ဂူအမ်ကျွန်းသည် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ မာရီးယားနားကျွန်းစုတွင် အကြီးမားဆုံးကျွန်း ဖြစ်၍ တောင်ဘက် အစွန်းဆုံး၌ ရှိသည်။ အမေရိကန်ပြည်ထောင်စု ၏ တသီးတခြား ရှိနေသော နယ်မြေတစ်ခုဖြစ်ပြီး အမေရိကန်ရဲ့ စစ်ရေး မဟာဗျူဟာမြောက် အခြေစိုက်စခန်းတစ်ခုလည်းဖြစ်သည်။ ဂူအမ်ကျွန်းသားများသည် ရှာမော်ရို အနွယ်ဝင်များဖြစ်ပြီး အင်ဒိုနီးရှားလူမျိုးစုမှ ဆင်းသက် လာသူများ ဖြစ်သည်။ ရှာမော်ရိုနှင့် စပိန်၊ အမေရိကန်နှင့် ဖိလစ်ပိုင် သွေးနှောသူများလည်း နေထိုင်သည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၂၁၀ ကျယ်ဝန်းသည်။
တရားဝင် ရုံးသုံးဘာသာစကားသည် အင်္ဂလိပ်ဘာသာစကား ဖြစ်သည်။ တိုင်းရင်းသားဘာသာစကားဖြစ်သော ရှာမောရိုစကားကိုလည်း ပြောဆိုသည်။ လူဦးရေ၏ ၉၆ ရာခိုင်နှုန်းသည် ရိုမန် ကက်သလစ်ဘာသာဝင်များ ဖြစ်သည်။ ၂၀၁၆ခုနှစ် စာရင်းအရ လူဦးရေ ၁၆၂၇၄၂ဦး နေထိုင်သည်။
အသုံးပြုသော ငွေကြေးသည် အမေရိကန်ဒေါ်လာငွေ ဖြစ်သည်။ ဘဏ်လုပ်ငန်း၊ ပင်လယ်ငါးဖမ်း လုပ်ငန်း၊ အမဲလိုက်လုပ်ငန်းနှင့် ကမ္ဘာလှည့်ခရီးသည် လုပ်ငန်းတို့ကို စီးပွားဖြစ် လုပ်ကိုင်သည်။ ဂူအမ်ကျွန်းသားတစ်ဦးချင်းစီ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေမှာ ဒေါ်လာ ၃၀၅၀၀ ခန့်ဖြစ်သည်။
ဂူအမ်ကျွန်းကို ၁၉၅ဝ ပြည့်နှစ် ဂူအမ်အခြေခံ အက်ဥပဒေ အရ အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာနက အုပ်ချုပ်သည်။ ထိုအက်ဥပဒေအရ ဒေသဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ရေး ရရှိစေပြီး ဂူအမ်ကျွန်းသားများအား အမေရိကန်နိုင်ငံသားအဖြစ် ခံယူစေသည်။ အမေရိကန်ကွန်ဂရက်လွှတ်တော်သို့ တက်ရောက်မည့် ဂူအမ် ကိုယ်စားလှယ်အမတ်ကို နှစ်နှစ် တကြိမ် ရွေးချယ်တင်မြှောက်ရသည်။
အုပ်ချုပ်ရေးအာဏာကို အုပ်ချုပ်ရေးမှူးတဦး၏ လက်ဝယ် အပ်နှင်းထားသည်။ လက်ရှိ အုပ်ချုပ်ရေးမှူးသည် Lou Leon Guerrero ဖြစ်သည်။ ၁၉၇ဝ ပြည့်နှစ်မှစ၍ အုပ်ချုပ်ရေးမှူးကို ကျွန်းသူ ကျွန်းသားများက ရွေးကောက်တင်မြှောက်သည်။ အစိုးရ အုပ်ချုပ်ရေးဌာန ၁၅ ခုရှိပြီး ဌာနအကြီးအကဲများကို ဂူအမ်ကို ဥပဒေပြုလွှတ်တော်၏ သဘောတူညီချက်ဖြင့် အုပ်ချုပ် ရေးမှူးက ခန့်အပ်သည်။
ဥပဒေပြုလွှတ်တော်တွင် အမတ် ၂၁ ဦးပါဝင်ပြီး နှစ်နှစ်တကြိမ် ပြည်သူ့ဆန္ဒဖြင့် ရွေးကောက် တင်မြှောက်သည်။ တရားစီရင်ရေးကဏ္ဍအတွက် တရားသူကြီး ကို အမေရိကန်သမ္မတခန့်အပ်သည်။ ဂူအမ်တရားရုံးတွင် အမေရိကန်နယ်မြေ တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာရှိပြီး အမေရိကန်ဥပဒေအရ အမှုကိစ္စများကို စီရင်သည်။ အယူခံ အမှုများကို အမေရိကန်တရားလွှတ်တော်ချုပ်သို့ တင်သွင်း နိုင်သည်။
သမိုင်း
ဘီစီ ၂၀၀၀ ခန့်ကတည်းက ဂူအမ်ကျွန်းတွင် ရှာမော်ရိုလူမျိုးစုများ စတင်နေထိုင်နှင့်ပြီဖြစ်သည်။ ရှာမော်ရိုလူမျိုးများသည် မြောက်ပစိဖိတ်ဒေသ၏ ရှေးအကျဆုံး လူမျိုးများလည်းဖြစ်သည်။ ပေါ်တူဂီလူမျိုးဖာဒီနန် မာဂျလန်က ၁၅၂၁ ခုနှစ်ခန့်တွင် စတင်တွေ့ရှိသည်ဟု ယူဆရသော မာရီယားနားကျွန်းစုကို ၁၆၆၈ ခုနှစ်တွင် စပိန်တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ စပိန်ဘုရင်မ မာရီယာအင်နာကို ဂုဏ်ပြုသောအားဖြင့် မာရီ ယားနားဟူ၍ စပိန်သာသနာပြုများက အမည်ပေးထားခြင်း ဖြစ်သည်။
၁၈၉၈ ခုနှစ် စပိန်အမေရိကန်စစ်ပွဲ ဖြစ်ပွား သောအခါ စပိန်တို့က ဂူအမ်ကျွန်းကို အမေရိကန်ပြည်ထောင်စု၏ လက်ဝယ်သို့ အပ်နှင်းလိုက်ရသည်။ ၁၈၉၉ ခုနှစ်တွက် မာရီယားနားကျွန်းစုကို ဂျာမနီနိုင်ငံအား ရောင်းချလိုက်သဖြင့် ၁၉၁၄ ခုနှစ်အထိ ဂျာမနီတို့က အုပ်ချုပ်ခဲ့သည်။ ပထမကမ္ဘာစစ်ပြီးဆုံးချိန်တွင် ဗာဆိုင်းစာချုပ်အရ မာရီယားနားကျွန်းစုသည် ဂျပန်၏ လက်အောက်သို့ ရောက်ရှိခဲ့သည်။ သို့သော် ဂူအမ်ကျွန်းကိုမူ ၁၉၅ဝ ပြည့်နှစ် အထိ အမေရိကန်သမ္မတက အမေရိကန် ရေတပ် အရာရှိ များအား အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်အုပ်ချုပ်စေသည်။
ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန်၌ ဂျပန်တို့က ဂူအမ်ကျွန်းကို ခေတ္တမျှ သိမ်းပိုက်ထားသည်။ သို့သော် ၁၉၄၄ ခုနှစ် ဩဂုတ်လ ၁ဝ ရက်နေ့တွင် အမေရိကန်တပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်သည်။ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးလုနီးပါးအချိန်မှစ၍ ဂူအမ်ကျွန်းသည် အမေရိကန်ပြည်ထောင်စု၏ အဓိကလေတပ်နှင့် ရေတပ် အခြေစိုက်စခန်းဖြစ်လာသည်။ ကျွန်း၏ တဘက်စွန်းရှိ အင်ဒါဆင် လေတပ်အခြေစိုက်စခန်းတွင် နျူးကလီးယား လက်နက် ပစ်လွှတ်နိုင်သော ဗုံးကြဲ လေယာဉ်များ ရှိသည်။ နျူးကလီးယားရေငုပ်သင်္ဘောများလည်း အခြေစိုက် ထား၏။ ကျွန်း၏ ၄ပုံ ၁ပုံသည် အမေရိကန်၏ စစ်စခန်းနယ်မြေဖြစ်သည်။
ဂူအမ်ကျွန်းအား အမေရိကန်ပြည်ထောင်စု၏ နယ်မြေအဖြစ် ဆက်လက်တည်ရှိလိုကြောင်း အဆိုကို ၁၉၇၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ပြည်သူ့ဆန္ဒဖြင့် အတည်ပြု သည်။ ထို့နောက် ဂူအမ်ကျွန်း၌ အမေရိကန်စစ်ရေး အသုံးပြုမှု များကို အဆုံးသတ်ရန် တောင်းဆိုသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျွန်းသူကျွန်းသားများက ပယ်ချသည်။
နိုင်ငံအဆင့်အတန်းနှင့် စပ်လျဉ်း၍ ၁၉၈၂ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့တွင် ကျင်းပသော ဆန္ဒခံယူပွဲတွင် မဲဆန္ဒပေးသူများ၏ ၄၈ ဒသမ ၅ ရာခိုင်နှုန်းက အမေရိကန် ပြည်ထောင်စု၏ ဓနသဟာယအဖွဲ့ဝင်ဖြစ်လာရန် ထောက်ခံမဲ ပေးလိုက်သည်။ ၂၅ ဒသမ ၇ ရာခိုင်နှုန်းက အမေရိကန် ပြည်ထောင်စု၏ ၅၁ ခုနှစ်မြောက် ပြည်နယ်အဆင့် သတ်မှတ် ပေးရန် မဲပေးခဲ့သည်။ လုံးဝလွတ်လပ်ရေး အဆိုသည် ၃ ဒသမ ၉၆ ရာခိုင်နှုန်းသာ ထောက်ခံမဲ ရရှိသည်။
မြောက်ကိုရီးယားက အမေရိကန်ပိုင်သည့် ဂူအမ်ကျွန်းကို ဒုံးကျည်နှင့် ပစ်ရန် အစီအစဉ် ဆွဲထားကြောင်း ၂၀၁၇ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့က ခြိမ်းခြောက်ပြောဆိုခဲ့ဖူးသည်။ အမေရိကန်တို့က လည်း ရန်ပြုလာပါက ကာကွယ်ဖို့ အသင့်အနေအထားမှာ ရှိကြောင်း ပြန်လည်ကြေငြာခဲ့သည်။
အချက်အလက်တချို့
ဂူအမ်ကျွန်းသည် မြွေအလွန်ပေါများသည့် ကျွန်းဖြစ်သည်။ အဓိကအားဖြင့် အဆိပ်ရှိမြွေ နှင့် အညိုရောင်မြွေများကိုတွေ့ရလေ့ရှိသည်။ ၁စတုရန်းမိုင်တွင် မြွေအကောင်ပေါင်း ၁၃၀၀၀ ခန့်ရှိသည် အထိပေါများခဲ့သည်။ ၂၀၁၃ခုနှစ်တုန်းက အမေရိကန်စစ်တပ်သည် ထိုမြွေဆိုးများကို ဒေါ်လာသန်းနဲ့ ချီအကုန်အကျခံကာ စစ်ဆင်ရေးတစ်ရပ် အနေဖြင့် နှိမ်နှင်းခဲ့ဖူးသည်။
ဂူအမ်ကျွန်းရှိနေရာများသည် မြို့မဟုတ်ပဲ ရွာအဆင့်သာ သတ်မှတ်ထားခြင်းခံရသည်။ Capital မှာ Hagåtña (Agana) ရွာ ဖြစ်သော်လည်း လူဦးရေ ၁ထောင်ကျော်သာ နေထိုင်သည်။ အကြီးဆုံးရွာ မှာ Dededo မြို့ဖြစ်ပြီး လူဦးရေ ၄သောင်းခွဲခန့်နေထိုင်သည်။ ဂူအမ်ကျွန်း၏ အမြင့်ဆုံးတောင်မှာ Lamlam တောင်ဖြစ်ပြီး အမြင့်ပေ ၁၃၃၂ပေ မြင့်သည်။
ကျွန်းဟုဆိုသေ်ာလည်း ဂူအမ်တွင် တက္ကသိုလ်ရှိသလို ကောလိပ်လည်းရှိသည်။ အမေရိကန်မှ အသိအမှတ်ပြုထားသည့် ဂူအမ်တက္ကသိုလ်သည် Mangilao ရွာတွင်တည်ရှိပြီး ၁၉၅၂ခုနှစ်ကတည်းက ဖွင့်လှစ်ထားခဲ့သည်။ ပညာရေးဝန်ထမ်းပေါင်း ၂၀၀ နီးပါးရှိကာ ကျောင်းသားပေါင်း ၄ထောင်ခန့်တက်ရောက်နေသည်။
ကျန်းမာရေးကို ဂူအမ်အစိုးရမှ တိုက်ရိုက်စီမံထိန်းသိမ်းသည်။ Tamuning ရွာတွင် ဂူအမ်ဆေးရုံကြီးရှိသည့်အပြင် စစ်စခန်းတွင်လည်း စစ်ဆေးရုံကို ဖွင့်လှစ်ထားသည်။ ထို့ပြင် လိုအပ်ပါက အရေးပေါ်ဝန်ဆောင်မှုပေးနိုင်မည့် လေတပ်လူနာတင်လေယာဉ်များကိုလည်း အဆင်သင့်ထားရှိပေးထားသည်။
ဂူအမ်ကျွန်းကို အဓိကလာရောက်လည်ပတ်သူများမှာ ဂျပန်လူမျိုးများဖြစ်သည်။ အဆင့်မီဟိုတယ်ကြီးပေါင်း ၂၀ခန့်ရှိသလို ဈေးဝယ်စင်တာများလည်း ရှိနေသည်။ Antonio B. Won Pat နိုင်ငံတကာလေဆိပ်ရှိပြီး အာရှပစိဖိတ်လေကြောင်းလိုင်းများ အဓိကပျံသန်းသည်။ ဂူအမ်ကျွန်းသို့ နှစ်စဉ်လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားဦးရေ ၁သန်းခန့်ရှိသည်။
VIDEO
မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ ၃
En wikipedia
Discussion about this post