မဲနက်စ် (Menes) ဟာ အီဂျစ်ပထမမင်းဆက် (First Egyptian Dynasty)က ပေါ်ထွန်းခဲ့တဲ့ အီဂျစ်ဘုရင်တစ်ပါးဖြစ်တဲ့ သူ့အစွမ်းနဲ့ အီဂျစ် ကို မင်းတစ်ပါတည်း အုပ်စိုးခံရတဲ့နိုင်ငံဖြစ်အောင် စုစည်းနိုင်ခဲ့တယ်။ ဒီတော့ အီဂျစ်မင်းနိုင်ငံ(Egyptian Kingdom)ရယ်လို့ ပထမအကြိမ်ပေါ်လာပြီး လူသားတွေရဲ့ယဉ်ကျေးမှု့ကို ကြာရှည်လေးမြင့်ဝင့်ကြွားစရာဖြစ်ပေါ်စေခဲ့ပါတယ်။ မဲနက်စ်(Manes)ရဲ့ ဖွားရက် ကွယ်လွန်ရက်တွေကို အတိအကျမပြောတတ်တော့ပါ။ ဒါပေမယ့် ခရစ်မပေါ်မီ အရင်အနှစ်၃၁၀၀လောက်က ပေါ်ထွန်းခဲ့တယ်လို့ထင်ပါတယ်။
အဲဒီအခါမတိုင်မီက အီဂျစ်(Egypt)ဟာ နိုင်ငံတစ်ပေါင်းတည်းမဖြစ်သေးပါ။ နှစ်နိုင်ငံမှာ မင်းတစ်ပါးစီအုပ်စိုးနေပါတယ်။ တစ်နိုင်ငံက နိုင်းမြစ်ဝကျွန်းပေါ်အရပ် (Nile Delta)ဖြစ်ပြီး မြောက်ဘက်မှာရှိတယ်။ နောက်တစ်နိုင်ငံက နိုင်းမြစ်ဝှမ်း(Nile Valley)ဖြစ်ပြီး တောင်အရပ်ဖြစ်ပါတယ်။ ရှေးအခါက အီဂျစ် (Egypt)မြေပုံကို ရေးဆွဲကြရင် မြစ်ဝနဲ့ပင်လယ်ပြင်ကို မြေပုံရဲ့အောက်ဘက်မှာထားပြီး ဆွဲကြပါတယ်။
အဲဒါကြောင့် အီဂျစ်လူမျိုး(Egyptians)တွေက မြောက်ပိုင်းကို (Lower Egypt) အီဂျစ်အောက်ပြည်လို့ ခေါ်ပြီးတောင်ဘက်နိုင်ငံကို (Upper Egypt)အီဂျစ်အထက်နိုင်ငံလို့ ခေါ်စမြဲဖြစ်ပါတယ်။ အလွယ်ပြောလေ့ရှိတာက အောက်ပြည်က အညာထက် အစစသာတယ်။ ဒါပေမယ့် တောင်ဘက်အညာဘုရင် မဲန်နက်စ်(Menes)က အောက်မြေကိုသိမ်းယူပြီး အီဂျစ်(Egypt)ကို တစ်နိုင်ငံတည်းဖြစ်အောင် ပေါင်းစပ်ပေးခဲ့ပါတယ်။
နာမာ Narmer လို့ခေါ်တဲ့ မဲနက်စ် ဟာ က တောင်အီဂျစ်က သီနစ်(Thinis)မြို့ဇာတိဖြစ်တယ်။ မြောက်ပိုင်းကို တိုက်ခိုက်သိမ်းယူပြီးတဲ့အခါ မဲန်နက်စ်က အထက်အောက် အီဂျစ်ဘုရင်လို့သူ့ကိုယ်သူဘွဲ့ပေးပြီး နောက်နှစ်ပေါင်းရာထောင်နဲ့ချီပြီး သူ့လိုဆက်ဆံတဲ့မင်းတွေကလည်းဒီဘွဲ့ကို ဆက်ပြီးသုံးစွဲကြပါတယ်။ ပြည်နယ်နှစ်နယ်ကြားလောက်မှာ မဲန်နက်စ်(Menes)က မြို့တော်သစ်တစ်မြို့ကို တည်ဆောက်ပြီး မဲမ်ဖစ်စ်(Memphis)လို့အမည်ပေးတယ်။
မြို့တော်ရဲ့တည်နေရာဟာ ပြည်နှစ်ပြည်ကိုစိုးမိုးဖို့ အကောင်းဆုံးနေရာဖြစ်လာတယ်။ အဲဒီမဲမ်ဖစ်စ်မြို့ဟောင်းရာဟာ ကနေ့ ကိုင်ရို(Cairo)နဲ့မဝေးလှပါ။ ဒီနေရာဟာ အီဂျစ်(Egypt)ရဲ့ရှေ့ဆောင်မြို့တော်ကြီးအဖြစ်နဲ့ကာလကြာမြင့်စွာတည်ရှိခဲ့ပါတယ်။ မဲန်နက်စ်(Menes)အကြောင်း ဒါ့ထက်ဆက်ပြီး ပြောစရာနည်းနည်းပဲရှိပါတော့တယ်။ ဒီဘုရင်ဟာ သိပ်နန်းသက်ရှည်တယ်။ ရှေးမှတ်တမ်းတစ်ခုအရ ခြောက်ဆယ်နှစ်နှစ်မင်းအဖြစ်နဲ့အုပ်ချုပ်ခဲ့တယ် လို့ဆိုပါတယ်။
မဲနက်စ် ရဲ့ဆောင်ရွက်ချက်ကမသေးပါ။ သူပေါ်မလာခင်က အီဂျစ်နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ ဟာ ဆူမားလူမျိုးတွေထက်အများကြီးအောက်ကျတယ်။ ဆူမား က အခု အီရန်(Iran)ဖြစ်ပါတယ်။ နိုင်ငံရေးအရ အခုလို အီဂျစ်ဟာတစ်ပေါင်းတည်းဖြစ်လို့ အရင်ကပေါ်ထွက်ခွင့်မရတဲ့ တန်ခိုးသတ္တိတွေလည်း ပေါ်ထွက်လာပါတယ်။ တကယ်ကတော့ အခုလိုပေါင်းပြီးမကြာခင်မှာပဲ လူမူပေါင်းသင်းရေးနဲ့ တခြားဓလေ့တွေပါအလျင်မြန်တိုးတက်လာလို့ အများကြီးတိုးတက်အောင်မြင်ကြီးပွားတယ်လို့ပြောနိုင်ပါတယ်။ အုပ်ချုပ်ရေးဆိုင်ရာဖွဲ့စည်းပုံနဲ့ လူမူထူထောင်ပုံတွေဟာ အဲဒီမင်းဆက်ကစလို့ နောက်မင်းဆက်တွေအုပ်ချုပ်တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်မှာ အနည်းငယ်ပဲ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ရပါတယ်။ တာရှည်ခံတဲ့ အောင်မြင်မှုဖြစ်ပါတယ်။
အရုပ်စာ (Hieroglyphic writing) ရေးနည်းလည်း စနစ်တကျကောင်းမွန်ပြန့်ပွားလာတာနဲ့အမျှ အဆောက်အဦးတွေ ဆောက်လုပ်တဲ့ ဗိသုကာပညာနဲ့ လက်မှုပညာတွေမှာလည်း တိုးတက်လာပါတယ်။ ရာစုနှစ်နည်းနည်းကြာတဲ့အခါ အီဂျစ်ဓလေ့ ဟာ ဆူမားရီးယားတွေ နဲ့ တန်းတူလိုက်နိုင်ခဲ့တဲ့အပြင် တချို့နေရာတွေမှာ ကျော်သွားခဲ့ပါတယ် ။ အီဂျစ်ဘုရင် မဲန်နက်စ်ရဲ့စွမ်းဆောင်မှုတွေဟာ နောက်နှစ်ပေါင်းနှစ်ထောင်ကျော်အထိ အီဂျစ်ဟာစီးပွားရေးနဲ့ ယဉ်ကျေးတဲ့ဓလေ့မှာ အတုယူစံထားစရာ ဖြစ်ခဲ့ပါတယ်။ အီဂျစ်နိုင်ငံရဲ့ တိုးတက်စည်ပင်မှုဟာ အဲဒီအချိန်မှာ ကမ္ဘာ့ထိပ်ဆုံးအဆင့်ကို ရောက်ရှိလာတဲ့အထိအောင်မြင်ခဲ့ရပါတယ်။ ဒီလိုအောင်မြင်တိုးတက်ပုံမျိုး တခြားမှာတွေ့ရခဲပါတယ်။ ရေရှည်ခံပုံမျိုးကပြိုင်ဘက်ရှားတယ်လို့ပြောရမှာဖြစ်ပါတယ်။
မဲန်နက်စ် ရဲ့ဆောင်ရွက်ချက်အကုန်လုံးကို အသေးစိတ်မဖော်ထုတ်နိုင်ခဲ့ကြပေမယ့် သူ့ရဲ့ စွမ်းဆောင်ချက်ဟာ အီဂျစ်နိုင်ငံရဲ့ တိုးတက်မှု့မှာ အလွန်အရေးပါခဲ့တယ်ဆိုတာကိုတော့ ပညာရှင်အားလုံးလက်ခံခဲ့ရပါတယ်။ သူ့ဆောင်ရွက်ချက်က သိပ်အဖိုးတန်တယ်ဆိုတာကတော့ သေချာတယ်။ ယေဘုယျအားဖြင့် အီဂျစ်(Egypt)ရဲ့ ဖာရိုး(Pharaohs)အမည်ခံတဲ့မင်းတွေဟာ နာမည်မျှသာ အကြီးအကဲမဟုတ် တကယ်တမ်း ဘုန်းတန်ခိုးကြီးတဲ့မင်းတွေဖြစ်ပါတယ်။ အဲဒါအပြင် သမိုင်းမှာပြန်ပြီးစစ်ကြည့်ရင် မင်းညံ့တဲ့အခါ အောင်နိုင်မှု့မရှိ။ ပိုင်နက်နယ်ပယ်ချဲ့လို့မရ ရပြီးသားနယ်ကိုတောင် ပိုင်ပိုင်နိုင်နိုင်မဆုပ်မိနိုင်လို့ အကျိုးခံစားခွင့်တွေလျော့နည်းလိုက်တယ်။ ဒါကြောင့် အခုလို အီဂျစ်(Egypt)တိုးပွားရတာလို့ ပြောနိုင်ပါတယ်။ ဒါကြောင့်လည်း အီဂျစ်သမိုင်းထဲက အရေးပါဆုံးမင်းတွေထဲမှာ မဲန်နက်ဟာ တစ်ပါးအပါအဝင် ဖြစ်နေခဲ့ရခြင်း ဖြစ်ပါတယ်။
ကိုးကား
ဒေါက်တာသန်းထွန်း ( ကျော်စွာ၁၀၀ )