အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့ အကြား ကူးလူးဆက်ဆံမှုသည် အသောကမင်းနှင့် တိသမင်းတို့ လက်ထက်တွင် အမြင့်မားဆုံးဖြစ်ခဲ့သည်၊ အသောကမင်းသြဇာအာဏာသည် မိမိနိုင်ငံ အပြင် အခြား နိုင်ငံ များအပေါ်တွင်လည်း သက်ရောက်ခဲ့သည်၊ အသောကမင်းသည် စစ်မတိုက်ရပဲ သီရိလင်္ကာနိုင်ငံ တစ်ဝှမ်းလုံး ကို ဓမ္မဖြင့် အောင်နိုင်သူဖြစ်ပြီး လင်္ကာ သားတို့နှလုံးသားဝယ် အသောကဟူသော အမည်ကို စွဲမြဲခိုင်မာ စွာရေးထိုးနိုင်ခဲ့သည်။
သားတော်မဟိန္ဒနှင့် သမီးတော်သင်္ဃမိတ္တာတို့မှာ လည်းသေးငယ် သော ကျွန်းနိုင်ငံလေးတွင် အသက်ထက် ဆုံး သာသနာပြုတော်မူခဲ့ကြသည်၊ ရှင်မဟိန္ဒမထေရ်သည် ငယ်ရွယ်နုပျိုစဉ် သက်တော်( ၃၂) နှစ်တွင် အရွယ်တွင် သီရိလင်္ကာနိုင်ငံသို့ရောက်ခဲ့သည်၊ အနုရာဓ ပူရမြို့တွင် ဘုရင်ဒေဝါနံ ပိယတိဿမင်းနှင့် အတူ ဗုဒ္ဓသာသနာ့ သမိုင်း မှတ်တိုင်များစွာကို စိုက်ထူနိုင် ခဲ့သည်၊ သီရိလင်္ကာနိုင်ငံ မင်းအဆက်ဆက်တို့သည် မထေရ်မြတ်ကို နိုင်ငံ့ခေါင်းဆောင်ကြီး အဖြစ် လည်းတန်ဖိုးထားကြသည်။
မထေရ်မြတ်နှင့်ဒေဝါနံ ပိယတိဿမင်းတို့သည် သီရိလင်္ကာနိုင်ငံ ရွှေရောင် ခေတ် အဆက်ဆက်၏ ဖန်တီး ရှင်များဖြစ်ခဲ့ကြသည်၊ ယနေ့ခေတ်တွင်လည်း သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓသာသနာတော် နှင့်ပတ် သက် ပြီး ရွှေရောင်ခေတ်ကို ပိုင်ဆိုင်ဆဲပင်ဖြစ်သည်၊ မထေရ်မြတ် သည် ဥတ္တိယမင်း လက်ထက် အနုရာဓပူရမြို့၊ စေတိယပဗ္ဗတ၌ဝါဆိုတော်မူစဉ် သက်တော်ရှစ်ဆယ် အရွယ်၌ ပရိနိဗ္ဗာန်ပြုတော်မူခဲ့သည်၊
နှမဖြစ်သော သင်္ဃမိတ္တာထေရီသည်လည်း မောင်တော်မဟိန္ဒ မထေရ်လွန်ပြီး နောက်နှစ်တွင် အနုရဓပူရမြို့ မှာပင် ဘဝဇာတ်သိမ်းခဲ့သည်၊ ရှေ့ဆင့်နောက်ဆင့်ဆို သကဲ့သို့ သီရိလင်္ကာနိုင်ငံသို့ ရောက်ခဲ့ကြသော အသောကမင်း၏ ရင်နှင့်ချစ်၍မငြီးသော သားတော်နှင့် သမီးတော်တို့သည် သာသနာတော်၏ တာဝန်ကို အသက်ထက်ဆုံး ထမ်းဆောင်သွားခဲ့ကြသည်၊ အသောက်မင်းသည် သီရိလင်္ကာ သာသနာတော်ကို ရင်မှ ဖြစ်သာ သွေးဖြင့် ရေးထိုးနိုင်ခဲ့သူဖြစ်သည်၊ ဒေဝါနံပိယဒဿီ အသောကမင်းနှင့် ဒေဝါနံ ပိယတိဿမင်းနှစ်ပါးတို့သည် နေမင်း၊ လမင်းတို့အလား သာသနာ့ဝေဟင်တွင် အစဉ်ထွန်းလင်းနေဦးမည်သာဖြစ်သည်။
နိုင်ငံ့ခေါင်းဆောင်၊ အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေကို ဦးဆောင်ရေးဆွဲသူ၊ တရားရေးပညာရှင် ဒေါက်တာ ဘင်မရာအို ရမ်ဂျိ အမ်ဘေဒကာသည် အများအားဖြင့် ဇာတ်နိမ့်များဟုခေါ်ဝေါ်သမုတ်ခြင်း ခံရသော အိန္ဒိယနိုင်ငံသား ငါးသိန်းနှင့်အတူ (၁၉၅၆) ခုနှစ် အောက်တိုဘာလ( ၁၄)ရက် တနင်္ဂနွေနေ့ တွင် နာဂပူမြို့၌ မြန်မာနိုင်ငံသား ကုသိနာရုံဆရာတော်ကြီး ဦးစန္ဒြမုနိထံမှ သရဏဂုဏ်သုံးပါးနှင့် ငါးပါးသီလ တို့ကို ခံယူဆောက်တည်ခဲ့ပြီး ဗုဒ္ဓဘာသာဝင် အဖြစ်ခံယူခဲ့ကြသည်။ ဆိုပါကူးပြောင်းမှုသည် အိန္ဒိယနိုင်ငံတွင် ကြီးကျယ် ထင်ရှားခဲ့သည်၊ ဤဖြစ်ရပ်သည် ဗုဒ္ဓဘာသာ ကိုစိတ်ဝင် စားကြသော အိန္ဒိယနိုင်ငံသားများအတွက် ဂုဏ်ယူဖွယ်ဖြစ်သကဲ့သို့ အားတက်ဖွယ်ရာ လည်း ဖြစ်ခဲ့သည်။
ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြသော နောင်လာနောက်သားမျိုးဆက်တို့ သည် မြန်မာရဟန်းတော် များကိုလေးစား ကြည်ညိုကြသည်၊ မဟာရဋ္ဌပြည်နယ်သား ဗုဒ္ဓဘာသာများ သည် ဦးစဒြရမုနိမဟာထေရ်မြတ်ကို မြတ်မြတ်နိုးနိုး တန်ဖိုးထားကြ သည်၊ ရဟန်းတော်များကိုလည်း ရိုသေလေးစားစွာဆက်ဆံကြသည်၊ ကုသိနာရုံကို ယနေ့တိုင် ထင်ထင် ရှားရှားမှတ်မှတ်သားသား ရှိစေရန် အားထုတ်ကြိုးပမ်းခဲ့သူမှာလည်း ဦးစဒြမုနိမဟာထေရ်မြတ် ပင်ဖြစ်သည်။ ဆရာတော်သည် ရှင်သာမဏေဘဝကပင် အိန္ဒိယနိုင်ငံတစ်ခွင်ခြေဆန့်ပြီး ဟိန္ဒူဘုန်းတော်ကြီးများ၊ လူ ပညာရှိများထံ ဟင်ဒီစာပေနှင့် သက္ကတစာပေတို့ကို လေ့လာသင်ယူခဲ့သည်၊ ဆရာတော် အိန္ဒိယ နိုင်ငံ သို့ရောက်ရှိခဲ့ခြင်း၏ နောက်ခံ သမိုင်းသည် သီရိလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလနှင့် ဆက် စပ်နေသည်။
(၁၈၉၁) ခုနှစ်တွင် သီရီလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလသည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဒေသရှိ မဟာဗောဓိစေတီတော်သို့ ရောက်ရှိခဲ့သည်၊ အနာဂါရိကဓမ္မပါလတွေ့မြင် လိုက်ရသော အခြေအနေ များသည် ဗုဒ္ဓဘာသာဝင်များအတွက် ဝမ်းနည်းဖွယ်ရာဖြစ်ခဲ့သည်၊ ဗုဒ္ဓဘာသာဝင်များ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းကြသော လှူဖွယ်များကို ဟိန္ဒူဘုန်းတော်ကြီး မဟန့်က သိမ်းပိုက်နေသည်ကို မျက်ဝါးထင်ထင်တွေ့လိုက်ရသဖြင့် ထိတ်လန့်ခဲ့ရသည်၊
ဤသို့ဖြင့် အနာဂါရိက ဓမ္မပါလသည် မဟာဗောဓိစေတီတော်ကို ဗုဒ္ဓဘာသာဝင်များ၏ လက်ဝယ်သို့ပြန် လည် ရောက်ရှိရေးနှင့် ဗုဒ္ဓဘာသာပြန်လည်ထွန်းကားရေးအတွက် အားသွန် ခွန်စိုက် ကြိုးပမ်းတော့သည်၊ အိန္ဒိယနိုင်ငံတွင် မဟာဗောဓိအသင်းကိုလည်း ထူထောင်ခဲ့သည်၊ အနာဂါရိလကဓမ္မပါလနှင့်အမေရိကန်နိုင်ငံသားဗိုလ်မှူးကြီး အော်လကော့တို့သည် မြန်မာနိုင်ငံ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မော်လမြိုင်မြို့၊ စစ်တွေမြို့များသို့လည်း မဟာဗောဓိအသင်းများ ထူထောင် နိုင်ရန်ရောက် ရှိခဲ့သည်။
စစ်တွေမြို့သို့ ရောက်စဉ် မဟာာဗောဓိ အသင်း ဖွဲ့စည်းရေး အခမ်း အနားတွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ပြန်လည် ထွန်းကားရေး အတွက် သတ္တိ ဗျတ္တိနှင့်ပြည့်စုံသော ရဟန်း၊ သာမဏေ အလိုရှိကြောင်း တင်ပြသည်။ နောက်ဆုံးတွင် စန္ဒိမာရာမကျောင်းတိုက်တွင် ပိဋကတ်စာပေ သင်ယူနေသော ဆရာတော် စဒြမုနိလောင်းလျာ ကို တွေ့ရှိခဲ့ကြသည်၊ အနာဂါရိကဓမ္မပါလနှင့် အောလကော့တို့သည် ဆရာတော် လောင်း လျာကို ရလိုက်သဖြင့် များစွာဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်၊ အနာဂတ်အိန္ဒိယ နိုင်ငံတွင် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး အတွက်လည်း အားတက်သရော ဖြစ်ခဲ့ကြ သည်။
နောက်ပိုင်းတွင် ဦးစဒြမုနိသည် အနာဂါရိကဓမ္မပါလ၊ ဗိုလ်မှူးကြီး အော်လကော့ တို့နှင့် လက်တွဲကာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ပြန်လည် ထွန်းကားရေးအတွက် အသက်ထက်ဆုံး ဆောင်ရွက်သွားခဲ့သည်။ သီရိလင်္ကာနိုင်ငံသား အနာဂါရိက ဓမ္မပါလသူတော်စင်၏ ကျေးဇူးဖြင့် မဟာဗောဓိစေတီတော်ကြီးကို ဗုဒ္ဓဘာသာဝင်များ စိတ်တိုင်းကျ ဖူးမြော်နိုင်သကဲ့သို့ ရခိုင်တိုင်းရင်းသား မြန်မာရဟန်းတော်ဦးစဒြမုနိ မဟာထေရ်မြတ်၏ ကျေးဇူးကြောင့် အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များတိုးပွားခဲ့ရပြီး ယနေ့ကုသိနာရုံ ကို ဗုဒ္ဓဘာသာဝင်များ စိတ်တိုင်းကျ ကြည်နူးချမ်းမြေ့စွာပူဇော်နိုင်ခဲ့ပြီဖြစ်သည်။
ကမ္ဘာ့ရေစီး ကြောင်းသည် အနှစ်တစ်ထောင်ကျလျှင် ကမ္ဘာကို တစ်ပတ်ပတ်မိအောင်စီးသည်ဟု ကြားဖူး သည်၊ မြတ်ဗုဒ္ဓ သာသနာတော်သည် အိန္ဒိယနိုင်ငံတွင် နှစ်ပေါင်း ( ၁၇၀၀) ကျော် ရှင်သန် ခဲ့သည်၊ ခရစ်နှစ် ( ၁၂၀၀) နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံမှ ပျောက်ကွယ်သွားခဲ့ရသည်၊ သီရိလင်္ကာနိုင်ငံသို့ စီးဝင်သွားခဲ့သော ဗုဒ္ဓသာသနာ့ရေစီးကြောင်းသည်လည်းကောင်း၊ သုဝဏ်ဏဘူမိ သို့စီးဝင်သွားသော ဗုဒ္ဓသာသနာ့ ရေစီးကြောင်းသည်လည်းကောင်း နှစ်ပေါင်းတစ်ထောင်မပြည့်မီပင် မိခင်တိုင်းပြည် အိန္ဒိယနိုင်ငံ ကြီးသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။
ဗုဒ္ဓသာသနာတော်ကို မိခင်တိုင်းပြည်ကြီးသို့ ပြန်လည် သယ်ဆောင်ရာတွင် မြန်မာနိုင်ငံသား ဦးစဒြမုနိ မဟာထေရ်သည် အဓိကနေရာက ပါဝင်ခဲ့သကဲ့သို့ သီရိလင်္ကာနိုင်ငံသား သူတော်စင်ကြီး အနာဂါရိက ဓမ္မပါလသည်လည်း မေ့၍ မရစကောင်းသော ပုဂ္ဂိုလ် ကြီးဖြစ်သည်၊ အဆိုပါပုဂ္ဂိုလ် ကြီးများ ကို ခေတ်သစ် ဗုဒ္ဓသာသနာ့ သမိုင်းတွင် ထာဝစဉ်ထွန်းလင်းနေမည့် ကြယ်စင်ကြီးများဟု ဆိုလျှင် ရနိုင်ပါ တော့သည်။
သီရိလင်္ကာနိုင်ငံ၊ မြန်မာကျောင်းသားများ ဦးစီးထုတ်ဝေသော တတိယ အကြိမ်မြောက် “လင်္ကာတမန်” မဂ္ဂဇင်းတွင် ဖော်ပြခဲ့သောဆောင်းပါးဖြစ်ပါသည်။
Discussion about this post