင်တဲ့ ပထမဆုံး အမျိုးသမီး တစ်ယောက် ဖြစ်ချင်ခဲ့ ပါတယ်။
၁၉၃၇ခုနှစ် ဇွန်၁ရက်နေ့မှာ သူမနဲ့ လမ်းပြ Fred Noonan တို့က မိုင်၂၉၀၀၀ရှိတဲ့ ခရီးကို စတင်ဖို့ Miami ကနေ အရှေ့ဘက်ကို ဦးတည် ထွက်ခွာခဲ့ ကြပါတယ်။ ခရီးစတင်ပြီး ၂၉ရက် အကြာမှာ New Guinea၊ Lae မှာဆင်းသက် ရပ်နားခဲ့ပြီး Pacific ကိုဖြတ်ဖို့ မိုင်၇၀၀၀ ကျန်သေး ပါတယ်။ Lae ကနေ မိုင်ပေါင်း ၂၅၅၆ ဖြတ်ကျော် အပြီးမှာ Hawaii နဲ့ Australia အကြားက Howland Island မှာတထောက်နားဖို့ အကြောင်းဖန် လာပါတယ်။ Howland Island က၁.၅မိုင်လောက် ရှည်ပြီး တစ်မိုင်လောက်ပဲ ကျယ်တဲ့ ကျွန်းသေးသေးလေး ဆိုတော့ ဆင်းသက်ရတာ တော်တော် ခက်တဲ့ နေရာတစ်ခုပါ။ ဒီပျံသန်းတဲ့ နေရာမှာ U.S. Coast Guard သဘောၤ Itasca နဲ့အဆက်အသွယ် ယူထားတာ အပါအဝင် အထူးပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ ရပါတယ်။
မနက် ၁၀နာရီ လောက်မှာ Earhart and Noonan တို့က Lae ကနေ ထွက်လာခဲ့ပြီး ကတည်းက တိမ်ထူပြီး မိုးရွာ နေတာကြောင့် ပြဿနာတွေ အများကြီး ကြုံခဲ့ ရပါတယ်။ တချို့ကတော့ သူတို့ လေယာဉ်က ရေဒီယို အင်တင်နာက ပျက်သွားခဲ့တာလို့ ဆိုကြပြီး တချို့ကတော့ သူတို့ မြေပုံက မတိကျ၊ မမှန်ဘူးလို့ ဆိုကြပါတယ်။ Howland Island နားရောက်လာတော့ သူတို့ကို ကောင်းကောင်း ဆက်သွယ်လို့ မရခဲ့ ပါဘူး။ နောက်ဆုံး အဆက်အသွယ် ရခဲ့တာက မနက် ၈း၄၃ အချိန်လောက်မှာ ဖြစ်ပြီး တောင်နဲ့မြောက်ကို ပျံသန်း နေတယ်လို့ ပြောခဲ့ပါတယ်။ Itasca သဘောၤက ကယ်ဆယ်ရေး လုပ်ငန်းတွေ ချက်ချင်း စခဲ့ပြီး ရက်သတ္တပေါင်း များစွာ ရှာဖွေခဲ့ ပေမယ့် ဘာမှ ရှာမတွေ့ ခဲ့ပါဘူး။ နောက်နှစ်နှစ် အကြာ ၁၉၃၉ခုနှစ်မှာ သူမကို သေဆုံး သွားခဲ့ပြီလို့ တရားဝင် ကြေညာခဲ့ ပါတယ်။
လေယာဉ် ပျောက်ဆုံး သွားတာနဲ့ ပတ်သက်ပြီး လေယာဉ်က လောင်စာကုန်ပြီး ပင်လယ်ထဲ ပျက်ကျ ခဲ့တယ်လို့ ယူဆခဲ့ ကြပါတယ်။ နောက်ပိုင်း မှာတော့ ခြေရာခံ လိုက်ပြီးတဲ့ နောက်မှာ သူတို့လေယာဉ်ဟာ လူမနေတဲ့ Nikumaroro Island ကိုဆင်းသက်ခဲ့ တယ်လို့ ဆိုကြပါတယ်။ International Group for Historic Aircraft Recovery ရဲ့အဆိုအရ သူတို့နှစ်ယောက်က ကျွန်းပေါ်ကို အသက်ရှင်လျက် ရောက်သွားခဲ့ပြီး ရက်သတ္တပတ် တော်တော်ကြာ နေခဲ့ကြတယ်လို့ ဆိုပါတယ်။ ငါးတွေ၊ လိပ်တွေ၊ ငှက်တွေ စားပြီး မိုးရေကို သောက်ပြီး အသက်ဆက် ခဲ့ရပြီး Earhart ကကျွန်းရဲ့ အရှေ့တောင်ဘက်က စခန်းချတဲ့ နေရာမှာ သေဆုံး သွားတယ်လို့ ဆိုပါတယ်။ လမ်းပြ Noonan ရဲ့ကံကြမ္မာ ကိုတော့ မသိရ သေးပါဘူး။ ဒီအယူအဆက အဝတ်စ၊ ဖန်စနဲ့ aluminum panel တွေကို လေ့လာပြီး ထင်ကြေး ပေးထားတာပါ။
၂၀၁၂ခုနှစ် မေလမှာတော့ စူးစမ်းရှာဖွေ သူတွေဟာ ခရားအိုး တစ်ခုကို တွေ့ရှိခဲ့ပြီး Earhart ရဲ့ပစ္စည်းလို့ ယူဆခဲ့ ကြပါတယ်။ ၁၉၄၀တုန်းက British Colonial Service ကအရာရှိ တစ်ယောက်က အရိုးစု အပိုင်းတစ်ခုကို မီးပုံ၊ တိရစ္ဆာန် အရိုးတွေ၊ တည်နေရာ ပြတဲ့ နေရာမှာ သုံးတဲ့ sextant box နဲ့ဖိနပ်တွေနဲ့ အတူ ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။ အဲ့အရာရှိက သူမရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ခဲ့ပြီလို့ မှတ်ယူခဲ့ ပေမယ့် ဆရာဝန်က ဒီအရိုးစုက ယောကျာၤး ဖြစ်မယ်လို့ ယုံကြည် ခဲ့ပြီး အမေရိကန်က အရာရှိတွေကို အသိမပေး ခဲ့ပါဘူး။ ဒီအရိုးတွေက နောက်တော့ ပျောက်ဆုံး သွားခဲ့ပါတယ်။ လတ်တလော လေ့လာ ကြည့်သလောက် ကတော့ ဒီအရိုးစုက ဥရောပ မြောက်ပိုင်းက လူဖြူ အမျိုးသမီး တစ်ယောက် ဖြစ်နိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။ TIGHAR အဖွဲ့အစည်း ကတော့ ဒီကျွန်းပေါ်မှာ လေ့လာမှု တွေကို ဦးဆောင် ပြုလုပ်ခဲ့ပြီး ၁၉၃၀ လောက်တုန်းက အမေရိကန် အမျိုးသမီး တစ်ယောက် ကျန်ခဲ့တဲ့ ပစ္စည်းတွေလို့ ယူဆရတဲ့ အသုံးအဆောင် တွေကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ နောက်နှစ်တွေ မှာလည်း စူးစမ်းမှုတွေ ထပ်လုပ်ဖို့ စီစဉ် ထားပါတယ်။
တချို့တွေက သူမကို သမ္မတ Franklin D Roosevelt ရဲ့စပိုင် တစ်ယောက် ဖြစ်တာကြောင့် ဂျပန်တွေက ဖမ်းဆီး သွားတာလို့ ကောလဟာလ တွေထွက်ခဲ့ ပါတယ်။ တချို့ကတော့ သူမက ကျွန်းပေါ်မှာ လေယာဉ် ပျက်ကျပြီး သေဆုံး သွားတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် တိကျတဲ့အထောက်အထားကိုတော့ ယနေ့ထက်တိုင်မတွေ့ရပါဘူး။
Arr Luu(MYMC)
Discussion about this post