ရေးသားသူ – သွင်ဇော်ဗိုလ်
ဘန်ဂျမင်ဖရန့်ကလင်းကို ၁၇၀၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဘော်စတွန်မြို့၊ မက်ဆာချူးဆက်ပြည်နယ်တွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူ ဂျိုးဇက်သည် အမဲဆီရောင်းသူ၊ ဖယောင်းတိုင်ထုတ်လုပ်သူ၊ ဆပ်ပြာထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ တစ်ယောက်ဖြစ်ပြီး အင်္ဂလန်မှ အမေရိကန်သို့ပြောင်းရွေ့လာခဲ့သူ ဖြစ်သည်။ မိခင်ဖြစ်သူ အဲဘစ်ဖယ်လ်ဂျာ (Abiah Folger) သည် အိမ်အလုပ်လုပ်ပြီး ကလေး (၁၀) ဦး ရှိလေသည်။ မွေးချင်း (၁၀)ဦး အနက် ဘန်ဂျမင် ဖရန့်ကလင်း သည် ရှစ်ယောက်မြောက်ကလေးဖြစ်သည်။ ဖယ်လ်ဂျာ ကတော့ နန်တက်ကတ်မြို့( Nantucket )၊ မက်ဆာချူးဆက်ပြည်နယ်သူဖြစ်လေသည်။
ဘန်ဂျမင်ဖရန့်ကလင်းသည် နှစ် နှစ်သာကျောင်းနေခဲ့ရပြီး ဆယ်နှစ်သားအရွယ်တွင် ကျောင်းစရိတ်မတတ်နိုင်သောကြောင့် ကျောင်းမှ ထွက်ခဲ့ရသည်။ သို့သော်လည်း ပညာရရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ သူ့အတွေးထဲတွင် အမြဲရှိနေသော လေ့လာသင်ယူမှုကတော့ ရပ်တန့်မသွားခဲ့ပါ။ သူ့ဖခင်လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေရသော်လည်း အားလပ်သောအချိန်တိုင်း စာမျိုးစုံကို ဖတ်ရှုလေ့လာခဲ့သည်။ သူလက်လှမ်းမှီနိုင်မည့် မည်သည့်ဘာသာရပ်မဆို လေ့လာခဲ့သည်။
ဘန်ဂျမင် ၁၂ နှစ်သားအရွယ်တွင် သူ့အစ်ကိုကြီး ဂျိမ်း၏ ပုံနှိပ်တိုက်တွင် အလုပ်သင်အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ဂျိမ်းသည် သတင်းစာနှင့် စာနယ်ဇင်းလုပ်ငန်း စတင်သောအခါ ဘန်ဂျမင်သည် မစ္စ.ဒူးဂွတ် (Mrs. Dogood) အမည်ဖြင့် လွတ်လပ်ရေးစာပေများကို ရေးသား ခဲ့သည်။
အသက်(၁၇)နှစ်အရွယ်တွင် ဘန်ဂျမင် ဖရန့်ကလင်းသည် ဖီလစ်ဒစ်လ်ဖီးယားမြို့ (Philadelphia)ကို ရောက်လာခဲ့သည်။ အလုပ်သင်နေစဉ် ကာလအတွင်း ဥပဒေကို ဆန့်ကျင်သည့်အတွက် ဖီလစ်ဒစ်လ်ဖီးယားကို တိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း အသက်မပြည့်သေးသောကြောင့်လွတ်မြောက်ခဲ့ပါသည်။ ဖီလစ်ဒစ်လ်ဖီးယားတွင် လအနည်းငယ် နေပြီးနောက် လန်ဒန်မြို့သို့ ပုံနှိပ်ပညာသင်ယူရန် ထွက်လာခဲ့သည်။ ဖီလစ်ဒစ်လ်ဖီးယားသို့ မပြန်မီ အသက် ၂၀ အရွယ်အထိ ပုံနှိပ်လုပ်ငန်းဖြင့်သာ အသက်မွေးခဲ့သည်။
ပုံနှိပ်သူဘဝ
ဘန်ဂျမင် အသက်(၂၃) နှစ်အရွယ်တွင် ဖယ်လာဒယ်ဖီးယားသတင်းစာ၏ ထုတ်ဝေသူတစ်ယောက် ဖြစ်လာခဲ့သည်။ ၁၇၃၂ ခုနှစ် ဒီဇင်ဘာတွင် ဆင်းရဲသား ရစ်ချက်အကြောင်း “ Poor Richard’s Almanac ” အမည်ဖြင့် စာအုပ်ကို ပထမအကြိမ်ပုံနှိပ် ထုတ်ဝေခဲ့ပြီး အသက် ၂၇ နှစ်အရွယ်ဖြင့် လူချမ်းသာတစ်ယောက်ဖြစ်လာခဲ့သည်။ ၎င်းစာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ရပြီး ၂၅ နှစ်တိုင်တိုင်အကြိမ်ကြိမ်ထုတ်ဝေခဲ့ရသည်။ အထွေထွေဗဟုသုတဆိုင်ရာ စိတ်ဝင်စား သူများအတွက် စိတ်ဝင်စားဖွယ်ရာ လက်ကမ်းစာအုပ်ဖြစ်ခဲ့ပြီး စာဖတ်သူများကို စိတ်ကျေနပ်မှုအပြည့်ပေးနိုင်ခဲ့သည်။
စာအုပ်တွင် လက်တွေ့လုပ်ဆောင်ရန်အချက်အလက်များ၊ ပုံပြင်များ၊ အာကာသသိပ္ပံပညာဆိုင်ရာ ခန့်မှန်း တွက်ချက်မှုများ၊ ဉာဏ်စမ်းပဟေဠိများ ပါဝင်ခဲ့သည်။ နှစ်စဉ်စာအုပ်ရောင်းရငွေများဖြင့် ချမ်းသာလာခဲ့သော်လည်း ဘန်ဂျမင်ဖရန့်ကလင်း စည်းစိမ်အပေါ်ရစ်မူးမနေပဲ ကောင်းမွန်သောအတွေးအမြင်ဖြင့် အခြားပညာရပ်များကို လေ့လာခဲ့သည်။ သူ၏ စဉ်ဆက်မပြတ်စာဖတ်ခြင်းက သူ၏ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်လာ စေခဲ့ပြီး သိပ္ပံပညာဘက်တွင်လည်း ထူးချွန်ကာနည်းပညာဆိုင်ရာ အသစ် ဖော်ထုတ် တွေ့ရှိသည်အထိ အောင်မြင်မှုရ ခဲ့သည်။
သိပ္ပံပညာရပ်ဆိုင်ရာတီထွင်ကြံဆမှုများ
ဖရန့်ကလင်းသည် အတွေးအခေါ်ပညာရှင်၊ သိပ္ပံပညာရှင်နှင့် တီထွင်သူ တစ်ယောက်ဖြစ်သည်။ သူ့၏တီထွင်မှုများသည် လွယ်လွယ်ကူကူတော့ မရခဲ့ပါ။ သို့သော်လည်း သူ၏ တီထွင်မှုများကို မူပိုင်ခွင့်မထားခဲ့ပါ။ သူ့တီထွင်မှုများကို မည်သူမဆို အများအကျိုးအလို့ငှာ (သို့မဟုတ်) ငွေကြေးရရန်အလို့ငှာ မှီငြမ်းသုံးစွဲနိုင်သည်လို့ ထုတ်ဖော် ပြောကြားထား ခဲ့သည်။
မျက်မှန်
ဖရန့်ကလင်းသည် သူ၏ဘဝတစ်လျောက်လုံး မျက်မှန်တပ်ခဲ့ပါသည်။ သူ၏ နေ့ရက်တွေကို မျက်မှန်က ကန့်သတ်တယ်လို့ ခံစားရတယ်လို့ ဆိုလေ့ရှိပါသည်။ ဘာဖြစ်လို့လဲဆိုတော့ ဖရန့်ကလင်းသည် မျက်မှန်တပ်မှ စာဖတ်နိုင်သောကြောင်ြ့ဖစ်သည်။ ဖရန့်ကလင်းသည် ပရင်တာတစ်လုံးကဲ့သို့ အလုပ်ကို အဆက်မပြတ်လုပ်မှု ကြောင့် အမြင်အာရုံချွတ်ယွင်းခဲ့သည်။ ၃၃ နှစ်အရွယ် ၁၇၃၉ ခုနှစ်တွင် မျက်မှန်ကို တီထွင်ခဲ့သည်။ မှန်ဘီလူးတိုင်းတွင် ဆုံချက် focusing အကွာအဝေးနှစ်ခုစီ ပါဝင်ပါသည်။ မှန်ဘီလူး၏ အောက်ခြမ်းသည် စာဖတ်ရန်အတွက် ပြုလုပ်ထားပြီး အပေါ်ခြမ်းသည် အဝေးကို ကောင်းကောင်း ကြည့်နိုင်ပါသည်။
ဖရန့်ကလင်းမီးလင်းဖို
ဖရန့်ကလင်းသည် သိပ္ပံပညာရပ်ကို လေ့လာသောကြောင့် အပူစီးကူးမှုနိယာမကိုလည်း သိရှိနားလည် သည်။ သူသည် မီးလင်းဖိုပုံစံငယ်ကို ဒီဇိုင်းထုတ်ခဲ့သည်။ အဆိုပါ ဒီဇိုင်းသည် လောင်စာများများလိုအပ်သောကြောင့် တွက်ချေမကိုက်ခဲ့ချေ။ လောင်စာနည်းနည်း အပူချိန် များများ လိုအပ်သည်။ ထို့ကြောင့် အပူကူးပြောင်းမှုနိယာမ၊ အပူကို ပြန်လည် အသုံးချမှုတို့ကို အသုံးချကာ မီးလင်းဖိုဒီဇိုင်းသစ်ကို တီထွင်ခဲ့သည်။ သူ၏ အကြံဉာဏ်သစ်မှာ မီးလင်းဖိုသည် ပုံမှန်အပူချိန်ထွက်နေမည် ဖြစ်သည်။ မီးလင်းဖိုအတွင်း ပြွန်ငယ်သွယ်ထား ပြီး ၎င်းပြွန်ငယ်သည် မီးလင်းဖို၏ အပူချိန်အများဆုံးနေရာတွင် ပြုလုပ်ထားသည်။
အခန်းတွင်းမှ လာသော လေအေးသည် ပြွန်ငယ်တစ်လျောက်ဖြတ်သန်းသွားပြီး မီးလောင်ခန်းတွင် လေပူ (အပူချိန်မြင့်မား သောလေ) ဖြစ်ပေါ်သည်။ ထိုသို့ အပူချိန်တက်၍ ပွလာသော(သို့) ဖိအားကျဆင်း လာသော လေ၏နေရာသို့ လေအေးများ စဉ်ဆက်မပြတ် ဝင်ရောက်လာကာ အပူကူးပြောင်းခြင်းဖြစ်စဉ် တစ်ခုဖြစ်ကာ အခန်းကို နွေးထွေးစေပါသည်။ မီးလင်းဖိုအနီးတွင်လည်း ပိုမိုနွေးထွေးစေရန် မီးလှုံနိုင်ပါသည်။ မီးခိုးများသည်လည်း သူ့လမ်းကြောင်းအတိုင်း ခေါင်းတိုင်မှ ထွက်သွား မည်ဖြစ်သည်။
၁၇၄၁ ခုနှစ်တွင် ဖရန့်ကလင်းမီးလင်းဖိုကို ဈေးကွက်သို့ ဖြန့်ချိခဲ့ပြီး အိမ်ပိုင်ရှင်အများအပြားသည် ၎င်းမီးလင်းဖိုတပ်ဆင်အသုံးပြုခဲ့ကြသည်။ ထိုခေတ်အခါကအိမ် အများစုသည် ဖရန့်ကလင်းမီးဖိုကို အသုံးပြုကြခြင်း ကြောင့် အခန်းနှစ်ခန်းမျှသုံးနိုင်သလို စွမ်းအင်ချွေတာပြီး ဖြစ်သွားကြသည်။ သစ်သားကို ချွေတာသုံးစွဲတတ်တဲ့ အလေ့အထလည်း ရသွားကြတယ်။
အမေရိကန်အတွေးအခေါ်ပညာရှင်များအသင်း
၁၇၄၃ ခုနှစ်တွင် ဖရန့်ကလင်းသည် အမေရိကန်အတွေးအခေါ်ပညာရှင်များအသင်းကို တည်ထောင်ခဲ့သည်။ အဆိုပါ အသင်းကြီးသည် သိပ္ပံပညာနှင့်ဆိုင်သော အတွေးအခေါ် အသစ်များကို ဖော်ထုတ်ခဲ့ကြသည်။ ဖရန့်ကလင်း၏ လျှပ်စစ်သီအိုရီ များအပါ အဝင်ဖြစ်သည်။
အရာဝတ္ထု၏ အရွယ်အစားဆိုင်ရာ ယူနစ်များ
ဘန်ဂျမင်ဖရန့်ကလင်းသည် ကပ်ဖန်ကွန်မွန်း (Clapham Common) ၌ ကန်တစ်ခုအတွင်း အိုရစ်အက်ဆစ် (Oleic Acid) အနည်းငယ်ထည့်ပြီး စမ်းသပ်ခဲ့ရာတွင် ရေနှင့်လေကြား သေးငယ်သောအလွှာပါး လေးတစ်ခုကို ရရှိခဲ့ပါသည်။ ၎င်းအလွှာပါးကို တိုင်းတာကြည့်ပါက အထူမှာ သုံးနာနိုမီတာခန့်သာဖြစ်၍ တိုင်းတာခြင်းဆိုင်ရာ ယူနစ်အသစ်တစ်ခုကိုဖော်ထုတ် ခဲ့ပါသည်။
တည်ငြိမ်လျှပ်စစ်
၁၇၄၃ ခုနှစ်ရဲ့ နွေရာသီမှာ ဘော်စတွန်မှာရှိတဲ့ သူ့အိမ်ကို အလည်အပတ်ပြန်လာခဲ့သည်။ ဖရန့် ကလင်းသည် သိပ္ပံဆိုင်ရာများကို အမြဲလိုလို စိတ်ဝင်စားနေသောကြောင့် သိပ္ပံပြပွဲတစ်ခုသို့ သွားရောက်ခဲ့ပြီး ၎င်းပြပွဲတွင် ဒေါက်တာအာချီဘက်စပန်ဆာနှင့် ဆုံခဲ့သည်။ ဒေါက်တာစပန်ဆာသည် သိပ္ပံနှင့် နည်းပညာပြပွဲ အတွက် စကော့တလန်မှ ရောက်ရှိလာသူ ဖြစ်သည်။ ထိုပြပွဲတွင် ဖရန့်ကလင်းသည် တည်ငြိမ်လျှပ်စစ်၏ အကျိုးသက်ရောက်မှုအကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။
ထိုပြပွဲပြီးနောက် ဖရန့်ကလင်းသည် လျှပ်စစ် ဓာတ်အားအကြောင်းကို လေ့လာခဲ့သည်။ သူက တည်ငြိမ်လျှပ်စစ်၏ အကျိုးသက်ရောက်မှုကို သိရှိယုံကြည် နေပြီဖြစ်သော်လည်း ထိုအချိန်က ဒေါက်တာစပန်ဆာသည် ထိုအကြောင်းကို ကောင်းကောင်းနားမလည်ခဲ့ပါ။ ၁၇၄၇ ခုနှစ်၊ လန်ဒန်မြို့မှ ကော်လင်ပီတာကော်လီဆင်ဆိုသူ သိပ္ပံပညာရှင်ကို တည်ငြိမ်လျှပ်စစ်( Static electricity )၏ အသုံးဝင်ပုံကို ဖန်ပြွန်ရှည်အတွင်း ထည့်သွင်းပြသခဲ့သည်။ များမကြာမီ ဖရန့်ကလင်းသည် လျှပ်စစ်ဓာတ်အားအကြောင်းကို လေ့လာခဲ့သည်။ ဖရန့်ကလင်းကိုယ်တိုင် ဤသို့အမှတ်ရဖွယ်ရေးသားခဲ့ဖူးသည် “ For my own part, I never was before engaged in any study that so totally engrossed my attention and my time as this has lately done ”, တဲ့လေ….
ကျွန်တော်တို့သိသော လျှပ်စစ်ဓာတ်အားကို ပုံဖော်ခြင်း
ဖရန့်ကလင်းသည် လျှပ်စစ်ဓာတ်အား (electricity) သည် ဘယ်လိုစတင်ဖြစ်ပေါ်သည် ဘယ်လိုပုံစံ ရှိသည်ဆိုတာ လေ့လာပြီးနောက် ယနေ့ကျွန်တော်တို့ ပြောနေသည့် လျှပ်စစ်ဓာတ်အား( electricity ) ဆိုသော အရာပုံပေါ်လာ အောင် ဖော်ထုတ်ခဲ့သည်။ သူသည် လျှပ်ကူးပျော်ရည်မှတဆင့် အဖိုငုတ် (Anode) နှင့် အမငုတ် (Cathode) တို့ကြားတွင် လျှပ်စစ်စီးကူးနိုင်ကြောင်းကို ဖော်ထုတ်တွေ့ရှိခဲ့သည်။
ယနေ့ခေတ်မှာတော့ အီလက်ထရွန် စီးကူးခြင်းလို့ ပြောနေကြတဲ့ ဘက္ထရီသဘောတရားကို ၁၇၄၇ ခုနှစ်တွင် တွေ့ရှိခဲ့ပြီး ဂျေဂျသွန်မဆင်၏ တွေ့ရှိမှု သည်၁၈၉၇ ခုနှစ်ဖြစ်သောကြောင့် နှစ်ပေါင်း ၁၅၀ ခန့်စောသည်။ ဖရန့်ကလင်းက electric charge များကို ဖန်တီး၍မရ၊ စုဆောင်း၍သာရသည်ဟု ဆိုခဲ့သည်။ ၎င်းသည် ရူပဗေဒဆိုင်ရာ ဥပဒေသတစ်ခုဖြစ်သည့် စွမ်းအင်တည်မြဲမှုနိယာမနှင့် ကိုက်ညီနေသည်ကို တွေ့ရပါသည်။
ဘထ္ထရီအိုး
ဖရန့်ကလင်းသည် ဘထ္ထရီအိုးကို ပထမဆုံးတွေ့ရှိခဲ့သူဖြစ်ပြီး ကျွန်ုပ်တို့ မျက်မှောက်ခေတ် အသုံးပြုနေ သော ဘထ္ထရီအိုးသဘောတရားပင်ဖြစ်ပါသည်။ သူကဘထ္ထရီဖြင့် Capacitor များကို တန်းဆက်ဆက်ပြီး လျှပ်စစ်ဓာတ်အား သိုလှောင်ကာ ပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။ ၁၇၅၁ ခုနှစ်တွင် ဖရန့်ကလင်းသည် လျှပ်စစ်ဓာတ်အားနှင့်ဆိုင်သော တွေ့ရှိချက်များနှင့် လက်တွေ့စမ်းသပ်ချက်များအကြောင်း စာအုပ်ကို ထုတ်ဝေခဲ့ပြီး အင်္ဂလန်နှင့် ဥရောပတွင် လျှပ်စစ်ဓာတ်အားအကြောင်းကို နားလည်ခဲ့ကြသည်။
၁၇၅၂ ခုနှစ်တွင် ဖရန့်ကလင်းသည် သူ၏အကျော်ကြားဆုံး သိပ္ပံဆိုင်ရာ တွေ့ရှိချက်အဖြစ် မိုးကြိုးလွှဲကို ပြုလုပ်ခဲ့သည်။ ဖရန့်ကလင်းသည် မိုးကြိုးလွှဲအကြောင်း သက်သေပြနိုင်ခဲ့သလို static electricity တွေ discharge ဖြစ်တဲ့အခါ ကိုင်မိတဲ့လူကို ထုံကျင်သလိုခံစားရစေပြီးတည်ငြိမ်လျှပ်စစ်( Static Electricity) ရှိကြောင်း သိစေခဲ့ပါသည်။
မိုးကြိုးလွှဲ
တစ်နေ့သ၌ ဖရန့်ကလင်းသည် လေကြောင်းဆိုင်ရာလေ့လာရန်အတွက်ဘုရားကျောင်း ရှေ့စွန်လွှတ်နေစဉ်၌ စွန်ဘက်မညီသောကြောင့်သော့တံတစ်ခု ချိတ်ပေးလိုက်ပါသည်။ ၎င်းသော့တံကို မိုးကြိုးပစ်ချလိုက်ခြင်းကို သတိပြုမိ၍ မိုးကြိုးလွှဲကိရိယာကို လျှပ်ကူးပစ္စည်း တစ်ခုဖြင့် ပြုလုပ်လျှင် ဖြစ်နိုင်ကြောင်းကို တွေ့ရှိခဲ့ပါသည်။ ကျွန်တော်တို့၏တိုင်းပြည်များ အပေါ်ရှိ လျှပ်စစ်ဓာတ်အားရှိနေသောတိမ်တိုက်များသည် တောင်ထိပ်၊ သစ်ပင်များ၊ သင်္ဘောရွက်တိုင်ထိပ်၊ နေအိမ် စသဖြင့် ထင်ရှားသော နေရာများပေါ်သို့ ဓာတ်အား ကိုစွန့်ထုတ် နိုင်ကြသည်။ ဤအချင်းအရာကို မိုးကြိုးပစ် သည်ဟုခေါ်ကြပြီး အကယ်၍ ကာကွယ်ချင်ပါက နေအိမ်/ ဘုရားကျောင်း၏ အမြင့်ဆုံးနေရာများ၌ သံချောင်းကို ထောင်ထားရန်လိုအပ်ပြီး နန်းကြိုးနှင့် အခြားမြေပြင်တနေရာနှင့် ချိတ်ထားရမည်ဟု ဘန်ဂျမန်ဖရန့်ကလင်းက ဆိုခဲ့သည်။
“ ကျွနု်ပ်၏ လက်တွေ့စမ်းသပ်ချက်အရ ဘုရားကျောင်း၏ အမြင့်ဆုံးနေရာတွင် sentry box ဟုခေါ်သော လျှပ်စစ်ဆိုင်ရာစင်မြင့်လေးတစ်ခုကို သွားတင်ထားခဲ့ပါသည်။ ၎င်းစင်မြင့်ကို ဖောက်ထားပြီး ထက်မြသော အစွန်းရှိသည့် သံချောင်းကို ထိုအပေါက်မှတစ်ဆင့် အပေါ်တည့်တည့်ကို ပေ ၂၀ ခန့် ထောင်ထားလိုက်သည်။ မိုးကြိုးလွှဲကိရိယာ နှင့်တွဲဆက်ထားသောဝါယာကြိုးကို မြေပြင်အတွင်း ခပ်နက်နက် တူးထည့်ထားလိုက်သည်။ အဆိုပါ စင်မြင့်အတွင်း ခြောက်သွေ့ သန့်ရှင်းစွာထားခဲ့လျှင် မိုးကြိုးပစ်နေလျှင်ပင် လူဝင်၍ နေနိုင်ပေသည်။ တိမ်တိုက်မှလာသော မိုးကြိုးလျှပ်စီးကြောင်းသည် မိုးကြိုးလွှဲသံချောင်းမှတဆင့် ဝါယာကြိုး စိုက်ထားရာ မြေပြင်သို့ ရောက်သွားမည်ဖြစ်သည်။ ဤနည်းအတိုင်းဆောင်ရွက်ပါက မိုးကြိုးလွှဲကိရိယာ (Lightning rod) အနီးအနားရှိနေလျှင်ပင် ထိုသူအတွက် ဓာတ်မလိုက်နိုင်ပါ။ ” ဟု ဆိုခဲ့လေသည်။
ဖရန့်ကလင်းသည် သဘာဝနိယာမသဘောတရားကို လျှပ်စစ်ဓာတ်အားဆိုင်ရာ အတွေးအမြင်များဖြင့် အသုံးချနိုင်အောင် သက်သေပြခဲ့သည်။ ပွတ်မှုအားမှတစ်ဆင့်ဖန်ချောင်းတွင် တည်ငြိမ်လျှပ်စစ်( static charge ) ရှိကြောင်း သက်သေပြနိုင်ခဲ့သည့်အတွက် လျှပ်ကူးပစ္စည်း (conductor) မဟုတ်သော အရာဝတ္တုတိုင်းတွင်လည်း တည်ငြိမ်လျှပ်စစ် (static charge) ရှိကြောင်းသိရှိစေခဲ့သည်။ ယနေ့ခေတ်တွင် ကျွန်တော်တို့သည် ဖရန့်ကလင်း၏ မိုးကြိုးလွှဲကို အသုံးပြုနေကြတုန်းပင်ဖြစ်သည်။ ဘန်ဂျမင် ဖရန့်ကလင်းသည် သူစဉ်းစားတီထွင် ထားသော မိုးကြိုးလွှဲကိရိယာကိုပင် မူပိုင်ခွင့်မယူခဲ့ဘဲ အများသူငှာ အကျိုးအလို့ငှာ အသုံးပြုစေခဲ့သည်။
၁၇၅၃ ခုနှစ်တွင် ဖရန့်ကလင်း၏ သိပ္ပံပညာဆိုင်ရာ ထူးချွန်ပြောင်မြောက်မှုအတွက် ဗြိတိသျှတော်ဝင် အဖွဲ့အစည်းကြီး၏ လျှပ်စစ်ဆိုင်ရာအမြင့်ဆုံးဆုဖြစ်သည့် The Copley Medal ဆုကို လက်ခံရရှိခဲ့သည်။ ၎င်းသည် ယနေ့ခေတ် နိုဘယ်ဆုလိုမျိုးဖြစ်သည်။ သူ၏တီထွင်ကြံဆမှုများသည် စွမ်းအင်၊ အချိန်၊ ငွေကြေး စသဖြင့် သက်သာစေခဲ့ သည့်အပြင် လူ့အသက် ပေါင်းများစွာကိုလည်း ကယ်တင်နိုင်ခဲ့ပေသည်။
ရေခဲသေတ္တာ
၁၇၅၈ ခုနှစ်တွင် ဖရန့်ကလင်းသည် ဂျွန်ဟက်လေးနှင့်အတူ အင်္ဂလန်နိုင်ငံ၊ ကမ်းဘရေ့ဂျ်တွင် သုတေသနလုပ်ရင်း အငွေ့ပျံခြင်းဖြစ်စဉ်မှတစ်ဆင့် အအေးခန်းဆိုင်ရာ လုပ်ငန်းစဉ်ကို သိရှိခဲ့သည်။ အပူချိန် ၁၈ ဒီဂရီစင်တီဂရိတ် ရှိနေသော အခန်းတစ်ခုအတွင်း လျင်မြန်စွဲအပူချိန်ကျအောင် လုပ်နိုင်ခဲ့သည်။ နောက်ဆုံးတွင် သာမိုမီတာ၏ တိုင်းထွာချက်အရ အနုတ် ၁၄ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းအောင် လုပ်နိုင်ခဲ့လေသည်။ ရေ (Liquid) အတွင်းရှိသော မော်လီကျူးများသည် အတိုင်းအတာတစ်ခုအထိ စွမ်းအင်ရှိကြလေသည်။ တစ်ခါတရံမြင့်မားတတ်သလို တစ်ခါတရံနိမ့်ကျတတ်သည်။
မော်လီကျူးများသည် စွမ်းအင်ကို ရေအတွင်း လွယ်လွယ်ကူကူနှင့် အများဆုံးသယ်ဆောင်နိုင်ကြပြီး ၎င်းကို ရေငွေ့ပျံခြင်းဖြစ်စဉ်လို့ ခေါ်ကြပါသည်။ တဖန် အအေးခံလိုက်ပါက ၎င်းစွမ်းအင်သည် အရည် အဖြစ်သို့ တဖန်ပြောင်းလဲသွားပြန်သည်။ ရလဒ်ကတော့အပူချိန်မှအရည်ပြန်ရအောင် လုပ်ခြင်း ဖြစ်သည်။ ၁၇၅၆ ခုနှစ် စကော့ကလန်မှ ဝီလီယန်ကူလမ် (Willam Cullen) အငွေ့ပျံခြင်းကို အသုံးချပြီး အအေးခန်းဖြစ်စဉ်ကို တင်ပြခဲ့ပါသည်။ အငွေ့ပျံသောအခါ ဖိအားကျဆင်းမှုကြောင့် ရေကို ဆူပွက်ခြင်းဖြစ်ပေါ်သည်။ ထိုဖိအားကို အဆမတန်ကျဆင်းအောင် လုပ်ဆောင်ခြင်းဖြင့် လျင်လျင်မြန်မြန် အပူချိန်ကျဆင်း အောင် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
မိုးလေဝသဆိုင်ရာ
လေမုန်တိုင်းနှင့် လေတိုက်ခတ်ရာလမ်းကြောင်းတွေကို လေ့လာပြီးနောက် ပြန့်ကျဲနေသော လေလမ်း ကြောင်းများတွင် မုန်တိုင်းအမြဲမရှိနိုင်တာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သဘောကတော့ ဆန့်ကျင်ဘက် လေလမ်းကြောင်းနဲ့ ဆုံတဲ့အခါ ပျက်ပြယ်သွားခြင်းဖြစ်သည်။
အချိန်ခြိုးခြံမှု
ဖရန့်ကလင်းသည် နေ့ဘက်အချိန်ကို ချွေတာသောအားဖြင့် (သို့) နေ့ဘက်တွင် ပိုမို လုပ်အားဖြစ်သောကြောင့် အချိန်ချွေတာမှုအနေဖြင့်တစ်နာရီတိတိပေါင်း ထည့်ခဲ့ပါ သည်။ သဘောမှာ နေထွက်နဲ့နေဝင်ကို တစ်နာရီတိတိနောက်ကျစေခဲ့ခြင်းဖြစ်သည်။
သိပ္ပံပညာရှင်၊ တီထွင်သူဆိုတာထက်ပိုခြင်း
ဖရန့်ကလင်းသည် အမေရိကန်ပြည်ထောင်စုကို ၁၇၇၆ ခုနှစ်တွင် လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းသူ အာဇာနည်ငါးဦးတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ဖရန့်ကလင်းသည် ဗြိတိသျှကိုလိုနီများအတွက် ဗြိတိသျှစာတိုက်မှုး အဖြစ် တာဝန်ယူခဲ့သည်။ ၁၇၇၆ ခုနှစ် မှ ၁၇၈၅ ခုနှစ်အထိ အမေရိကန်နိုင်ငံဆိုင်ရာ ပြင်သစ် သံအမှတ်ကြီးအဖြစ် လည်းကောင်း၊ ၁၇၈၅ ခုနှစ်နှင့် ၁၇၈၈ ခုနှစ်အတွင်း ပန်ဆယ် ဘားနား ( Pennsylvania ) ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် လည်းကောင်း၊ နိုင်ငံတာဝန်များကို ထမ်းဆောင်ခဲ့သည်။
နိဂုံး
ဘန်ဂျမင်ဖရန့်ကလင်းသည် ၁၇၉၀ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် အဆုတ်ရောင် အဆုတ်ပွရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ သူ၏ဇနီးဖြစ်သူ ဒီဘိုးရက်(Deborah)သည် သူ့ထက် ၁၆ နှစ်စောပြီး ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။ သူ့သမီးဖြစ်သူ(sarah)နှင့် သားဖြစ်သူ ဝီလီယံ(willian) တို့ကျန်ခဲ့သည်။
ယနေ့မှာတော့ ဘန်ဂျမန်ဖရန့်ကလင်းဆုသည် ဖရန့်ကလင်းကို ဂုဏ်ပြု၍ ပေးခြင်းဖြစ်ပြီး သိပ္ပံပညာဆိုင်ရာ ထူးချွန်ပြောင်မြောက်သူများကို ချီးမြှင့်လေ့ရှိသည်။ ဆုရသူများထဲတွင် အလဇန္ဒား ဂရေဟမ်ဘဲ(တယ်လီဖုန်းတီထွင်သူ)၊ မီရီ(Marie)နှင့် ပါရီကျူရီ(Pierre Curie)၊ အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein)နှင့် စတီဖင်ဟော့ကင်း ဆိုသူတို့ဖြစ်ကြသည်။
ကိုးကား
“An Americanization of Benjamin Franklin” Gordon S. Wood
‘Biography of Benjamin Franklin” Wikipedia
သွင်ဇော်ဗိုလ်
Discussion about this post