ရေးသားသူ – နိုင်းနိုင်းစနေ
ရှေ့တစ်ရက်က ကျွန်မနဲ့အလုပ်တူတူလုပ်သူတစ်ယောက်က သတင်းတစ်ပုဒ်လာပြတယ်။ Flushing လို့ခေါ်တဲ့ရပ်ကွက်ဖက်က ယာဉ်တိုက်မှုတစ်ခုပေါ့။ ပြိုင်ကားတစ်စီးနဲ့ ကျောင်းကားတိုက်တော့ ပြိုင်ကားပေါ်က ကောင်မလေးပွဲချင်းပြီး သေသွားတဲ့သတင်းပါ။ ကျောင်းကားနဲ့တိုက်တယ်ဆိုတော့ ယာဉ်မောင်းတဲ့သူက ကြီးလေးတဲ့အပြစ်တော့ခံရမှာပဲလို့ တွေးမိတယ်။
ဒီနိုင်ငံမှာ မတော်တဆယာဉ်တိုက်မှုက မကြာခဏဆိုသလိုဖြစ်နေတာမို့ သတင်းကထူးခြားမှုမရှိဘူး။ ဒါပေမယ့် သူပြတဲ့ သတင်းဓာတ်ပုံကိုကြည့်ပြီး ကျွန်မစိတ်ဝင်စားသွားတယ်။ ကားချင်းတိုက်တာ ကျောင်းကားက ဘာမှမဖြစ်ဘဲ ဘာဖြစ်လို့ ပြိုင်ကားက ကားခေါင်းပိုင်းတစ်ခုလုံး မွမွကြေသွားသလဲပေါ့။ သတင်းရှာဖတ်ကြည့်တော့ ဒီယာဉ်တိုက်မှုက မနက်သုံးနာရီကျော်မှာဖြစ်တာ။ ပြိုင်ကားမောင်းတဲ့သူက မူးနေပြီး ရပ်ထားတဲ့ကျောင်းကားကို ဝင်တိုက်တာ။
ဟိုင်းဝေးပေါ်မှာတိုက်တာမဟုတ်ဘဲ ရပ်ကွက်လမ်းထဲမှာပဲ တိုက်တာ။ မိုင်နှုန်း ၂ဝ သတ်မှတ်ထားတဲ့နေရာမှာ သူက ၃၃မိုင်နှုန်း နဲ့မောင်းခဲ့တယ်။ ၃၃မိုင် ဆိုတာလည်း ဘယ်လောက်မှ မြန်တာမဟုတ်ဘဲ ဘာလို့ ကျောင်းကားက ဘာမှမဖြစ်ဘဲ ပြိုင်ကားက မွမွကြေရသလဲဆိုပြီး အမေရိကန်ကျောင်းကားအကြောင်းကို ကျွန်မစိတ်ဝင်စားလို့ လိုက်ရှာဖတ်ကြည့်ခဲ့တယ်။
အမေရိကန်ကျောင်းကားနဲ့ပတ်သက်ပြီး အများနည်းတူ ကျွန်မသိထားတဲ့အကြမ်းဖျင်းအကြောင်းအရာက ဒီအဝါရောင်ကျောင်းကားတွေဟာ လမ်းပေါ်မှာ ထူးခြားတဲ့အခွင့်အရေးကိုရထားတဲ့ ကားဖြစ်တယ်။ သူနှေးရင် ကိုယ်လိုက်နှေးရတယ်၊ သူ့ဆီက အဝါရောင်မီး မှိတ်တုတ်မှိတ်တုတ်လင်းပြီဆို ကိုယ်အရှိန်လျော့မောင်းရတယ်၊ သူ့ဆီက အနီရောင်မီးလင်းပြီဆို ကိုယ့်ကားကိုရပ်ရတယ်။ တကယ်လို့ သူမီးနီပြပြီးရပ်နေရက်နဲ့ ကိုယ့်ကားကို အရှိန်မလျော့ဘူး၊ မရပ်ဘူးဆိုရင် ကြီးလေးတဲ့ပြစ်ဒဏ်ကို ခံရတယ်။ မီးသတ်ကား၊ လူနာတင်ကား၊ သမ္မတကားပဲဖြစ်ဖြစ် ဒီဥပဒေကို လိုက်နာရပါတယ်။
ပြောကြတာကတော့ အမေရိကန်ကျောင်းကားတွေဟာ တင့်ကားလိုခိုင်ခံ့ပြီး ထရပ်ကားလို အခြေခံထားသတဲ့။ တစ်နှစ်ကို ကျောင်းကားတွေအတွက် သီးသန့်သုံးတဲ့စရိတ်က ဒေါ်လာ ၂၁ဘီလျံတဲ့။ သူ့ရဲ့လုံခြုံမှုက ရိုးရိုးကားရဲ့အဆ၄ဝလို့ဆိုတယ်။ ဆီတိုင်ကီရဲ့၄ စင်တီမီတာပတ်ပတ်လည်ကို သံချပ်ကာကာထားတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့အခါ မီးလောင်ပေါက်ကွဲမှုမဖြစ်အောင် ကာကွယ်တယ်လို့ဆိုတယ်။ ကားရဲ့ခိုင်ခံ့မှုက သမ္မတကားအဆင့်လောက်ရှိပါသတဲ့။ ခိုင်ခံ့မှုနှုန်းကို ရထားနဲ့တိုက်ပြီး စမ်းသပ်ခံထားတယ်လို့ ဆိုပါတယ်။
ထိုင်ခုံတွေကိုလည်း ယာဉ်တိုက်မှုဖြစ်တဲ့အခါ ထိခိုက်ဒဏ်ရာနည်းအောင် ပြုလုပ်ထားပြီး ကျောင်းသားတိုင်း ထိုင်ခုံနေရာရှိရပါတယ်။ ကျောင်းကားကို အဝါရောင်သတ်မှတ်ရခြင်းက ညအခါ၊ မြူတွေပိတ်ဆို့တဲ့အခါ၊ မှုန်ရီဝိုးတဝါးအချိန်မှာ အမှောင်ထုကြားထဲက ထိုးဖောက်မြင်ရဖို့ဖြစ်တယ်။ ကားကို ACD အမျိုးအစားသုံးမျိုးခွဲထားပြီး အကြီးဆုံးဖြစ်တဲ့ Dအမျိုးအစားက အလေးချိန်၁၆တန်ရှိတယ်လို့ဆိုပါတယ်။ ရေကြီးနေတဲ့ချောင်းကိုတောင် ကျော်ဖြတ်နိုင်ပါသတဲ့။
ဘာဖြစ်လို့ ကျောင်းကားတွေကို သမ္မတကားနီးနီး ခိုင်ခံ့အောင်လုပ်ထားသလဲ။ ဘာဖြစ်လို့ တခြားကားတွေထက် ထူးခြားတဲ့အခွင့်အရေးရထားသလဲ။ ဘာဖြစ်လို့ သူမီးနီပြ stop ဆိုင်းပြတာနဲ့ ကိုယ့်ကားကိုရပ်ရသလဲ….
အဖြေကရှင်းရှင်းလေးပါ …
ကားထဲမှာ ကျောင်းသားကလေးသူငယ်တွေပါလို့.. ဒီကလေးတွေဟာ နောင်တစ်ချိန်မှာ နိုင်ငံ့သားကောင်းရတနာဖြစ်လာမယ့် သူတွေမို့ပါတဲ့။ ကလေးငယ်တွေရဲ့လုံခြုံစိတ်ချမှုကို အစိုးရက အပြည့်အဝ အကာအကွယ်ပေးထားပါတယ်။
ကျောင်းကားတွေ့တာနဲ့ အရှိန်လျော့တန်လျော့ ရပ်တန်ရပ် ကားတိုင်းလိုက်နာကြရပါတယ်..
ပုံထဲက ဝဲမှယာ..
အင်္ဂလန်ကျောင်းကား.. ကျောင်းသားလေးတွေ ကားပေါ်ရောက်တာနဲ့ ဖြစ်သမျှအားလုံး ကျောင်းကားတာဝန်ယူရတယ်တဲ့။
အမေရိကန်ကျောင်းကား… လုံခြုံမှုက ကိုယ်ပိုင်ကားရဲ့အဆ ၄ဝ။
ဂျပန်ကျောင်းကား…
ကနေဒါကျောင်းကား… ကျောင်းကားဥပဒေကိုချိုးဖောက်ရင် ကြီးလေးတဲ့ပြစ်ဒဏ်ခံရတယ်။ ကျောင်းကားက အလုံခြုံအစိတ်ချရဆုံး သယ်ယူပို့ဆောင်ရေးပါတဲ့။ သေဆုံးနှုန်းက သုညလို့ဆိုတယ်။
ပြင်သစ်ကျောင်းကား… ပြည်နယ်အဆင့်လိုင်စင်ရှိမှ မောင်းခွင့်ရှိပါသတဲ့။
ဂျာမဏီကျောင်းကား.. ကျောင်းကားက မီးနီ၊ မီးဝါပြထားရင် ကားကိုမကျော်ရ။
နိုင်းနိုင်းစနေ
Discussion about this post