အိုင်ဘန်းသယ်(Eibenthal ) ဆိုတာ ရိုမေးနီးယားနိုင်ငံ အနောက်ပိုင်းက Banatului တောင်တန်းပေါ်မှာရှိတဲ့ သာယာတဲ့ရွာတစ်ရွာဖြစ်ပါတယ်။ အဓိကနေထိုင်တဲ့သူတွေကတော့ ချက်ဇ်လူမျိုးစုတွေဖြစ်ပြီး အခြားမြို့ရွာတွေနဲ့ အလှမ်းဝေးတဲ့နေရာတစ်ခုဖြစ်ပါတယ်။ သူခိုးမရှိတဲ့ ရွာဆိုပြီးတော့ နာမည်ကြီးတဲ့ ရွာကလေးပေါ့။
အိုင်ဘန်းသယ်မှာ ရဲဌာနမရှိပါဘူး။ ရွာသူရွာသားတွေဟာ ပွင့်လင်းတယ် ၊ ရိုးသားတယ် ၊ ဖော်ရွေကြတယ်။ ဒီနယ်မြေတဝိုက်မှာတော့ အေးချမ်းတယ်လို့ နာမည်ကြီးတဲ့ ရွာကလေးဖြစ်ပါတယ်။ ရွာသူရွာသားချင်းလည်း စည်းလုံးတယ် ၊ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်လေးစားကြတာကြောင့် ဒီရွာမှာ တစ်နှစ်နေလို့ အမှုအခင်းတစ်ခါဖြစ်တယ်ဆိုတာ မရှိသလောက်ရှားပါတယ်။
ဒီရွာမှာ ပျောက်တယ်ရှတယ်ဆိုတာလည်း တခါမှမရှိပါဘူးတဲ့။ ဥပမာပြောရရင် ရွာသူရွာသားတွေဟာ သူတို့အိမ်ရှေ့က အိပ်တွေထဲမှာ ပေါင်မုန့်ပို့သမားအတွက် ပိုက်ဆံတွေ ချန်ထားတယ် ။ ပေါင်မုန့်ပို့သမားလာတဲ့ အခါ ပိုက်ဆံကိုယူတယ် ၊ ပေါင်မုန့်အိတ်ကိုထားခဲ့တယ်။ ဒီလိုပို့လာတာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ ပိုက်ဆံနဲ့ ပျောက်တာ ၊ ပေါင်မုန့်ပျောက်တာ တိုင်တာ တန်းတာ ပြသနာတက်တာ တစ်ခါမှမရှိခဲ့ဘူးလို့ သိရပါတယ်။
သူခိုးမရှိတဲ့ရွာဆိုပြီး စနာမည်ကြီးခဲ့တာ ၁၉၉၆ခုနှစ်ကတည်းက ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက ပေါင်မုန့်ပို့သူအတွက် အိမ်အပြင်မှာ ပိုက်ဆံတွေကို အိမ်အသီးသီးစီက ချန်ပေးထားတာဖြစ်ပါတယ်။ အရင်ကတော့ ရွာက မုန့်ဆိုင်မှာဝယ်ကြပေမယ့် ၁၉၈၉မှာ တော်လှန်ရေးဖြစ်ပြီးတဲ့နောက် ဆိုင်ပိတ်သွားတဲ့အတွက် ၂၀ကီလိုမီတာ ကွာဝေးတဲ့ တခြားရွာက ပေါင်မုန့်ကားဆီက နေသာ ဝယ်ရတော့ပါတယ်။ ဒီပေါင်မုန့်ကား ကလည်း နှစ်ရက်ကို တစ်ခါလာလေ့ရှိပါတယ်။ ကားလာတဲ့ အခါ အိမ်တွေကနေ ထွက်ဝယ်ကြတယ် ၊ ပိုက်ဆံပေးတယ် ၊ ပေါင်မုန့်ယူတယ်။
ဒါပေမယ့် ရွာသားတစ်ယောက်က အကြံပေးတယ်။ ပေါင်မုန့်စောင့်ယူရတာ အလုပ်တစ်ခုဖြစ်နေတယ်။ အဲဒီတော့ အိမ်ခြံဝန်းက ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံထည့်ထား ၊ ပေါင်မုန့်ပို့သမားက ပေါင်မုန့်ပို့ခဲ့ ၊ အဆင်ပြေမှ သွားယူကြပေါ့ ဆိုတဲ့ အကြံပါ။ သူကပြောတယ်။ ပိုက်ဆံတွေပေါင်မုန့်ပျောက်တာတွေ အတွက်တော့မပူနဲ့တဲ့ ပျောက်ရင် ငါတို့ရွာသားတွေခိုးတာမဖြစ်နိုင်ဘူး ၊ အပြင်လူတွေခိုးမှပဲပျောက်မှာ ၊ အပြင်လူကလည်း ဒီရောက်ဖို့ မလွယ်ဘူးလေ တဲ့။ အဲဒီအချိန်ကစလို့ အဲဒီအတိုင်းကျင့်သုံးခဲ့တာ ယနေ့အထိပါပဲ။ ကျင့်သုံးခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော်မှာ တခါတရံတောင် ပိုက်ဆံပျောက်တာ ၊ ပေါင်မုန့်လျော့တာ မဖြစ်ဖူးပါတဲ့။ ဒါဟာ ခိုးမှုမဖြစ်ကြောင်းပြောတဲ့ ဥပမာတစ်ခုသာဖြစ်ပါတယ်။
“ခိုးမှုဆိုတာ ဒီရွာမှာတစ်ခါမှ မကြားဖူးဘူး ၊ ကျုပ်ဆိုရင် သုံးနေကြ ပစ္စည်းတွေအားလုံး ဂိုထောင်ထဲမှာပဲ ထားတယ်။ တံခါးကလည်း ၂၄နာရီဖွင့်ထားတယ်။ ကျုပ်ဒီရောက်တာ ၁၃နှစ်ရှိပြီ တခုတလေတောင်မပျောက်ဖူးဘူး” လို့ ခရစ်ယာန်ဘုန်းတော်ကြီး Vaclav Masek က ဆိုပါတယ်။
“ဒီရွာက လူတွေက အရမ်းစည်းရှိကြတာ ၊ ပစ္စည်းတစ်ခုခုလိုတာပဲဖြစ်ဖြစ် အကြောင်းတစ်ခုရှိလို့ပဲဖြစ်ဖြစ် တခြားအိမ်ကို သွားလည်ကြတဲ့အခါ ဘယ်သူမှ အိမ်ထဲကို တန်းမဝင်ဘူး။ ခြံဝန်းရှေ့ကနေ လှမ်းအသံပြုရတယ်။ တကယ်လို့ ၃ ၄ခါခေါ်တာတောင် ဘာသံမှ မကြားရင်တော့ ခြံရှေ့ကပဲ လှည့်ပြန်သွားကြရော ၊ အရမ်းရင်းနှီးတယ်ဆိုတဲ့သူတွေတောင် သူများပစ္စည်းကို မသိပဲ ခဏဆိုပြီး အလွယ်တကူ ယူမသုံးတတ်ကြဘူး” လို့ ရွာသားတစ်ယောက်က ဆိုပါတယ်။
“ကျွန်တော်တို့ရွာက လူ ၃၀၀ ကျော်ပဲ ရှိတာ ၊ အဲဒီတော့တစ်ရွာလုံး စည်းလုံးတယ် ရင်းနှီးတယ် ၊ ပစ္စည်းပျောက်ဖို့မပြောနဲ့ ဘာအမှုမှ ဖြစ်လေ့မရှိတဲ့ရွာပါ” လို့ ရွာအုပ်ချုပ်သူ Victor Doscocil ကပြောပါတယ်။ လွယ်ရင် သူကြွယ်တောင် မနေပါဘူးဆိုတဲ့ ခေတ်ထဲမှာ အိုင်ဘန်းသယ်ဟာ ခိုးမှုမရှိတဲ့ ကမ္ဘာ့နေရာအနည်းငယ်ထဲက နေရာတစ်ခုဖြစ်ပါတယ်။ လောဘ ဒေါသ မောဟ တွေ လိုအပ်ချက်တွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ အိုင်ဘန်းသယ်ရွာသူရွာသားတွေကတော့ အေးချမ်းပျော်ရွှင်စွာ နေထိုင်လျှက် ရှိကြပါတယ်။
VIDEO
Discussion about this post