ရေးသားသူ – MymClub(Myanmar Youth Media Club)
ဂန္ဒီ ရဲ့အမည်အရင်းကတော့ မိုဟန်ဒတ် ကရမ်ချန် ဂန္ဒီ (Mohandas Karamchand Gandh ဖြစ်ပေမယ့် အများစုကတော့ မဟတ္တမဂန္ဒီ လို့ပဲ အသိများပါတယ်။ မဟတ္တမ ဆိုတဲ့ အဓိပ္ပါယ်ကတော့ နိုင်ငံ့ရဲ့ခေါင်းဆောင် ဖခင်ကြီးလို့ အမည်ရပါတယ်။ ဂန္ဒီ ကို ချစ်ခင်ကြသူများကတော့ Bapu လို့ ခေါ်ကြပါတယ်။ Bapu ဆိုတာကတော့ ဟင်ဒီ လို အဖေကြီးလို့ အဓိပ္ပါယ်ရပါတယ်။ ဂန္ဒီ ကို ၁၈၆၉ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့မှာ မွေးဖွားခဲ့ပြီး မွေးချင်းထဲမှာ အငယ်ဆုံးသားဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူမှာ ဇနီး ၄ ယောက် ရှိပြီးတော့ ဂန္ဒီ ဟာ အငယ်ဆုံးဇနီးရဲ့ သားအငယ်ဆုံးဖြစ်ပါတယ်။ ငယ်ရွယ်စဉ်အခါတုန်းက ဂန္ဒီ ဟာ အလွန်အရှက်အကြောက်စိတ်ကြီးသူ၊ အပြောချိုသာသူ၊ လိမ္မာပါးနပ်သူ လူငယ်တစ်ဦးဖြစ်ခဲ့ပါတယ်။
သူငယ်စဉ်အခါ ၁၃ နှစ် လောကကြီးကိုနားမလည်စဉ် အချိန်အခါတုန်းက အခြားလူငယ်လူရွယ် ဆယ်ကျော် သက်များနည်းတူ ဆေးလိပ်၊ အရက်၊ လောင်းကစားအချို့ကို စမ်းသပ်သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့်လည်း စိတ်ဓာတ်အခြေခံကောင်းသူ တစ်ယောက်ဖြစ်တဲ့ ဂန္ဒီ ဟာ ထိုအရာများကို စွဲသွားခြင်းမရှိခဲ့ပဲ ဘဝတိုး တက်မှုအတွက် ဆူးညောင့်ခလုတ်များကဲ့သို့သာ သဘောထားခဲ့ပါတယ်။ အဲဒီနောက် ဂန္ဒီ အသက် ၁၅ နှစ် အရွယ်လောက်မှာ အိန္ဒိယ လူမျိုးတွေရဲ့ ထုံးတမ်းအစဉ်အလာတစ်ခုဖြစ်သော Kasturba လို့ခေါ်တဲ့ နှစ်ဖက် မိဘများရဲ့ သဘောကျ အလိုအရအတိုင်း လက်ခံလိုက်နာရတဲ့ ထိမ်းမြားလက်ထပ်ပေးခြင်းကို ခံခဲ့ရပါတယ်။ ဂန္ဒီ ရဲ့ ရှေးဘဝပေးကုသိုလ်ကံကောင်းမှုကြောင့် သူရဲ့ကြင်ဖက်ဇနီးမယားဟာ သူ့ဘဝအတွက် အဖော်မွန် ကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမနဲ့ ဂန္ဒီ ဟာ သားသမီးရတနာ ၄ ဦး ထွန်းကားခဲ့ပါတယ်။
လန်ဒန် ပညာသင်ခရီးစဉ်
ဂန္ဒီ အသက် ၁၈ နှစ် အရွယ်ရောက်တဲ့အချိန် ၁၈၈၈ ခုနှစ် စက်တင်ဘာလလောက်မှာတော့ တရားရုံး ချုပ်ဥပဒေ ရှေ့နေကြီးတစ်ဦးဖြစ်ဖို့အတွက် London သို့ သွားရောက် ပညာသင်ကြားခဲ့ပါတယ်။ လန်ဒန် မြို့ကို စစရောက်ချင်း ၃ လလောက်တုန်းကတော့ ဗြိတိသျှလူမျိုးတွေလိုပဲ ဝတ်စားဆင်ယင်ခဲ့သလို ထိုလူတွေလို အကသင်တန်းများ၊ တယောထိုးသင်တန်းများတက်ရောက်ပြီး သင်ကြားလေ့လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အပျော်အပါးအဆောင်အယောင်များကို ငြီးငွေ့သွားသူ ဂန္ဒီ ဟာ သူ့ရဲ့ကျန်ရှိနေတဲ့ စာသင်နှစ် ၂ နှစ်ကျော်ကာလကို လူမသိသူမသိပုံစံမျိုး အနေအထိုင်ငြိမ်ဝပ်ပိပြားစွာနဲ့ပဲ ဥပဒေပညာရပ်ကို တလေးတစားနဲ့ အပတ်တကုတ်ကြိုးစား လေ့လာသင်ယူပြီးတော့ ကျော်ဖြတ်ခဲ့ပါတယ်။ လန်ဒန် မှာ နေထိုင်နေစဉ်အတွင်းမှာပဲ သားကြီးငါးကြီးများစားသုံးခြင်းကို ရှောင်ကြဉ်ပြီးတော့ သတ်သတ်လွတ်စားတတ်သော အကျင့်ကိုရရှိခဲ့ပါတယ်။ သူငယ်ချင်းတွေက အသားစားဖို့တိုက်တွန်းပြီး အစားအသောက်ကောင်းတွေ ရနိုင်တဲ့ဆိုင်တွေကို ခေါ်သွားခဲ့ပေမဲ့လည်း ဟင်းသီးဟင်းရွက် ရနိုင်တဲ့ဆိုင်တွေမှာပဲ ကျင်လည်ခဲ့ပါတယ်။
ဒီလိုနဲ့ပဲ ဂန္ဒီ ဟာ တဖြည်းဖြည်းနဲ့ ဘာသာရေးလိုက်စားသူ တစ်ဦးဖြစ်လာခဲ့ပြီး သူ့အားလပ်ချိန်တွေမှာ ဘာသာရေးစာအုပ်တွေနဲ့ပဲ အချိန်ကုန်ခဲ့ပါတယ်။ ဂန္ဒီ ရဲ့ စိတ်ဓာတ်ကြံခိုင်စွာနဲ့ ကြိုးစားခဲ့မှုတွေကြောင့် ၁၈၉၁ ခုနှစ် ဇွန်လမှာ ဥပဒေစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပြီး မွေးရပ်မြေကိုပြန်သွားခဲ့ပါတယ်။ မွေးရပ်မြေ ပြန်ရောက်ချိန်မှာတော့ သူတတ်တဲ့ဥပဒပညာနဲ့ အလုပ်ရဖို့ ကြိုးစားခဲ့ပေမယ့်လည်း အိန္ဒိယ နိုင်ငံနဲ့ပက်သက် ပြီး အတွေ့အကြုံ ဗဟုသုတနည်းနေသေးလို့ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုနဲ့ဥပဒေပညာရပ် နဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် ဗြိတိသျှ လူမျိုးတွေရဲ့ အုပ်စိုးမှုအောက်မှာပဲရှိနေသေးတဲ့ အာဖရိက နိုင်ငံကို ပို့ဆောင်ပြီးတော့ ဥပဒေပညာရပ်ကို ဆက်လက်လေ့လာသင်ယူစေခဲ့ပါတယ်။ ဒီလိုအခွင့်အရေးမျိုးကို ဂန္ဒီ ဟာ အလွန်တန်ဖိုး ထားပြီးတော့ အာဖရိကမှာ ဥပဒေပညာရပ်ကို အပတ်တကုတ်ဆက်လက် ကြိုးစားလေ့လာခဲ့ပါတယ်။
အာဖရိက တွင် နေထိုင်စဉ်
ဂန္ဒီ တစ်ယောက် အာဖရိက ကို ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့ အသက်ဟာ ၂၃ နှစ်လောက်ရှိနေပြီ ဖြစ်ပါတယ်။ အာဖရိကမှာ ရောက်ရှိနေတဲ့ ဂန္ဒီ ရဲ့ ပညာရေးခရီးစဉ်ကတော့ ဂန္ဒီ ကို အလွန် အေးပြီး အရှက်အကြောက်ကြီးသူအဖြစ်ကနေ ပြောရဲဆိုရဲရှိပြီး ဦးဆောင်နိုင်စွမ်းရှိသူ တစ်ယောက်အဖြစ် အသွင်ပြောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဂန္ဒီ ဒီလိုမျိုးပြောင်းလဲသွားခဲ့ရတဲ့ အကြောင်းအရင်းကတော့ အာဖရိက မှာ သူကိုယ်တိုင်တွေ့ကြုံခံစားလိုက်ရတဲ့ လူတန်းစားခွဲခြားမှုနဲ့ အိန္ဒိယလူမျိုးများကို နှိမ့်ချဆက်ဆံ တာကြောင့်ပဲဖြစ်ပါတယ်။
အာဖရိက ကိုရောက်နေစဉ်မှာ ဂန္ဒီ ဟာ အများသုံးရထားနဲ့ ဘတ်စ်ကား များကို အသုံးပြုပြီး တစ်နေရာမှတစ်နေရာသို့ သွားရောက်ခဲ့ရပါတယ်။ ပထမဦးဆုံးအကြိမ် ဂန္ဒီ ဟာ ရထားလမ်းပို့ဆောင်ရေးနဲ့ သွားခဲ့တဲ့အခါမှာ သူဝယ်ထားတဲ့လက်မှတ်က ပထမတန်းစားနေရာကနေ လိုက်ပါနိုင်ခွင့်ရှိသူလက်မှတ် ဖြစ်ပေမယ့် လည်း ဗြိတိသျှ ရဲအရာရှိများက သူ့ကိုတတိယတန်းစားနေရာမှာသာ လိုက်ပါစီးနင်းဖို့ကို အတင်းအကြပ်ပြောဆိုခဲ့ပါတယ်။ မဟုတ်မခံစိတ် ရှိသူနဲ့ မိမိကိုယ်ကိုယုံကြည်သူ ဂန္ဒီ ဟာ သူ့ကိုနေရာပြောင်းစီးခိုင်းတဲ့ ရဲအရာရှိအင်္ဂလိပ်ကို သူဟာရှေ့နေတစ်ယောက်ဖြစ်ကြောင်း ကြိုးစားရှင်းပြခဲ့ပေမယ့်လည်း ရဲအရာရှိကသူ့ကို လူဖြူလူမဲခွဲခြားပြီးတော့ ပထမတန်းစားထိုင်ခုံမှာ လိုက်ပါစီးနင်းခွင့်မရှိဘူးလို့ဆိုပြီး ရက်စက် စွာရထားပေါ်မှ တွန်းချခြင်းခံခဲ့ရပါတယ်။
အဲ့ဒီလိုမျိုး မတရားသဖြင့်ခံခဲ့ရတာကို ဂန္ဒီ ဟာ ရင်ထဲမှာ အင်မတန်မှနာကြည်း ခံစားခဲ့ရပါတယ်။ ဒီလိုနဲ့ ဂန္ဒီ ဟာ အာဖရိက မှာရောက်နေတဲ့ အိန္ဒိယ အထက်လူကြီးအချို့နဲ့ စကားစမြည်ပြောဆို ကြည့်တဲ့အခါမှာတော့ အာဖရိက ရောက် အိန္ဒိယ တွေ ခံစားနေရတဲ့ ပိုပြီးဆိုးရွားတဲ့အခြေအနေတွေကိုပါ သိရှိခဲ့ရပါတယ်။ အဲ့ဒီမှာရောက်နေကြတဲ့ အိန္ဒိယ လူမျိုးတွေဟာ လူဖြူလူမဲ ခွဲခြားခြင်းခံနေရပြီးတော့ လူဖြူတွေရှိနေတဲ့ ပလက်ဖောင်းတွေပေါ်မှာတောင် လမ်းလျှောက်ခွင့်မရခဲ့တာကို သိရှိခဲ့ရပါတယ်။ အဲဒီလိုမျိုး မတရားမှုတွေဟာ လွတ်လပ်ရေးကို တိုက်ယူနိုင်ဖို့အတွက် ဂန္ဒီ ကို အားအင်တွေပိုပို တိုးစေခဲ့ပါတယ်။
ဒီလိုနဲ့ ဂန္ဒီ ဟာ အာဖရိကရောက် အိန္ဒိယ တွေကို လွတ်လပ်ရေးတိုက်ယူဖို့ အတွက် စည်းရုံးပွဲတွေ၊ ဟောပြောပွဲတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ ပထမဆုံးခြေလှမ်းအနေနဲ့ အာဖရိကရောက် အိန္ဒိယ လူမျိုးတွေကို စုစည်းပြီး တော့ ဟောပြောပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဟောပြောပွဲမှာ အိန္ဒိယ လူမျိုးတွေဟာ သူတို့နဲ့သူတို့ရဲ့ ဇနီးသားသမီးတွေ မတော်မတရား ပြုကျင့်ခံနေရမှုတွေကို တင်ပြခဲ့ပြီးတော့ British လူမျိုးတွေကို ပြန်လည်တိုက်ခိုက်မည်ဆိုသော အဆိုများကိုတင်သွင်းခဲ့ပါတယ်။
ဒါပေမယ့်လည်း ဂန္ဒီ က သူတို့ငါ့ကိုနှိပ်စက် ၊ ငါ့အရိုးကိုချိုး ၊ နောက်ဆုံးငါ့ကိုသတ်ပစ်လိုက်ရင်တောင် ငါ့ရဲ့အလောင်းပဲရလိမ့်မယ် ၊ သူတို့အမိန့်ကိုနာခံလိမ့်မည်မဟုတ် ”They may torture my body , break my bones , even kill me , then they will have my dead bodies not my obediences.” လို့ ပြောဆိုပြီးတော့ အိန္ဒိယ လူမျိုးများကို သိမ်းသွင်းခဲ့ပါတယ်။ ဆိုလိုတာကတော့ ဗြိတိသျှ လူမျိုးများ ဘယ်လောက် ညင်းပန်းနှိပ်စက်ပါစေ အိန္ဒိယ လူမျိုးများဘက်မှ တုန့်ပြန်မှုမပြုဘူးဆိုရင် British တွေ ဒီ့ထက် ပိုပြီး ဘာမှလုပ်နိုင်မှာ မဟုတ်ကြောင်းကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။
ဒါ့အပြင် ဂန္ဒီ က မတရားသဖြင့် ညင်းပန်းနှိပ်စက်သူတွေကို သူတို့လုပ်ရပ်တွေကို သူတို့ကိုယ်တိုင်သိပြီး အရှက်ရပါစေ၊ လက်နက်အင်အား၊ လူအင်အားသုံးပြီး မတုံ့ပြန်ပါနဲ့လို့ ပြောဆိုစည်းရုံး သိမ်းသွင်းခဲ့ပါ တယ်။ အဲဒီလိုမျိုး အားပေးသိမ်းသွင်းမှုများကို အိန္ဒိယ လူမျိုးတွေလည်း တဖြည်းဖြည်းနဲ့ လက်ခံလာပြီးတော့ ဂန္ဒီ နဲ့အတူ လွတ်လပ်ရေးကို အကြမ်းမဖက်တဲ့နည်းနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။ ဗြိတိသျှ လူမျိုးများလည်း ဘယ်လိုမှ မတတ်နိုင်တော့တဲ့နောက် ဂန္ဒီ နဲ့ အဖွဲ့သားများကို အချုပ်ကြစေခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံအတွင်းမှာ ပိုမိုပြင်းထန်တဲ့လှုပ်ရှားမှုတွေ ဖြစ်လာခဲ့တာမို့ ဂန္ဒီ ကို အချုပ်ကြနေရာမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးတော့ အိန္ဒိယနိုင်ငံ ဘုံဘေ မြို့ကို ပြန်လည်ထွက်ခွာစေခဲ့ပါတယ်။
လွတ်လပ်ရေး လှုပ်ရှားပုံများ
ဂန္ဒီ ဟာ အိန္ဒိယ ကို ပြန်ရောက်လာတဲ့အချိန်မှာတော့ ၁၉၁၅ ခုနှစ်ဦးပိုင်းကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ အိန္ဒိယ လူမျိုးများဟာ သူတို့ရဲ့ဖခင်ကြီး ဂန္ဒီ ကို တခမ်းတနားနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း လမ်းတစ်လျှောက်လုံးမှာ ဂန္ဒီ တွေ့ရှိခဲ့တာကတော့ ဆင်းရဲနွမ်းပါးခြင်းဒဏ်ကို ခံစားနေရတဲ့ သူ့လူမျိုးများပဲဖြစ်ပါတယ်။ ထိုကဲ့သို့သောမြင်ကွင်းများကြောင့် ဂန္ဒီ တစ်ယောက် အတော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ အိန္ဒိယ လူမျိုးများ လွတ်လပ်ရေးရဖို့အတွက် ပိုမိုကြိုးစား ဆောင်ရွက်သွားရတော့မယ်လို့ စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ဂန္ဒီ နေထိုင်ရာအရပ်ကို ဗြိတိသျှလူမျိုးများရဲ့ ငြင်းပန်းနှိပ်စက်ခြင်းကိုခံနေရတဲ့ အိန္ဒိယ လူမျိုးတစ်ယောက် ရောက်ရှိလာ ခဲ့ပြီးတော့ သူတို့ရဲ့ဆင်းရဲမှုများကို တင်ပြခဲ့ပါတယ်။
အဲ့ဒီလူရဲ့ပြောပြပုံအရ တောရွာဘက်မှာ ဗြိတိသျှ လူမျိုးများဟာ လယ်ကွင်းများကို သူတို့အလိုကျ ကုန်ကြမ်းအတိုင်း အင်ဒီဂိုများကိုသာ စိုက်ခိုင်းခဲ့ပြီး ထိုအင်ဒီဂိုများမှာ ရောင်းမထွက်ဘဲ ကျန်ရှိနေခဲ့ပါတယ်။ ထိုကဲ့သို့သောအခြေအနေမှာ ဗြိတိသျှလူမျိုး များက စာနာသနားစိတ်ကင်းမဲ့စွာ လယ်ယာအငှားခများကောက်ခံပြီးတော့ ဆင်းရဲသူစိုက်ပျိုးရေးသမား များကို ဒုက္ခဖြစ်စေခဲ့ပါတယ်။ ထိုသို့ဒုက္ခများအပြင် စားစရာတောင်မရှိတော့ပဲ အငတ်ဘေးဆိုက်နေ ရကြောင်းလည်း ပြောပြခဲ့ပြီး ဂန္ဒီ ကို ထိုနေရာသို့လိုက်လံကြည့်ရှုပေးပါရန် တောင်းဆိုခဲ့ပါတယ်။ ဂန္ဒီ ထိုနေရာကို ရောက်တဲ့အခါမှာ အိန္ဒိယ လူမျိုးများကို စတင်ပြီးတော့ ဆန္ဒပြခိုင်းပါတော့တယ်။
ဂန္ဒီ ရောက်လာတဲ့ အချိန်ကနေစပြီးတော့ အလုပ်သမား လူတန်းစားများဟာ အလုပ်မလုပ်ကြတော့ပဲ စတင်ပြီးဆန္ဒပြခဲ့ကြတာကြောင့် ဗြိတိသျှလူမျိုးများ အတော်အကြပ်တွေ့ခဲ့ကြပါတယ်။အဲဒီလိုမျိုးဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာတဲ့အတွက် နောက်ဆုံးမှာတော့ ဗြိတိသျှ လူမျိုးများဟာ အလျော့ပေးခဲ့ရပြီး အိန္ဒိယ လူမျိုးများစိတ်တိုင်းကြ လယ်ယာစိုက်ပျိုးခွင့်ပေးခဲ့ပြီး လယ်ပိုင်ရှင်များကိုလည်း အိန္ဒိယ လူမျိုးများထံမှ လယ်ယာငှားခွင့် အခွန်ငွေတောက်ခံမှုကို ရပ်ဆိုင်းရမယ်ဆိုပြီး အမိန့်ထုတ်ပြန်ခဲ့တဲ့အတွက် အိန္ဒိယ လူမျိုးများ အနိုင်ရခဲ့ပါတယ်။
အဲဒီလိုဖြစ်ပြီး နောက်ပိုင်းမှာတော့ ဗြိတိသျှ လူမျိုးများဟာ အကြောင်းမဲ့သက်သက် ဂန္ဒီ ကို ထပ်မံပြီး အချုပ်ကြစေခဲ့ပြန်ပါတယ်။ အဲဒီအချိန်မှာပဲ ဂန္ဒီ ရဲ့ လက်ထောက်ခေါင်းဆောင်များက လူစုပြီးတော့ ဂန္ဒီ ကို လွတ်ငြိမ်းချမ်းသာပေးဖို့အတွက် တစ်စုံတစ်ခုပြုလုပ်ဖို့ တိုင်ပင်ခဲ့ကြပါတယ်။ ဗြိတိသျှ လူမျိုး ဗိုလ်ချုပ်တစ်ယောက်ဖြစ်တဲ့ မေယာ (General Meyer) ဟာ အဲဒီစုဝေးနေတဲ့နေရာကို သွားရောက်ပြီးတော့ လူကြီး၊ လူငယ်၊ မိန်းမ၊ ယောကျာ်း၊ ကလေးမရွေးအကုန်လုံးကို သေနတ်ကျည်ဆန်ပေါင်းမြောက်များစွာနဲ့ ပစ်သတ်ခဲ့တဲ့အတွက် အိန္ဒိယ လူမျိုးပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာတော့ ဗြိတိသျှလူမျိုးများ အတော်တုန်လှုပ်ခြောက်ခြားသွားပြီးတော့ ဂန္ဒီ ကို ပြန်လည်လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရ ပြန်ပါတော့တယ်။
အဲ့ဒီနောက်တစ်ဖန်မှာတော့ ဂန္ဒီ ဟာ သူ့လူမျိုးများကို မိမိတို့လူမျိုးများရက်လုပ် သော အဝတ်အထည်များကိုသာ ဝတ်ဆင်ကြဖို့နဲ့ ဗြိတိသျှတွေဆီကနေ အဝတ်အထည်များဝယ်ယူ ဝတ်ဆင်ခြင်းကို ရပ်တန့်ကြဖို့ နှိုးဆော်ခဲ့ပြန်ပါတယ်။ ထိုသို့တိုက်တွန်းစဉ်မှာ သူပြောကြားခဲ့တာကတော့ အဘယ်သို့မျှကောင်းမွန်သော နိုင်ငံခြားဖြစ်အဝတ်အထည်များကို မိမိတို့ကိုယ်မှာ ဝတ်ဆင်ထားပါစေ၊ ထို အဝတ်အထည်များမှာ မိမိနှင့်မိမိလူမျိုးများကို စိတ်မချမ်းသာမှုများကို ဖြစ်စေပါက ထိုအဝတ်အထည်များ ဝတ်ဆင်ထားခြင်းသည် အလကား မျှသာဖြစ်ပေလိမ့်မယ်လို့ ဆိုခဲ့ပြန်ပါတယ်။မိမိနိုင်ငံမှာရက်လုပ်သော မိမိတို့အဝတ်အထည်များကို ဂုဏ်ယူဝင့်ကြွားစွာ ဝတ်ဆင်ကြရန်လည်း တိုက်တွန်းခဲ့ပြန်ပါသေးတယ်။ ဂန္ဒီ ကို ဖခင်ကြီးသဖွယ် သဘောထားသူများဖြစ်ကြတဲ့ အိန္ဒိယ လူမျိုးများဟာ ဂန္ဒီ ရဲ့ တိုက်တွန်းမှု အတိုင်း သူတို့ပိုင်ဆိုင်မှုများထဲက နိုင်ငံခြားဖြစ်အဝတ်အထည်များကို မီးရှို့ကာဆန္ဒပြကြပါတော့တယ်။
ဒါပေမယ့်လည်း ဂန္ဒီ ရဲ့ လှုံဆော်မှုတွေကြောင့် နိုးကြားထကြွလာသူများဟာ ဂန္ဒီ ရဲ့ လမ်းစဉ်ဖြစ်တဲ့ ငြိမ်းချမ်းစွာတိုက်ခိုက်ခြင်းဆိုတဲ့ဝါဒီကို မေ့ပျောက်ပြီးတော့ အကြမ်းဖက်နည်း လမ်းများကိုပါ စတင်အသုံးပြုပြီး လွတ်လပ်ရေးကို တိုက်ခိုက်ခဲ့ကြပါတော့တယ်။ ငြိမ်းချမ်းရေးကို လိုလားသူ ဂန္ဒီ ဟာ သူ့လူမျိုးများရဲ့ ဗြိတိသျှပိုင် ရဲစခန်းတစ်ခုကို မီးရှို့ပြီးအကြမ်းဖက် ခဲ့ကြောင်း သိရတဲ့နောက်မှာ လွန်စွာစိတ်မကောင်းဖြစ်ခဲ့ရပြီး သူ့လူမျိုးများအား ဆန္ဒပြမှုများကို ရပ်ဆိုင်းကြဖို့ ပြောဆိုဆုံးမခဲ့ပေမယ့်လည်း လိုက်နာခြင်းမရှိကြတဲ့အတွက် ဂန္ဒီ ဟာ စတင်ကာ ဥပုသ်သီတင်းသီလ ဆောက်တည်ပြီးတော့ သူ့လူမျိုးများကို ပြန်လည်ထိန်းသိမ်းခဲ့ရပါတယ်။
ဂန္ဒီ ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကတော့ အိန္ဒိယ လူမျိုးများ အခုလိုအကြမ်းဖက်မှုကို အသုံးပြုရတာက “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး” ဆိုတဲ့ ဆိုရိုးစကားအရ အိန္ဒိယ လူမျိုးများဟာ နှိပ်စက် ခြင်းခံရခြင်းကြောင့်သာ ထိုသို့အကြမ်းဖက်ကာ လွတ်လပ်ရေးကို တိုက်ယူနေကြခြင်းဖြစ်ကြောင်း ပြောပေမယ့်လည်း ဂန္ဒီ က မျက်လုံးအတွက်မျက်လုံးလို့ ဆိုရင် နောက်ဆုံးမှာ တကမ္ဘာလုံးမျက်ကန်းတွေဖြစ်ကုန်မှာပေါ့ လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။
ဤအတွင်း ၁၉၄၇ ခုနှစ် စက်တင်ဘာလတွင် ကာလကတ္တားမြို့၌ ဟိန္ဒူ မူဆလင် အဓိကရုဏ်းဖြစ်ပြန်လေရာ ဂန္ဒီသည် အစာငတ်ခံပြန်ပါတယ်။ အဓိကရုဏ်း နောက်ထပ်မဖြစ်ပွားစေရပါဟု ခေါင်းဆောင်တို့က အာမခံသောကြောင့် အစာကို ပြန်၍စားပါတယ်။ သို့ပေမယ့် ၁၉၄၈ ခုနှစ် ဇန္နဝါရီလတွင် ဟိန္ဒူ မူဆလင် အဓိကရုဏ်း ပြန်၍ ဖြစ်ပြန်ပါတယ်။ ထို့ကြောင့် ဇန္နဝါရီ ၁၃ ရက်နေ့တွင် အစာငတ်ခံပြန်ပါတယ်။ ယင်းသို့ အစာငတ်ခံ၍ နာရီပေါင်း ၁၇၁ နာရီနှင့် ၄၅ မိနစ်စေ့သောအခါ ဟိန္ဒူ၊ ဆစ်ခ်နှင့် မူဆလင်ခေါင်းဆောင်တို့သည် သင့်မြတ်ညီညွတ်ရေး ကတိကို ဂန္ဒီအား ပေးကြသဖြင့် ဂန္ဒီသည် အစာကို ပြန်၍ စားပါတယ်။ ဇန်ဝါရီလ ၂၁ ရက်နေ့တွင် ဟိန္ဒူ လူငယ်တစ်ဦးသည် ဟိန္ဒူ မူဆလင် ငြိမ်းချမ်းရေးကို မလိုလားသော ဆန္ဒကို ပြသည့်အနေနှင့် ဂန္ဒီ၏ နေအိမ်အနီး၌ ဗုံးဖောက်ခွဲခဲ့ပါတယ်။ ဂန္ဒီက ထိုသူငယ်အား အပြစ်မှ ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံပေးခဲ့ပါတယ်။
ထိုကဲ့သို့ အကြမ်းဖက်လှုပ်ရှားမှုများ၊ ဆန္ဒပြမှုများကို ရပ်တန့်ပြီးကာစအချိန်မှာ အကြံကြီးလှတဲ့ ဗြိတိသျှလူမျိုးများဟာ ဂန္ဒီ ကို နောက်ထပ်တစ်ကြိမ် အချုပ်ချထိန်းသိမ်းခဲ့ပြန်ပါတယ်။ ဒီတစ်ခါမှာတော့ ရက်ပိုင်းမျှသာမဟုတ်တော့ပဲ ၆ နှစ်ခန့်ပင် အချုပ်စေခဲ့ကြပါတယ်။ ဗြိတိသျှ လူမျိုးတွေရဲ့ အကြံကတော့ အိန္ဒိယ လူမျိုးများ ဂန္ဒီ ကို မေ့ပျောက်သွားစေဖို့ပဲဖြစ်ပါတယ်။ ၆ နှစ်လောက် အကြာမှာတော့ ဂန္ဒီ ပြန်လည်လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပါတယ်။ ဒီ တစ်ခါမှာတော့ ဂန္ဒီ ဟာ သူ့လူမျိုးများကို အိန္ဒိယပင်လယ်ကရေမှ ဆားများကို ကိုယ်တိုင်ချက်လုပ်စေကာ ပြန်လည်ရောင်းချစေခဲ့ပြီး ဗြိတိသျှ လူမျိုးများကို တုန်လှုပ် စေခဲ့ပြန်ပါတယ်။
သူနေထိုင်ရာအရပ်ကနေ အိန္ဒိယပင်လယ်ဆီကို ခြေကျင်လျှောက်လာတဲ့ လမ်းတစ်လျှောက်မှာလည်း အိန္ဒိယ လူမျိုးတွေကိုအင်အားစုဝေးပြီးတော့ အိန္ဒိယ ပင်လယ် ဆီကို လိုက်ပါလာစေခဲ့ပါတယ်။ ဒီလိုနဲ့ အိန္ဒိယ လူမျိုးများရဲ့ ဆားလုပ်ငန်းအရေးတော်ပုံ စတင်ခဲ့ပြန်ပါတော့တယ်။ ဒီအကြောင်းကိုသိရှိလိုက်တဲ့ ဗြိတိသျှ လူမျိုးတွေဟာ ဂန္ဒီ ကို နောက်တစ်ကြိမ်ထပ်မံ အချုပ်ချထိန်းသိမ်းပြီး ငြိမ်းချမ်းစွာလွတ်လပ်ရေးအတွက် ကြိုးစားနေကြသူ အိန္ဒိယ လူမျိုးများကို အကြောင်းမဲ့ရိုက်နှက်ပြီး ဆားလုပ်ငန်းအရေး တော်ပုံကို ရပ်တန့်စေခဲ့ပါတယ်။
စိတ်ဓာတ်ခိုင်မာပြီး ခေါင်းမာကြတဲ့ အိန္ဒိယ လူမျိုးတွေဟာ အရှုံးပေးခြင်း၊ ရပ်တန့်သွားခြင်းမရှိပဲ ဆက်လက်ရှေ့တိုးကာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရင်း ဒဏ်ရာရခဲ့ကြတဲ့ ယောက်ျားသားများကို မိန်းမသားများက ဆေးဝါးများထည့်ပေးကာ လွတ်လပ်ရေးအတွက် အပြင်းအထန်ကြိုးစားနေခဲ့ကြတဲ့ နောက်ဆုံးမှာတော့ ဗြိတိသျှလူမျိုးများ မတတ်သာတော့ဘဲ အိန္ဒိယ လူမျိုးများကို အလျော့ပေးလိုက်ရပြီး အိန္ဒိယ နိုင်ငံအား လွတ်လပ်ရေးပြန်လည်ပေးရန်အတွက် စဉ်းစားတော့မည်ဟု ထုတ်ပြန်ကြေညာခဲ့ကာ ဆားလုပ်ငန်းအရေးတော်ပုံအား ရပ်တန့်စေခဲ့ပါတယ်။
အိန္ဒိယ နှင့် ပါကစ္စတန် နှစ်နိုင်ငံ ဖြစ်ပေါ်လာရပုံ
ဒီလိုမျိုး အိန္ဒိယတစ်နိုင်ငံလုံး လွတ်လပ်ရေးရဖို့အတွက် ဂန္ဒီ အပြင်းအထန်ကြိုးစားခဲ့ရပေမယ့် အမှန်တကယ်တမ်း လွတ်လပ်ရေးရတဲ့အချိန်မှာတော့ ဗြိတိသျှ လူမျိုးတွေရဲ့စနက်ကြောင့် အိန္ဒိယနိုင်ငံကြီး တောင်နဲ့မြောက်ကွဲသွားပြီး ပါကစ္စတန် နဲ့ အိန္ဒိယ ဆိုပြီး ဖြစ်လာခဲ့ရပါတယ်။ အဲလိုဖြစ်သွားခဲ့ရတဲ့ အကြောင်း အရင်းကတော့ ဗြိတိသျှတွေဟာ မူစလင် လူမျိုးတစ်ယောက်ဖြစ်တဲ့ ဂျန်နဆိုတဲ့သူကိုစည်းရုံးပြီး အိန္ဒိယနိုင်ငံမှာ မူစလင် နဲ့ ဟိန္ဒူ လူမျိုးဘာသာနှစ်စုရှိနေတဲ့အတွက် ဂန္ဒီ ဟာ ဟိန္ဒူ ဘာသာဝင် တစ်ယောက်ဖြစ်တာကြောင့် အိန္ဒိယ ကို လွတ်လပ်ရေးပေးလိုက်ရင် ဟိန္ဒူ ဘာသာဝင်များက မူစလင် များ ကို ညင်းပန်းနှိပ်စက်ကြမှာကို စိုးရိမ်တဲ့အတွက်ကြောင့် အိန္ဒိယ လူမျိုး မူစလင်များအား သီးခြားစွာဖြင့် လွတ်လပ်ရေးပေးလိုကြောင်း မဟုတ်မဟတ်သွေးခွဲကာ အိန္ဒိယ လူမျိုးများအား သွေးကွဲစေခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် အိန္ဒိယ နိုင်ငံကြီး တောင်နဲ့မြောက်ကွဲသွားပြီး ထိုနှစ်နိုင်ငံခြားမှာရှိတဲ့ ကာလာကတ္တား မြို့တော်မှာ ကာလကတ္တားအရေးတော်ပုံကြီး စတင်ခဲ့ပါတယ်။ အဲ့ဒီအရေးတော်ပုံအတွင်းမှာ ဟိန္ဒူ နဲ့ မူစလင် လူမျိုးများ သွေးကွဲသွားကြပြီး မိမိတို့လူမျိုးအချင်းချင်း ရက်စက်စွာသတ်ဖြတ်ခဲ့ကြတဲ့အထိဖြစ် သွားခဲ့ရပါတယ်။
ဗြိတိန်ရှေ့နေနှင့် ဥပဒေပညာရှင် Lord Cyril Radcliffe က အိန္ဒိယနိုင်ငံအတွင်း ပါကစ္စတန်ပြည်နယ်အသစ်ကို နေ့လည်စာ စားသည့် အချိန်အတွင်း တထိုင်တည်းရေးဆွဲခဲ့ပါတယ်။ ၎င်းရေးဆွဲသော မျဉ်းကြောင်းတဘက်တချက်ရှိ အိန္ဒိယမြောက်ပိုင်း (ယခု ပါကစ္စတန်)မှ ဟိန္ဒူ ၊ အိန္ဒိယတောင်ပိုင်းမှ မွတ်စလင် ၁၀ သန်းကျော်ကို အဓမ္မ အမြန်ပြောင်းရွေ့စေခဲ့ပါတယ်။ အိန္ဒိယတိုက်ငယ်သည် လွတ်လပ်ရေးနှင့် အတူ နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် စက်တင်ဘာလတွင် ထိုနှစ်နိုင်ငံခြားမှာရှိတဲ့ ကာလကတ္တားမြို့တော်မှာ ကာလကတ္တားအရေးတော်ပုံကြီး စတင်ခဲ့ပါတယ်။ အဲ့ဒီအရေးတော်ပုံအတွင်းမှာ ဟိန္ဒူ နဲ့ မူဆလင်လူမျိုးများ သွေးကွဲသွားကြပြီး မိမိတို့ လူမျိုးအချင်းချင်း ရက်စက်စွာသတ်ဖြတ်ခဲ့ကြတဲ့အထိဖြစ် သွားခဲ့ရပါတယ်။ ရလာဒ်အဖြစ် ဘာသာရေးအဓိကရုဏ်းကြီးဖြစ်ပွားကာ လူပေါင်း ၁ သန်းကျော် လူမျိုးရေးသတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးရပါတယ်။
ဒီအဖြစ်အပျက်တွေကို သိလိုက်ရတဲ့ ဂန္ဒီ ဟာ အလွန်စိတ်မကောင်းဖြစ်ကာ ကြေကွဲခဲ့ရပြီး ကာလကတ္တားမြို့ကို သွားရောက်ကာ တစ်ခါထပ်မံ ဥပုသ်သီတင်းဆောက်တည်ပြီး သူ့လူမျိုး များအား ပစ်သတ်ရိုက်ခတ်ခြင်းများကို ရပ်စဲစေခဲ့ပါတယ်။ အစဦးပိုင်းမှာ ရပ်တန့်သွားခြင်းမရှိပေမယ့် ဂန္ဒီ ရဲ့ ဇွဲလုံ့လဝီရိယပြင်းထန်မှုတို့ကြောင့် ဟိန္ဒူ များနဲ့အတူ မူစလင်များပါ လက်နက် ချခဲ့ပြီး ငြိမ်းချမ်းရေးကို ရရှိသွားကြပါတယ်။ အဲ့ဒီလိုလက်နက်ချချိန်မှာ ဟိန္ဒူ လူမျိုးတစ်ယောက် ဟာ ဂန္ဒီ အနားသို့ ချဉ်းကပ်ပြီးငိုကြွေးကာ မူစလင် လူတစ်ဦးက သူ၏သားလေးအား ရက်စက်စွာသတ်ဖြတ်သွားသဖြင့် Muslim များအား ပြင်းထန်စွာမုန်းတီးခဲ့တဲ့အတွက် သူကိုယ်တိုင် မူစလင် များအား သတ်လိုသဖြင့် ကာလာကတ္တား အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့ပြီးတော့ မူစလင် ကလေးများအား သတ်ဖြတ်မိခဲ့လို့ ငရဲမှာဒုက္ခခံကာ ပေးဆပ်ရတော့မယ်ဆိုပြီး ငိုကြွေးခဲ့ပါတယ်။
အဲဒီအခါမှာ သဘောထားကြီးသူ ဟိန္ဒူဘာသာဝင် ဂန္ဒီ ဟာ ထိုငရဲမှ လွတ်မြောက် နည်းရှိပြီးတော့ အဲ့နည်းကတော့ ကာလာကတ္တား အရေးအခင်းကြောင့် မိဘများအားဆုံးရှုံး လိုက်ရသူ ကလေးငယ်တစ်ဦးအား မိမိရင်သွေးအဖြစ် သဘောထားပြီး ခေါ်ယူကျွေးမွေးစောင့် ရှောက်ခိုင်းခဲ့ပါတယ်။ ဒါ့အပြင် အဲလိုမျိုး မွေးစားမယ့်ကလေးမှာလည်း မူစလင် ဘာသာဝင်တို့ရဲ့ ကလေးငယ်တစ်ဦးဖြစ်ပါစေလို့ ဂန္ဒီ မျက်ဝန်းအစုံတွင် မျက်ရည်ဝိုင်းကာ ထိုသူအား အကြံဉာဏ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ကာလာကတ္တား အရေးအခင်းကြီး လုံးဝရပ်တန့်သွားပြီး ပါကစ္စတန် နဲ့ အိန္ဒိယလူမျိုးတို့ ချစ်ကြည်ရေးရရှိခဲ့ပါတယ်။
ရက်စက်စွာလုပ်ကြံခံခဲ့ရသော မဟတ္တမဂန္ဒီ
အရေးတော်ပုံများ ပြီးဆုံးသွားပြီး အိန္ဒိယ လူမျိုးများ လွတ်လပ်ရေးပြန်လည်ရရှိကာ ဟိန္ဒူဘာသာဝင်များနဲ့ မူစလင်ဘာသာဝင်များပါ စိတ်ကျေနပ်မှုရရှိခဲ့ကြပါတယ်။ ထိုကဲ့သို့ အရာရာအေးချမ်း တည်ငြိမ်နေတဲ့နေ့တစ်နေ့မှာပဲ အိန္ဒိယ လူမျိုးများစုဝေးကာ စုပေါင်းဘုရားရှိခိုးကြမယ့်ပွဲတော်တစ်ခုမှာ လူအုပ်ကြားထဲကို မိုက်မဲပြီး အသိဉာဏ် ကင်းမဲ့လှတဲ့ လူတစ်ယောက်(ဟိန္ဒူ လူငယ်တစ်ဦးဖြစ်သော ဂတ်ဆေး Nathuram Godse)ဝင်ရောက်လာကာ စည်ကားလှတဲ့ လူအုပ်အလယ်မှာပဲ ဂန္ဒီ ကို သေနတ်နဲ့ သုံးချက်တိုင်တိုင် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ပစ်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ လူအများချစ်ခင်လေးစားရတဲ့ ဂန္ဒီ ဟာ သူ့ကိုလေးစားတဲ့ အိန္ဒိယ လူမျိုးများနဲ့အတူ သူကိုယ်တိုင်လွတ်လပ်ရေးရအောင် ကြိုးစားခဲ့တဲ့ အိန္ဒိယနိုင်ငံကြီးကိုပါ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ လ ၃၀ ရက်နေ့မှာ ထားရစ်ခဲ့ပါတော့တယ်။
လူအများရဲ့ ချစ်ခင်လေးစားခြင်းကိုခံခဲ့ရပြီး လေးစားအားထားစရာ အလွန်ကောင်းလှတဲ့ ဂန္ဒီ ရဲ့ ဇာပနကိုတော့ အိန္ဒိယ လူမျိုးများအပြင် အင်္ဂလိပ်ဗိုလ်ချုပ်များပါ တက်ရောက်ခဲ့ပြီး ဂန္ဒီ ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ ဂန္ဒီ၏ ရုပ်ကလာပ်ကို နေအိမ်မှ ယမုန်နာမြစ်ကမ်းခြေသို့ ပို့ဆောင်ကြပြီးလျှင် မီးသြင်္ဂိုဟ်၍ ဂန္ဒီ၏ ပြာကို ယမုန်နာရေအယဉ်၌ မျှောလိုက်ကြပါတော့တယ်။
အားလုံးရဲ့နိဂုံးဖြစ်တဲ့ ဂန္ဒီ ရဲ့ ဘဝဇာတ်လမ်းရဲ့အဆုံးမှာတော့ ဂန္ဒီ ဟာ အင်ပါယာလိုစစ်တိုက်ပြီး အကြမ်းဖက်နည်း ဗျူဟာတွေနဲ့ လွတ်လပ်ရေးကိုအရယူခြင်းထက် သည်းခံခြင်း၊ စစ်မှန်သောသစ္စာတရားကို ယုံကြည်ခြင်း၊ လူလူချင်းစာနာထောက်ထားခြင်း စတဲ့ နည်းဗျူဟာတွေနဲ့ လွတ်လပ်ရေးကိုတိုက်ယူတာဟာ ပိုပြီးစွမ်းအားရှိကာ အောင်မြင်နိုင်ကြောင်းကို သက်သေပြသွားတာပဲဖြစ်ပါတယ်။
MymClub(Myanmar Youth Media Club)
Discussion about this post