အမေဇုံမိုးသစ်တောအတွင်းမှာ လေ့လာမှုတွေပြုလုပ်ခဲ့တဲ့ သုတေသနပညာရှင်တွေဟာ ရေခဲခေတ်ကာလကရှင်သန်ခဲ့တဲ့ mastodons လို ဆင်ကဲ့သို့သော တောကောင်ကြီးတွေနဲ့စပ်လျဉ်းပြီး ရှေးလူတွေမှတ်တမ်းတင်ခဲ့တဲ့ကျောက်ခေတ်ပန်းချီ ပန်းတန်းလက်ရာထောင်ပေါင်းများစွာကို တွေ့ရှိခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒီပန်းချီတွေရဲ့သက်တမ်းကို ခန့်မှန်းတွက်ချက်ကြရာမှာတော့ နှစ်ပေါင်း (၁၁၈၀၀) ကနေ (၁၂၆၀၀)အထိကို ရှိနေခဲ့ပြီလို့ ဗြိတိန်နိုင်ငံ Exeter တက္ကသိုလ်ကထုတ်ပြန်တဲ့သုတေသနပြုမှတ်တမ်းတွေမှာ ဖော်ပြထားခဲ့ပါတယ်။
နံရံပန်းချီကားတွေဟာဆိုရင် မတူညီတဲ့ကျောက်သား ပြင်နံရံကြီးတွေမှာတည်ရှိနေတာဖြစ်ပြီး အကြီး ဆုံးသောကျောက်သားပြင်ပိုင်းကိုတော့ Cerro Azul လို့အမည်ပေးထားပါတယ်။ ယင်းအပိုင်းမှာဆိုရင် ပုံကွက်ပေါင်း(၁၂)ခုအထိပါဝင်နေပြီး တစ်ပုံချင်းစီပုံ ထောင်နဲ့ချီပါဝင်နေတာကိုလည်းတွေ့ရပါတယ်။
ရေခဲခေတ်ကာလရှေးဟောင်းပန်းချီလက်ရာတွေ တည်ရှိရာအရပ်ကတော့ တောင်အမေရိကတိုက်၊ ကိုလံဘီယာနိုင်ငံ Serrania La Lindosa ဒေသမှာဖြစ်ပြီး ကျောက်သားပြင်မှာတွေ့ရတဲ့ အနုပညာလက်ရာတွေကပဲ ရေခဲခေတ်ကာလက ရှေးဦးလူသားတွေ ဘယ်လိုနေထိုင်ရှင်သန်ခဲ့တယ်ဆိုတဲ့ အကြောင်းကို ဖော်ပြ ပေးနေတာလည်းဖြစ်ပါတယ်။ ပုံတွေအရဆိုရင် ရှေးလူသားမျိုးနွယ်တွေဟာ mastodons ၊ camelids တွေနဲ့ ခြေချောင်း(၃)ချောင်းပါဝင်တဲ့မြင်းသတ္တဝါလို သားရဲတွေအကြား အသက်လုပွဲများစွာ ဆင်နွှဲခဲ့ရပုံ လည်းပေါ်နေပါတယ်။
အခုမြင်တွေ့နေရတဲ့ပုံရိပ်တွေဟာ အနောက်ဘက် Amazonia ဒေသကလာတဲ့ လူသားမျိုးနွယ်စုတွေရဲ့ လက်ရာဖြစ်တယ်လို့ Exeter တက္ကသိုလ်က သမိုင်း ပညာရှင် Mark Robinson ကဆိုခဲ့ပါတယ်။ ယင်းပန်းချီကားတွေကိုကြည့်ခြင်းအားဖြင့် ယင်းခေတ်ကာလက ယခုလိုသေနတ် လိုမျိုးခေတ်မီလက်နက်တွေမပါရှိဘဲ တွေ့ရာပစ္စည်းနဲ့ ကြမ်းကြုတ်ရက်စက်တဲ့တောရိုင်းကောင်ကြီးတွေကို အမဲလိုက်ခဲ့ကြတဲ့ လူသားတွေရဲ့စွမ်းရည်သတ္တိကို မဖြစ်မနေအသိအမှတ်ပြုရမှာဖြစ်ပါတယ်။
နံရံဆေးပန်းချီကားမှာပါဝင်တဲ့အချို့သော တောင်ကောင်တွေဆိုရင် အလွန်ကြီးမားတဲ့ ပမာဏလောက်အထိကို ရှိနေခဲ့တာဖြစ်ပါတယ်။ ပုံအချို့မှာဆိုရင် လူသားတွေရဲ့ပုံရိပ်တွေ၊ သမင်၊ ဒရယ်၊ မျောက်၊ လိပ်၊ လင်းနို့၊ ကြံ့နဲ့ မိကျောင်းတွေကို အမဲလိုက်ဟန်တွေကို ထည့်သွင်းရေးဆွဲထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ နံရံပန်းချီတွေမှာတွေ့မြင် ရတဲ့ အနီရောင်ဆိုးဆေးကိုတော့ အမေဇုံဒေသမှာ တွေ့ရတဲ့မြေနီတွေကို အသုံးပြုဖော်စပ်ခဲ့ကြကာ တောင်အမေရိကတိုက်ရဲ့ အကြီးဆုံးသော ကျောက်သားနံရံဆေးပြတိုက်ကြီးတစ်ခုပမာ ဖန်တီးခဲ့ကြ ပါတယ်။
ရှေးနှောင်းလူတွေ ယင်းကျောက်သားပန်းချီ တွေဖန်တီးတဲ့ကာလက အမေဇုံတောကြီးဟာ ဆဗားနားမြက်ခင်းပြင်လွင်ပြင်ကြီးတွေ၊ ဆူးပင်တွေ၊ ချုံထနောင်းတောတွေတည်ရှိရာနေရာကနေ အပူပိုင်း မိုးသစ်တောကြီးအဖြစ်ပြောင်းလဲနေချိန်ကာလလည်း ဖြစ်တယ်လို့ ပညာရှင်တွေက ယုံကြည်ကြပါတယ်။ နံရံဆေးပန်းချီဖန်တီးသူ အနုပညာရှင်တွေဟာဆိုရင် ပန်းချီမရေးဆွဲခင် ကျောက်သားပြင်ကြမ်း တွေကွာချရန်အတွက် မီးကိုအသုံးပြုခဲ့ကြပြီးဆေးသားချရာ ကျောက်သားမျက်နှာပြင်ကိုလည်း ညီညာအောင်ပြုလုပ်ရာမှာလည်း ကျွမ်းကျင်သူတွေဖြစ်ခဲ့ကြပါတယ်။
ရေးဆွဲခဲ့တဲ့ပန်းချီကားအများစုကတော့ ယင်းကာလက ဝန်းကျင်မှာအတွေ့များတဲ့ သတ္တဝါတွေကိုသာအလေးပေးရေးဆွဲခဲ့ကြတာဖြစ်ပြီး တည်ရှိရာနေရာဟာလည်း ကျောက်သားအကာအကွယ်များစွာတည်ရှိနေတဲ့အချက်ကြောင့် ယင်းအရပ်မှာရှိတဲ့ ကျောက်သားပန်းချီတွေဟာ အမေဇုံတော ရဲ့အချို့သောအပိုင်းတွေမှာရှိတဲ့ ရှေးဟောင်းပန်းချီ လက်ရာတွေထက်ပိုမိုကောင်းမွန်တဲ့ဆေးသားဒီဇိုင်းကို ပိုင်ဆိုင်ထားပါတယ်။
ဆေးသားလက်ရာအချို့ ကတော့ အတော်ကိုခပ်မြင့်မြင့်နေရာတွေမှာရောက် ရှိနေတာကိုတွေ့မြင်ရတဲ့အတွက် နှောင်းလူတွေဟာ တောနက်အတွင်းမှာရှိတဲ့အရင်းအမြစ်တွေကနေ လှေကားလိုအရာတွေကိုပဲ အသုံးပြုဖန်တီးခဲ့ကြတာလည်းဖြစ်နိုင်တယ် လို့ ပညာရှင်တွေရဲ့မှတ်တမ်းတွေမှာ ဖော်ပြခဲ့ကြ ပါတယ်။
နံရံပန်းချီကားတွေမှာဆိုရင် နှောင်းလူသားမျိုးနွယ်စုတွေရဲ့ သစ်သီး၊ သစ်ဥတွေကို စားသောက်ပြီး စုပေါင်းအမဲလိုက်ကြပုံ၊ ငါးမျှားခြင်းကနေ piranha( တောင်အမေရိကတိုက်မှာသာတွေ့ရတဲ့အသားစားငါးမျိုး)နဲ့ မိကျောင်းခေါင်းတိုတွေအထိ ဖမ်းဆီးနိုင်တာကိုလည်း မှတ်တမ်းတင်ထားခဲ့ကြပါတယ်။ ဒါအပြင် ယင်းရေခဲခေတ်ကာလတွေကတည်းက လူသားတွေဟာဆိုရင် မြွေ၊ ဖား၊ အမာဒီလို၊ ရှဉ့်၊ ပူးနဲ့ ကတ်ဘာရာတို့သတ္တဝါတွေကိုအစာအဖြစ်ဖမ်းဆီးစားသုံး ခဲ့ကြပါတယ်။
Exeter တက္ကသိုလ်ရဲ့လေ့လာမှုပရောဂျက်အတွင်းကနေပဲ ပညာရှင်တွေဟာ အမေဇုံတောနက်အတွင်းမှာ စတင်အခြေချနေထိုင်ခဲ့တဲ့ ရေခဲခေတ်ကာလလို အချိန်မျိုးက ရှေးလူသားမျိုးနွယ်စုတွေရဲ့ နေ့စဉ် ဘဝကို ယင်းကာလ biodiversity (အပင်နှင့်တိရိစ္ဆာန် ကွဲပြားခြားနားမှု) တွေကနေ ဘယ်လိုအကျိုးသက် ရောက်မှုရှိခဲ့တယ်ဆိုတဲ့အကြောင်းကိုပါ ရှာဖွေတွေ့ရှိခဲ့ ကြပါတယ်။
Exeter တက္ကသိုလ်ရဲ့ရှေးဟောင်းသုတေသနပညာ ပါမောက္ခ Jose Iriarte က ၎င်းတို့အဖွဲ့ရဲ့အစောပိုင်း ကာလအခြေအနေထုတ်ပြန်ချက်တွေဟာ (၅)နှစ်တာ ကာလအတွင်းတွေ့ရှိခဲ့တဲ့ သမိုင်းဆိုင်ရာအထောက်အထားကနေဖြစ်ကြောင်း CNN သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာပြောကြားခဲ့တာမျိုးတော့ရှိပါတယ်။ ဒါအပြင် ရှစ်မိုင်အထိရှည်လျားတဲ့ ကျောက်နံရံပန်းချီ ကားတွေကနေပဲ အခြားသတ္တဝါဆန်းတွေ အမေဇုံ သစ်တောအတွင်းရှိနေခဲ့သလားဆိုတဲ့ အထောက်အထားကိုဆက်လက်ရှာဖွေခဲ့ကြောင်း၊ ဘယ်လိုအရာ တွေကိုအသုံးပြုပြီး နှောင်းလူတွေ လူအသုံးအဆောင်တွေကို တည်ဆောက်ခဲ့ကြတယ်၊ အမဲလိုက်ကြတယ်၊ မွေးမြူရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေကိုလုပ်ဆောင်ခဲ့ ကြတယ်ဆိုတာကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါအပြင် ရေခဲခေတ်လိုကာလက ဖန်တီးခဲ့တဲ့ အနုပညာလက်ရာတွေကိုကြည့်ခြင်းဖြင့်လည်း ယင်းခေတ်ကာလရဲ့ယဉ်ကျေးမှုတစိတ်တပိုင်းကို သိရှိခံစားနိုင်ပြီး ယခုကာလမှာမျိုးတုန်း ပျောက်ကွယ်သွားပြီဖြစ်တဲ့ အချို့တောကောင်ကြီးတွေအကြား အစားအသောက်အတွက် ဘယ်လိုတနိုင်တပိုင်အမဲလိုက်ခဲ့ကြတယ်ဆိုတဲ့ အခြေအနေကိုဖော်ပြရာရောက်ကြောင်း၊ ကျောက်ခေတ်ကာလက အမေဇုံသစ်တောအတွင်းမှာကျက်စားခဲ့တဲ့ ဒေသရင်းတိရိစ္ဆာန်တွေရဲ့ပြောင်းလဲမှုဖြစ်စဉ် တွေဟာအံ့မခန်းထူးခြားကြောင်းပြောကြားခဲ့ပါတယ်။
Exeter တက္ကသိုလ်ရဲ့ရှေးဟောင်းသုတေသနပညာရှင်တွေဖြစ်တဲ့ Iriarte နဲ့ Robinson တို့ဟာ ယင်းလေ့လာမှုပရောဂျက်ကာလအတွင်း ကိုလံဘီယာတက္ကသိုလ်အသီးသီးက ပညာရှင်တွေနဲ့လက်တွဲဆောင်ရွက်ခဲ့ကြပါတယ်။ သူတို့ရဲ့လေ့လာမှုဧရိယာဟာ ကိုလံဘီယာအစိုးရနဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့ FARC guerrilla အုပ်စုရဲ့ စစ်ပွဲနယ်မြေအတွင်းပါဝင်နေပါတယ်။
(၅၂)နှစ်ကျော်ကာလအထိ ရောက်အောင် ကိုလံဘီယာအစိုးရကိုလက်နက်ကိုင် တော်လှန်ခဲ့ကြသူတွေဖြစ်ပြီး (၂၀၁၆)ခုနှစ်ကနေစပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပါတယ်။ တစ်နည်းပြောရရင်တော့ ဒေသရဲ့လုံခြုံမှုအားနည်းလွန်းတဲ့ အခြေအနေအတွင်းဖြစ်တဲ့ (၂၀၁၇၊၂၀၁၈) ကာလတွေမှာ သမိုင်းသုတေသီတွေဟာ ယင်းနယ် မြေမှာနေထိုင်ပြီး သဘောတူညီမှုအများအပြားနဲ့ သုတေသနလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ကြရတာဖြစ်ပါတယ်။
Discussion about this post