ရေးသားသူ – မောင်သာ(ရှေးဟောင်းသုတေသန)
ကမ္ဘာပေါ်တွင် နည်းပညာအင်အား၊ ဓနအင်အား၊ လက်နက်အင်အားအကြီးမားဆုံးဖြစ်သည့် စူပါ ပါဝါအမေရိကန်နိုင်ငံတွင် သမ္မတများသာ စီးနင်းရသည့် စီးတော်လေယာဉ်ပျံ အဲဖို့စ်ဝမ်းကို စီးခွင့်ရရှိရေးအတွက် အမေရိကန်နိုင်ငံရှိ ပါတီကြီးနှစ်ခုမှ နိုင်ငံရေး ပုဂ္ဂိုလ်များသည် အစွမ်းကုန် ကြိုးစားလေ့ရှိကြသည်။ လေး နှစ်တစ်ကြိမ် ကျင်းပသည့် အမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိ၍ အမေရိကန်ပြည်ထောင်စု ၏သမ္မတဖြစ်လာသူသာ စီးခွင့်ရသည့် တစ်ခုတည်းသော လေယာဉ်သည် အဲဖို့စ်ဝမ်း (Air Force One) ဖြစ်သည်။
ရွေးကောက်ပွဲတွင် အရွေးခံရသည့် သမ္မတတစ်ဦးသည် တာဝန်ထမ်းဆောင်နေစဉ်ကွယ်လွန်ခဲ့လျှင်ဖြစ်စေ၊နှုတ်ထွက်ခဲ့လျှင် ဖြစ်စေလက်ရှိ ဒုတိယသမ္မတသည် သမ္မတတာဝန်ကို ရွေးကောက်ပွဲ သက်တမ်းကုန်ဆုံးချိန်အထိ တာဝန်ထမ်းဆောင်ရသဖြင့် သမ္မတ အဲဖို့စ်ဝမ်းကို အသုံးပြုခွင့်ရှိသည်။
အဲဖို့စ်ဝမ်းဟူသည့် အမည်သည် အမေရိကန်နိုင်ငံလေတပ် ၊ လေကြောင်း ထိန်းသိမ်းမှုစခန်းက သမ္မတစီးနင်းလိုက်ပါသည့် လေယာဉ်ကို တရားဝင်ခေါ်သည့် သင်္ကေတ အမည်ဖြစ်ပြီး အဲဖို့စ်ဝမ်းသည် အမေရိကန်သမ္မတနှင့် စွမ်းအားကိုဖော်ညွှန်းသည့် ထင် ရှားသော လက္ခဏာ တစ်ခုဖြစ်သည် ဟု ဆိုသည်။ အမေရိကန် သမ္မတများ၏ ခရီးစဉ်များသည် လေကြောင်းလိုင်းများအပေါ် မှီခို နေရမှုကို တာဝန် ရှိသူများက စိုးရိမ်ခဲ့ကြရာမှ ၁၉၄၃ ခုနှစ်တွင် အမေရိကန်လေတပ်မှပုဂ္ဂိုလ်များသည်သမ္မတအတွက် အထူး စီမံထားသည့်စစ်လေယာဉ် တစ်စီးကို ထုတ်လုပ်ရန် စိတ်ကူးရခဲ့ကြသည်။
၁၉၄၃ ခုနှစ်တွင် သမ္မတအတွက်သီးသန့်လေယာဉ်အဖြစ် C-87 Liberator Express ကို အသုံးပြုရန် စီစဉ်ခဲ့သော်လည်း လုံခြုံရေး တပ်ဖွဲ့က ယင်း လေယာဉ်၏ လုံခြုံစိတ်ချရမှုမှတ်တမ်းများကို ကြည့်ရှုပြီး စိတ်ချရမှုမရှိသဖြင့်ပယ်ချခဲ့သည်။ထို့နောက် C-54 Skymaster လေယာဉ် ကိုမွမ်းမံ ပြင်ဆင်ခဲ့ပြီး ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန် သမ္မတ ဖရန့်ကလင် ရူးစဗဲ့ကို ယူလ် တာညီလာခံသို့ ယင်းလေယာဉ် ဖြင့် ပို့ဆောင်ခဲ့သည်။C-54 Skymaster လေယာဉ်ကိုသမ္မတ ထရူးမင်းလက်ထက်အထိ နှစ်နှစ် တိုင် ဆက်လက် အသုံးပြုခဲ့သည်။
Air Force One ဟူသည့်လေကြောင်းသင်္ကေတကို ၁၉၅၃ ခုနှစ်တွင် သမ္မတအိုက်ဆင်ဟောင်ဝါလိုက်ပါလာသည့်လေယာဉ် က အများသုံးလေကြောင်းပိုင်နက်အတွင်းမှားယွင်းဝင်ရောက်ခဲ့ပြီးသည့် နောက်ပိုင်းတွင် စတင်သုံးစွဲခဲ့သည်။ထိုစဉ်က လေကြောင်း အချက်ပြသင်္ကေတ တစ်ခုတည်းကို သုံးခဲ့ကြသဖြင့် သမ္မတလိုက်ပါလာသည့် လေယာဉ်သည် လေကြာင်းပိုင်နက်မှားယွင်းဝင်ရောက် မိ ခဲ့သည်။
အမေရိကန် လေကြောင်းနောက်ခံ
၁၉၁၀ ပြည့်နှစ် အောက်တိုဘာလ ၁၁ ရက်တွင် သီအိုဒိုးရူးစဗဲ့သည် လေယာဉ်စီးဖူးသော ပထမဆုံး အမေရိကန်သမ္မတဖြစ် လာခဲ့သည်။ ပထမကမ္ဘာစစ်မတိုင်မီက အမေရိကန်သမ္မတများသည် ပြည်တွင်းပြည်ပ ခရီးများတွင် လေကြောင်းစီးနင်း လိုက်ပါခြင်း အလွန်နည်းပါးခဲ့သည်။ ထိုစဉ်က လေကြောင်းဆိုင်ရာ ကြိုးမဲ့ဆက်သွယ်မှုနည်းပညာ အားနည်းနေသေးသဖြင့် ခရီးဝေးများကို သွားလာရာတွင် မီးရထားဖြင့်သွားခြင်းက လေယာဉ်ဖြင့် သွားခြင်းထက် ပိုမိုလုံခြုံစိတ်ချမှုရှိခဲ့သည်။
သို့သော် ၁၉၃၀ပြည့်နှစ်နောက်ပိုင်းတွင် Douglas DC-3 ကဲ့သို့သော လေယာဉ်များတိုးတက်လာခဲ့သဖြင့် အမေရိကန် ပြည်သူများသည် လေယာဉ်ဖြင့်ခရီးသွားရန် သင့်လျော်မှုရှိကြောင်းသိရှိလာခဲ့ကြသည်။သတ္ထုကိုယ်ထည်ဖြင့်ပြုလုပ်ထားသည့် လေ ယာဉ်တွင် တပ်ဆင်ထားသည့် စိတ်ချရသည့် စက်များ၊လေကြောင်းအချက်ပြ ရေဒီယိုလှိုင်း စနစ်များက လေကြောင်းခရီးသွားခြင်းကို လုံခြုံစိတ်ချမှုရှိစေခဲ့ ကာ လေကြောင်းသွားလာရေးသည် များစွာအဆင်ပြေချောမွေ့တိုးတက်လာခဲ့သည်။အသက်အာမခံ ကုမ္ပဏီ များကလည်း လေကြောင်းအာမခံ လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သဖြင့်ပြည်သူများနှင့်အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များသည် ခရီးဝေးများ သွားလာကြရာတွင် လေယာဉ်များကို အသုံးပြုခဲ့ကြသည်။
အမေရိကန်သမ္မတ ဖရန်ကလင်ရူးစဗဲ့သည် သမ္မတ တာဝန်ထမ်းဆောင်နေစဉ် လေယာဉ်စီးခဲ့သော ပထမဆုံးအမေရိကန် သမ္မတ ဖြစ်ခဲ့ သည်။ သမ္မတခရီးစဉ်များတွင် အသုံးပြုရန် အထူးစီစဉ်ထားသည့် ပထမဆုံးလေယာဉ်သည် အမေရိကန် လေတပ် က ၁၉၃၃ တွင် ထုတ် လုပ်ပေးခဲ့သည့် Douglas Dolphin လေယာဉ်ဖြစ်ပြီး လေယာဉ်တွင် ခရီးသည်လေးယောက်အတွက် ပိတ်ဆို ဖာလေးလုံး နှင့် အိပ်ခန်းငယ်တစ်ခုပါရှိပြီး အမေရိကန်သမ္မတခရီးစဉ်များတွင် ၁၉၃၃ ခုနှစ်မှ ၁၉၃၉ ခုနှစ်အထိ အသုံးပြုခဲ့ သည်။ သို့သော်အမေရိကန် သမ္မတ ဖရန်ကလင်ရူးစဗဲ့သည် ဒုတိယ ကမ္ဘာစစ် အတွင်းက လေယာဉ်စီးခဲ့ခြင်းရှိမရှိ မှတ်တမ်းများမရှိခဲ့ချေ။
အမေရိကန် သမ္မတ ရူးစဗဲ့သည် ၁၉၄၃ ခုနှစ်တွင် မိုင် ၅၅၀၀ ကွာဝေးသည့် မော်ရိုကိုသို့ Boeing 314 လေယာဉ်ဖြင့် သွား ရောက်ခဲ့သည်။အတ္တလန်တိတ် စစ်ပွဲတစ်လျောက် ဂျာမနီတို့၏ ရေငုပ်သင်္ဘောများအန္တရာယ်မှ ရှောင်ရှားနိုင်ရန် အတ္တလန်တိတ် သမုဒ္ဒရာကိုဖြတ်သန်းရန် လေယာဉ်များကိုစီးနင်းခဲ့ကြသည်။
သမ္မတ လေယာဉ်
အမေရိကန် လေတပ်မတော်(USAAF) ခေါင်းဆောင်များသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အမေရိကန် နိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ အမေရိကန်နိုင်ငံသမ္မတစီးနင်းရန် စစ်လေယာဉ်တစ်စီးအား လိုအပ်သည့် အဆောင် အယောင်များ ထည့် သွင်းပြင်ဆင်ရန် ညွှန်ကြားခဲ့ရာမှ ပထမဆုံး သမ္မတ လေယာဉ် C-87A ပေါ်ထွက်လာခဲ့သည်။ ယင်း လေယာဉ်ကို ၁၉၄၃ ခုနှစ် တွင် မွမ်းမံမှုများထပ်မံပြုလုပ်ကာ အမေရိကန်သမ္မတ ရူးစဗဲ့၏ ပြည်ပခရီးစဉ်များတွင် အသုံး ပြုရန် ရည်ရွယ်ခဲ့သော်လည်း လုံခြုံရေး တပ်ဖွဲ့က ယင်းလေယာဉ်၏ အငြင်းပွားဘွယ် လုံခြုံရေးမှတ်တမ်းအရ အသုံးပြုရန် ငြင်းပယ်ခဲ့သည်။ သို့သော် အမေရိကန် ထိပ်တန်းအရာရှိများသည် ယင်းလေယာဉ်ကို အခြားခရီးစဉ်များတွင်အသုံးပြုခဲ့ပြီး လက်တင် အမေရိက နိုင်ငံများအထိ သွားရောက်ခဲ့ပြီးနောက် ၁၉၄၅ ခုနှစ်မှစ၍ အသုံးမပြုတော့ချေ။
C-54 Skymaster ကို မွမ်းမံထားသည့် သမ္မတစီးလေယာဉ်ကို Sacred Cow ဟု အမည်ပေးကာ လေယာဉ်တွင် အိပ်စက် အနားယူနိုင်သည့် နေရာ၊ ရေဒီယိုတယ်လီဖုန်းနှင့် သမ္မတထရူးမင်းကို ဘီးတပ်ကုလားထိုင်ပေါ်သို့ တင်ပေးသည့် ဓာတ် လှေကား ငယ် တစ်ခု တို့ တပ်ဆင်ခဲ့သည်။ ယင်းလေယာဉ်ကို သမ္မတရူးစဗဲ့သည် ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ်သာ စီးနင်းခဲ့ရ ပြီး ထိုနှစ် ဧပြီလတွင် ကွယ်လွန်ခဲ့သဖြင့် ဒုတိယသမ္မတ ထရူးမင်းသည် အမေရိကန်နိုင်ငံသမ္မတ ဖြစ်လာ ခဲ့ရာ အမေရိကန် လေတပ် က ပြဋ္ဌာန်းသည့် အမျိုးသားလုံခြုံရေးအက်ဥပဒေကို C-54 လေယာဉ်ပေါ်တွင် လက်မှတ် ရေး ထိုးခဲ့သည်။
ထရူးမင်းသည် C-54 လေယာဉ်နေရာတွင် C-118 Liftmaster လေယာဉ်ကို အစားထိုး၍ Independence ဟု အမည်ပေး ခဲ့သည်။ ယင်းလေယာဉ်သည် လေယာဉ်၏နှုတ်သီးတွင် လင်းယုန်ဦးခေါင်းပုံဆေးခြယ်ထားသည့် ပထမဆုံး အဲဖို့စ်ဝမ်းလေယာဉ် ဖြစ် လာခဲ့သည်။ သမ္မတ အိုက်ဆင်ဟောင်ဝါး လက်ထက်တွင် ပန်ကာလေးလုံးတပ် လေယာဉ်ကို စတင်အသုံးပြုခဲ့သည်။အိုက်ဆင်ဟောင်ဝါး သည် အဲဖို့စ်ဝမ်းလေယာဉ်ကို အဆင့်မြှင့်တင်မှုများပြုလုပ်ကာ လေယာဉ်ပေါ်မှမြေပြင်သို့ တယ်လီဖုန်းနှင့်လေယာဉ်ပေါ်မှ မြေပြင် သို့ စာရိုက်ပို့နိုင်သည့်စက်ကို တပ်ဆင်ခဲ့သည်။
အဲဖို့စ်ဝမ်း နှင့် ဂျက်လေယာဉ်များ
အမေရိကန် လေတပ်သည် ၁၉၅၈ ခုနှစ်တွင် အဲဖို့စ်ဝမ်း လေယာဉ်စုသို့ ဘိုးရင်း ၇၀၇ VC-137 ဂျက်လေယာဉ် သုံးစီး အင် အားဖြည့်ခဲ့သည်။သမ္မတ အိုင်ဆင်ဟောင်ဝါးသည် ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်မှ ၂၂ ရက်အကြား အာရှနိုင်ငံ ၁၁ နိုင်ငံသို့ ချစ်ကြည်ရေး ငြိမ်းချမ်းရေး ခရီးထွက်ခဲ့ရာ VC-137 အဲဖို့စ်ဝမ်း ကိုစီးနင်းခဲ့သည့်ခဲ့ရာ VC-137သည် မိုင်ပေါင်း ၂၂၀၀၀ ကို ၁၉ ရက်ကြာခရီးနှင်ခဲ့သည်။
သမ္မတ ကနေဒီလက်ထက်တွင် ဂျက်လေယာဉ်ပျံခေတ်သို့ရောက်ရှိခဲ့ပြီး အိုက်ဆင်ဟောင်ဝါ ခေတ်က သုံးခဲ့သည့် ဂျက် လေယာဉ်များဖြင့်ကနေဒါ၊ပြင်သစ်၊သြစတြီးယားနှင့် ဗြိတိန်နိုင်ငံများသို့ သွားရောက်ခဲ့သည်။၁၉၆၂ ခုနှစ် တွင် အမေရိကန် လေတပ် သည် ဘိုရင်း C 137 ခရီးရှည်ပျံ လေယာဉ်တစ်စီးကို ထပ်မံဝယ်ယူခဲ့ရာ ဒေါ်လာ ရှစ်သန်းပေးချေခဲ့ရသည်။ယင်းလေယာဉ် အား သမ္မတအတွက် အထူးရည်ညွှန်းလျက် အနီရောင်နှင့် ရွှေရောင်ခြယ်သကာ အမေရိကန်နိုင်ငံ၏ အမည်ကို စာလုံးကြီး (Capital Letter) များဖြင့်ရေးသားခဲ့သည်။
သမ္မတကနေဒီသည် ပြင်သစနိုင်ငံဖွားအမေရိကန် ဒီဇိုင်းပညာရှင် ရေမွန်ကိုဆက်သွယ်၍ လေယာဉ်အတွင်းပိုင်း ဒီဇိုင်းများ ပြုလုပ်ပေးရန် အကူအညီတောင်းခံခဲ့သည်။ထို့နောက် လေယာဉ်၏ အမြီးတွင် အမေရိကန်နိုင်ငံ အလံကိုရေးဆွဲခဲ့ကာ လေယာဉ် ဘေးနှစ်ဘက်တွင် အမေရိကန်ပြည်ထောင်စု ဟူသည့် စကားလုံးကို (Capital Letter) များဖြင့်ရေးသားခဲ့သည်။ ယင်းဒီဇိုင်းကို သမ္မတ ကိုယ်တိုင်နှင့် မီဒီယာများက နှစ်သက်ခဲ့ကြသည်။ ယင်း C 137 SAM 26000 အဲဖို့စ်လေယာဉ်ကြီးကို သမ္မတ ကနေဒီလက်ထက်မှကလင်တန်လက်ခက်အထိ ၁၉၆၂ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ အသုံးပြုခဲ့သည်။
၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင်သမ္မတကနေဒီသည် တက္ကတက်စ်ပြည်နယ် ဒါလတ်စ် သို့ သူ၏ လေယာဉ်ပျံကြီးနှင့်သွားခဲ့ ၍ပြည်သူများကို နှုတ်ဆက်ခဲ့ပြီး ထိုနေ့မွန်းလွဲပိုင်းတွင် လုပ်ကြံခြင်းခံရကာ ကွယ်လွန်ခဲ့သည်။
ကနေဒီလုပ်ကြံခံရသဖြင့် သမ္မတဖြစ်လာခဲ့သူ ဒုတိယသမ္မတ လန်ဒန်ဂျွန်ဆင်၏ မေတ္တာရပ်ခံချက်အရ ကနေဒီ၏ ရုပ်အလောင်းကို သူနောက်ဆုံးစီးနင်းခဲ့သည့် အဲဖို့စ်ဝမ်း လေယာဉ်ဖြင့် ဝါရှင်တန်သို့ သယ်ယူခဲ့သည်။နောက်၁၀ နှစ်အကြာတွင် ဝါရှင်တန်တွင် ကွယ် လွန်ခဲ့သော သမ္မတဂျွန်ဆင်၏ ရုပ်အလောင်းကို တက္ကတက်စ် သို့ ယင်းလေယာဉ်ဖြင့်ပင် သယ်ယူခဲ့ပေသည်။
သမ္မတ နစ်ဆင်လက်ထက်တွင် သမိုင်းဝင် တရုတ်ပြည်ချစ်ကြည်ရေးခရီးကို နစ်ဆင်သည် C 137 SAM 26000 အဲဖို့စ် လေယာဉ် ဖြင့် ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလတွင် သွားရောက်ခဲ့သည်။ အမေရိကန်သမ္မတတစ်ဦး၏ ဆိုဗီယက်နိုင်ငံသို့ ပထမဆုံးခရီး စဉ်အဖြစ် နစ်ဆင်သည် ယင်းလေယာဉ်ဖြင့်ပင်သွားရောက်ခဲ့သည်။၁၉၇၂ ခုနှစ် ဒီဇင်ဘာလတွင် SAM 26000 လေယာဉ်အား SAM 27000 လေယာဉ်ဖြင့် အစားထိုးခဲ့သော်လည်း SAM 26000 ကို ၁၉၉၈ ခုနှစ်ရောက်မှ အနားပေးခဲ့သည်။ ယခုအခါတွင် SAM 26000 လေယာဉ်ကို အမေရိကန်လေတပ် အိုဟိုင်းရိုး အမျိုးသားပြတိုက်တွင်ပြသထားသည်။
သမ္မတ နစ်ဆင်သည် သမ္မတရာထူးမှ နှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ကာလီဖိုးနီးယားသိုက အဲဖို့စ်ဝမ်း SAM 27000 လေယာဉ်ဖြင့် သွားရောက်ခဲ့သည်။ သမ္မတ ရော်နယ်ရေဂင်သည် သမ္မတသက်တမ်းနှစ်ကြိမ်လုံးတွင် အဲဖို့စ်ဝမ်းကို ပြောင်းလဲမှု ထူးထူး ခြားခြား မပြုလုပ်ခဲ့ချေ။အဲဖို့စ်ဝမ်းသည် အမေရိကန်သမ္မတ လိုက်ပါလျက် အမေရိကန် ပြည်တွင်းသွားသည့် ခရီးစဉ်များတွင် ခြံရံလိုက်ပါလာသည့်တိုက်လေယာဉ်များလိုက်ပါခြင်းမရှိခဲ့ချေ။သို့သော် ၁၉၇၄ ခုနှစ် ဇွန်လတွင် အမေရိကန်သမ္မတနစ်ဆင်သည် ဆီးရီးယားတွင် ရပ်နားရမည့် ခရီးစဉ်တစ်ခုအတွင်း ဆီရီယားတိုက်လေယာဉ်များက နစ်ဆင်လိုက်ပါလာသည့် အဲဖို့စ်ဝမ်းအားခြံရံရန် ပျံတက်လာခဲ့ကြသည်။သို့သော် အမေရိကန် အဲဖို့စ် လေယာဉ်မှူးများအား ကြိုတင်အကြောင်းကြားထားခြင်းမရှိသဖြင့် ရှောင်တိမ်း မောင်းနှင်ခဲ့ရသည်။
အဲဖို့စ်ဝမ်းနှင့် ပြည်ပခေါင်းဆောင်များ
ပြည်ပ နိုင်ငံခေါင်းဆောင်များအား အဲဖို့စ်ဝမ်းဖြင့် စီးနင်းလိုက်ပါစေခဲ့ခြင်းလည်းရှိခဲ့သည်။ သမ္မတနစ်ဆင်သည် ဆိုဗီယက် ဝန်ကြီးချုပ် လီယိုနစ် ဘရက်ညက် အား ဝါရှင်တန်မှ ကာလီဖိုးနီးယားသို့ သွားမည့်ခရီးတွင်လိုက်ပါရန် ၁၉၇၃ ခုနှစ် ဇွန်လတွင် ဖိတ် ခေါ်ခဲ့သည်။ သမ္မတ ရော်နယ်ရေဂင်နှင့် ဗြိတိသျှ ဘုရင်မကြီး အဲလိဇဘက်တို့သည် ၁၉၈၃ ခုနှစ်တွင် အမေရိကန် အနောက် ဘက် ကမ်းခြေသို့ အဲဖို့စ်ဝမ်းဖြင့် အတူသွားခဲ့ကြသည်။ သမ္မတ အိုဘားမားသည်လည်း ၂၀၁၂ ခုနှစ် မတ်လတွင် ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကို အိုဟိုင်းရိုးတွင် ကျင်းပ သည့် ဘတ်စ်ကက်ဘောပြိုင်ပွဲသို့ အဲဖို့စ်ဝမ်းလေယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့သည်။
သမ္မတသစ် ထရန့်နှင့် အဲဖို့စ်ဝမ်း
အမေရိကန်သမ္မတ စီးနင်းလျက်ရှိသည့် အဲဖို့စ်ဝမ်း VC-25A လေယာဉ်များအား ဘိုးရင်း747-8 နှင့် အဲဘတ်စ် A 380 များ နှင့် အစားထိုးရန် အမေရိကန် လေတပ်က စီစဉ်ခဲ့သည်။ အမေရိကန် လေတပ်က ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်တွင် သမ္မတ အတွက် အဲဖို့စ်ဝမ်းလေယာဉ် အသစ်များပေးသွင်းနိုင်မည့် အလားအလာရှိသော လုပ်ငန်းရှင်များအား စိစစ်ရန် ကြေညာခဲ့သည်။ ဥရောပ လေကြောင်းကာကွယ်ရေးနှင့် အာကာသကုမ္ပဏီ (EADS) က ဘိုရင်းကုမ္ပဏီကို ချန်လှပ်ထား၍ မရနိုင်ကြောင်း ထုတ်ပြန်ခဲ့ သည်။
အမေရိကန် လေတပ်သည် နောက်တက်လာမည့် အမေရိကန် နိုင်ငံသမ္မတ၏ အဲဖို့စ်ဝမ်းလေယာဉ်အဖြစ် ဘိုးရင်း747-8 ကို သုံးမည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်တွင် ကြေညာခဲ့သည်။သို့သော်လည်း အမေရိကန်သမ္မတ အဖြစ်ရွေးချယ် တင်မြှောက်ခံထားရသည့် ဒေါ်နယ်ထရန့်က လက်ရှိလေယာဉ်ကို အစားထိုးမည့် ယင်းလေယာဉ်သည် ဈေးနှုန်းအလွန်ကြီးမြင့် နေ သဖြင့် လေယာဉ်အသစ်လဲမည့်အစီအစဉ်ကို ဆန့်ကျင်ကြောင်း ၂၀၁၆ ခုနှစ်ဒီဇင်ဘာလ ၆ ရက်တွင်တွီတာလူမှုကွန်ရက်မှပြောကြား ခဲ့သည်။ ယူကရိန်းနိုင်ငံမှ ကမ္ဘာ့အကြီးဆုံးလေယာဉ်ကြီးများထုတ်လုပ်ခဲ့သည့် အန်တွန်နော့ ကုမ္ပဏီက အမေရိကန်သမ္မတ အဲဖို့စ် ဝမ်းလေယာဉ် အသစ်ထုတ်လုပ်ရန် ယင်းတို့အားစဉ်းစားနိုင်ပါကြောင်းပြောကြားခဲ့သည်။
အဲဖို့စ်ဝမ်းလေယာဉ်ဟောင်းများ
အမေရိကန်သမ္မတ စီးနင်းခဲ့သည့် အဲဖို့စ် လေယာဉ်အများစုသည် Sacred Cow, Independence, Columbine III, SAM 26000 စသည့် အမည်များရှိခဲ့ပြီး ယင်းတို့ကို အိုဟိုင်းရိုးပြည်နယ် ၊ဒါတွန်ရှိ အမေရိကန် လေတပ် အမျိုးသား ပြတိုက်၊ သမ္မတ လေယာဉ်ရုံ များနှင့် ဝါရှင်တန်၊ ဆီတယ်လ်ရှိ လေယာဉ် ပြတိုက်တို့တွင် ပြသထားသည်။ အမေရိကန်သမ္မတ နစ်ဆင်လက်ထက်မှ ဂျော့ဘုချ်လက်ထက်အထိ အသုံးပြုခဲ့သည့် အဲဖို့စ်ဝမ်း ဘိုးရင်း VC 137 C လေ ယာဉ်ကို ကာလီဖိုးနီးယားပြည်နယ်၊ဆီမီတောင်ကြားဒေသရှိ ရော်နယ်ရေဂင် သမ္မတစာကြည့်တိုက်တွင် ထိန်းသိမ်းပြသထားသည်။
ယင်းစာကြည့်တိုက်ကို ၂၀၀၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင်ဖွင့်လှစ်ခဲ့သည်။ ထို့အတူပင် လန်ဒန်ဂျွန်ဆင်၏ လောဟိဂျက်စတား လေယာဉ် ကို တက္ကဆက်ပြည်နယ်တွင်လည်းကောင်း၊သမ္မက ကနေဒီ ၏ အဲဖို့စ်ဝမ်းကို အာရီဇိုးနား ပြည်နယ် ရှိ ပီမာ လေကြောင်းနှင့် အာကာသ ပြတိုက်တွင် လည်းကောင်းပြသထားသည်။
လူတစ်ယောက်ပြေးထွက်လွတ်မြောက်နိုင်သည့် အသက်ကယ် အိတ်ရှည်တစ်ခုနှင့် အရေးပေါ် အသုံးပြုနိုင်သည့် လေထီး များပါဝင်သည့် အဲဖို့စ်ဝမ်းလေယာဉ်များကို Escape from New York, Air Force One, Bermuda Tentacles and Big Game ရုပ်ရှင်ကား လေးကား တွင်ရိုက်ကူးပြသခဲ့သည်။
အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအရ အမေရိကန်သမ္မတသည် အမေရိကန် ကြည်းရေလေမရိန်းတပ်မတော် ပေါင်းစု၏ကာကွယ်ရေးဦးစီးချုပ်ဖြစ်သဖြင့် နိုင်ငံ့ခေါင်းဆောင် တပ်မတော် အကြီးအကဲ စီးနင်းမည့် လေယာဉ်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံးသော လေယာဉ်ဖြစ်မည်ဆိုသည်မှာ ယုံမှားဘွယ်မရှိပါချေ။ထို့အတူပင် လုံခြုံစိတ်ချရမှု ကောင်းသည်ထက်ကောင်း သည့် အဲဖို့စ်ဝမ်းလေယာဉ်များသည် ဆက်လက် ပေါ်ထွက်နေဦးမည်သာဖြစ်ပေသည်။
မောင်သာ(ရှေးဟောင်းသုတေသန)
Discussion about this post