အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ အမူအရာ အကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ စကားနည်း၍ ပြောသောအခါ ပီပြင်လေးနက်ပြီးလျှင်မှတ်သားဖွယ်ဖြစ်သည်။
၂။ ခန့်ငြားသောဣန္ဒြေရှိ၍၊မျက်နှာထားမဆိုးသော်လည်း ဟက်ဟက်ပက်ပက် ရယ်ရွှင်ခြင်းမရှိ။
၃။ အလုပ်တစ်ခုကို မလုပ်မီစဉ်းစား၍၊ လုပ်သောအခါ မအောင်မြင်သော အလုပ်မရှိခဲ့လေ။
၄။ မောဟနည်း၍ အအိပ်အနေ နည်းပြီးလျှင် အိပ်တော့မည်ဆိုသည်နှင့် တစ်ပြိုင်နက် အိပ်ပျော်၍ မှန်းထားသည်ထက် ပိုပြီးလျှင် အိပ်ပျော်လေ့မရှိတတ်။
၅။ ကြောက်ရွံ့တုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း၊ ညည်းညူခြင်းမရှိ၊ ဝေဒနာအကြီးအကျယ်ကပ်ရောက်လာသောအခါ ထွက်သက်ဝင်သက်ကို သုံးသပ်လျက် ငြိမ်းချမ်းစေပြီးလျှင် ဘဝကူးတော်မူလေ၏။
၆။ အသုံးအစွဲ အလွန်ကျစ်လစ်၏။ တစ်နေ့သ၌ မိဖုရားခေါင်ကြီးသည် ပိုးထဘီနှင့် နိုင်ငံခြားအထည်ကို ဆင်၍ အဆောင်တော်တွင် ရံရွေတော်များနှင့် နေသည်ကို တွေ့လေရာ၊ “သြော်…ရှင်မိဖုရားအတုကို ပြည်သူပြည်သားများ တုလေလျှင် ငါ့တိုင်းပြည်သည် မကြာမီ မွဲတော့မှာပဲ” ဟု မိန့်တော်မူဖူး၏။
၇။ အပျော်အပါးနည်း၍ အလုပ်နှင့် မွေ့လျော်ခြင်းကို အလွန်နှစ်သက်၏ တစ်နေ့သ၌ မိဖုရားခေါင်းကြီးသည် အဆောင်တော်တွင် ငြိမ်းချမ်းသက်သာ ပျော်ရွှင်စွာ အဆိုတော်များနှင့် ရယ်မော် ပြောဆိုနေသည်ကို တွေ့လေရာ “သြော်…ရှင်မင်းပုံလည်း မိဖုရားခေါင်ကြီးဖြစ်လို့၊ ဗိုင်းဝါတို့ကိုမေ့ပြီး အဆိုအကနှင့် အညီးပြေရှာရပေပေါ့၊ ဗိုင်းဝါကိုမုန်းတဲ့ မိန်းမဟာ လင်ကို မုန်းခြင်းအစစ်ပဲ ရှင်မင်းပုံရေ့၊ သည်အတုတွေကိုများ မှူးမတ်ကတော်တို့နှင့် ဆင်းရဲသူတွေ တုကြယင် ငါ့တိုင်းပြည်ဟာ နိုင်ငံခြားကို အလွန်ဆက်သရတော့မှာပေပဲ၊ အလုပ်မရှိတော့ လူတွေဟာ ပျင်းလာတတ်တယ်၊ ပျင်းလာတဲ့အခါ အကျိုးမရှိဘဲ အညောင်းကိုသာ ဖြစ်စေတတ်တဲ့ ကြွေအံပုဆစ်တို့ကို လေ့လကစားတတ်ခြင်းဝ အပျော်အပါးလိုက်စားတတ်ခြင်းတို့ ပြုလာကြလို့ လူများဟာ ပေါ့ပျက်လာတတ်ကြတယ်။ အဲသည်လို လူပေါ့လူပျက်များ များလာလျှင် တိုင်းပြည်နိမ့်ကျတတ်ပါတယ်။ ဒါကြောင့် လူများဟာ အလုပ်နှင့် လက်မပြတ်ရှိသင့်ပါတယ်” ဟု မိန့်တော်မူဖူးလေ၏။
၈။ မျက်နှာတံစိုးလိုက်လေ့မရှိ။ တစ်နေ့သ၌ မိဖုရားခေါင်ကြီးက သူ့မောင်မှာ ဘာမျှအရာအထူးမရှိပါဟု ပူဆာလေရာ အလောင်းမင်းတရားကြီးလည်း ကောင်းပြီဆို၍ မယ်မင်းမောင်ကို ခေါ်ပါဆိုပြီးလျှင် နန်းတော်အောက်၌ ခွေးမွေးနေသည်၊ ခွေးဘယ်နှစ်ကောင်မွေးသလဲ ကြည့်ခေဆို၍ မိဖုရား၏မောင်လည် သွားရောက်ကြည့်ပြီးလျှင် ခွေး ငါးကောင်မွေးကြော်းကို လျှောက်ထား၍၊ အထီးဘယ်နှစ်ကောင် အမဘယ်နှစ်ကောင်လဲ မေးပြန်ရာ တစ်ဖန်သွားရောက်ကြည့်ပြန်၍ အထီးနှစ်ကောင်၊ အမသုံးကောင်းပါဟု လျှောက်တင်ကာ၊ ကြံဘယ်နှစ်ကောင် စုံသလဲ မေးပြန်သဖြင့် တစ်ဖန်သွားရောက် ကြည့်ဦးမည်ပြုသောအခါ နေပါစေတော့ဟု ဆိုလျက်၊ ရွှေတိုက်စိုးကို ခေါ်တော်မူပြီးလျှင် နန်းတော်အောက်မှာ ခွေးမွေးနေတယ် သွားကြည့်ချေပါဟု ခိုင်းလိုက်ပြန်ရာ ရွှေတိုက်စိုးလည်း ပုရပိုက်နှင့်သွားရောက မှတ်သားပြီးသော် အထီးမည်မျှ၊ အမမည်မျှ၊ မည်မျှကြံစုံသည်၊ မည်မျှကြံမစုံ၊ အမွေးမည်သို့ စသည်ဖြင့် တင်လျှောက်လေ၏။ ထိုအခါမှ ရှင်မရဲ့မောင်က ခွေးငါးကောင်ကို ငါးခါသွားကြည့်နေမည့်သူဖြစ်သောကြောင့် သူနှင့်တန်ရာ နန်းတော်ထက်တွင် အေးအေးချမ်းချမ်းပဲ စားသောက်နေထိုင်ပါစေတော့ဟု အမိန့်တော်ရှိလေ၏။
ထို့ပြင် အလောင်းမင်းတရားကြီး၏ နောက်ဆုံးမှာတမ်းတွင်….“ စကားသာများနေ၍ ငါကဲ့သို့ အလုပ်မလုပ်လျှင် ငါသားတော်များပင် ဖြစ်သော်လည်း ငါ့အဆက်အနွယ်မဟုတ်။” “တန်ခိုးကြီးသော တိုင်းပြည် အမျိုးသားဖြစ်နိုင်ရန် နိုင်ငံခြားသို့ ဆက်သွယ်ကူးလူးလမ်းပေါက်၍ တိုင်းပြည်ထွက် ကုန်စည်တို့ကို တန်ဖိုးမြှင့်စေပြီးလျှင် အမျိုးသားမျး ကြွယ်ဝကုံလုံလျက် သူဌေးသကြွယ်တို့ ပေါများစေရမည်” ဟု မိန့်တော်မူခဲ့လေသည်။
ဤသည်တို့ကို လေ့လာကြည်ခြင်းအားဖြင့် ထိုခေတ်ထိုအချိန်အခါက အလောင်းမင်းတရားကြီးသည် မင်းကောင်းမင်းမြတ်တပါး၊ တိုင်းပြည်ကို အေးချမ်းသာယာ ကုံလုံကြွယ်ဝအောင် အမြဲကြံဆောင်နေသော မင်းတပါးဖြစ်သည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
(စကားချပ်။ ကျမတို့ရွှေဘိုနယ်တွင် ယခုထက်တိုင်လူကြီးသူမများက ပြောဆိုဆုံးမလေ့ရှိ သည်မှာ အလုပ်တစ်ခုကို တကြိမ်းတည်းလုပ်၍ မပြီးဘဲ၊ အကြိမ်ကြိမ်အခါခါ အခေါက်ခေါက်အခါအခါ ပြုလုပ်နေရပါလျှင် ထိုသို့သောသူကို အထက်ပါ ခွေးဘယ်နှစ်ကောင်မွေးသလဲ အဖြစ်နှင့် ခိုင်းနှိုင်းပြောဆိုလေ့ရှိသည်။)
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ- (စစ်ကိုင်း ဦးဘိုးသင်း) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
Discussion about this post