ရေးသားသူ – ကောင်းစည်သူ (သုတအလင်း မဂ္ဂဇင်း)
အာရှတိုက်တောင်ပိုင်းတွင် တည်ရှိသည့် အိန္ဒိယသမ္မတနိုင်ငံသည် ကမ္ဘာပေါ်တွင် ဧရိယာ သတ္တမမြောက်အကြီးဆုံးနှင့် လူဦး ရေ ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။ နေထိုင်သူဦးရေ ၁ ဒသမ ၃ ဘီလီယံ(၁၃၂၄သန်း)ရှိသည့် အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံးသော ဒီမိုကရေစီနိုင်ငံလည်း ဖြစ်သည်။
အိန္ဒိယနိုင်ငံကို တောင်ဘက်တွင် အိန္ဒိယသမုဒ္ဒရာ၊ အနောက်တောင်ဘက်တွင် အာရေဗျပင်လယ်နှင့် အရှေ့တောင် ဘက်တွင် ဘင်္ဂလားပင်လယ်အော်တို့က ဝိုင်းရံထားသည်။ ထို့အတူ အနောက်ဘက်တွင် ပါကစ္စတန်၊ အရှေ့မြောက်ဘက်တွင် တရုတ်၊ နီပေါ၊ ဘူတန်၊ အရှေ့ဘက်တွင်ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတို့နှင့် မြေသားနယ်နိမိတ်ဆက်စပ်နေပြီး အိန္ဒိယသမုဒ္ဒရာ အတွင်း၌ သီရိလင်္ကာနှင့်မော်လ်ဒိုက်နိုင်ငံတို့တည်ရှိသည်။ အိန္ဒိယနိုင်ငံပိုင် အန်ဒမန်နှင့်နီကိုဘာကျွန်းတို့သည် ထိုင်း၊ အင်ဒို နီးရှားနိုင်ငံတို့နှင့် ရေကြောင်းနယ်နိမိတ်ဆက်စပ်လျက်ရှိသည်။
အိန္ဒိယတိုက်သည် ခရစ်တော်မပေါ်မီ နှစ် ၃၀၀၀ ကထွန်းကားခဲ့သည့် အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှု မြို့ပြများတည်ထောင် ခဲ့သည့် နယ်မြေဖြစ်ကာ ဟိန္ဒူ အယူဝါဒနှင့် ဆက်နွယ်နေသည့် ရှေးအကျဆုံးစာပေများ ထွန်းကားခဲ့သည့်ဒေသလည်းဖြစ်သည်။ ဇာတ်စနစ်ကိုအခြေခံသည့် လူမှုအလွှာခွဲခြားမှုသည် ခရစ်တော်မပေါ်မီ နှစ် ၁၀၀၀ တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး ဗုဒ္ဓဘာသာ နှင့် ဂျိမ်းဘာသာတို့သည် အိန္ဒိယနိုင်ငံမှ စတင်ပေါ်ထွန်းခဲ့သည်။
အိန္ဒိယနိုင်ငံသည် ၁၇ ရာစုတွင် စီးပွားရေးအင်အား ကြီးမားလာခဲ့ပြီး ၁၈ ရာစုအလယ်တွင် ဗြိတိသျှတို့၏ အုပ် ချုပ်မှု အောက်သို့ကျရောက်ခဲ့သည်။ ၁၉ ရာစုတွင် မဟတ္တမဂန္ဓီ ဦးဆောင်သည့် အမျိုးသားရေးလှုပ်ရှားမှုများဖြစ်ပွားခဲ့ပြီး ၁၉၄၇ ခုနှစ် တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိခဲ့သည်။
၂၀၁၇ ခုနှစ်တွင် အိန္ဒိယသည် ကမ္ဘာတွင် ဆဋ္ဌမစီးပွားရေးအင်အားအကြီးမားဆုံးနိုင်ငံဖြစ်လာခဲ့သည်။၁၉၉၁ ခုနှစ်တွင် ဈေးကွက်အခြေခံစီးပွားရေးစနစ်ကိုကျင့်သုံးခဲ့ပြီးနောက် စီးပွားရေးလျင်မြန်စွာတိုးတက်ခဲ့ပြီးစက်မှုနိုင်ငံသစ်တစ်ခုဖြစ်လာခဲ့သည်။ သို့သော် ဆင်းရဲမွဲတေမှု၊ အဂတိလိုက်စားမှု၊အာဟာရမပြည့်ဝမှု၊ ပြည်သူ့ကျန်းမာရေးမပြည့်စုံမှုစသည့် ပြဿနာများကို ရင်ဆိုင် နေရသည်။
ဖက်ဒရယ်စနစ်ကိုကျင့်သုံးသည့် အိန္ဒိယနိုင်ငံကို ပြည်နယ်၂၉ ခု၊ ပြည်ထောင်စု နယ်မြေ ၇ ခုဖြင့် ဖွဲ့စည်းထားသည်။ နျူကလီးယားလက်နက်ပိုင်ဆိုင်ပြီး စစ်သည်အင်အား ကမ္ဘာ့ဒုတိယအကြီးဆုံး တပ်မတော်ကိုပိုင်ဆိုင်သည့် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ကာကွယ်ရေး အသုံးစရိတ်သုံးစွဲမှုတွင် ပဉ္စမနေရာ၌ရှိနေသည်။
သမိုင်းထဲမှ အိန္ဒိယ
အိန္ဒိယဟူသည့် ဝေါဟာရသည် ခေတ်ဟောင်းပါရှန်စကား အိန္ဒုမှ ဆင်းသက်လာကာ အိန္ဒုမြစ်ဝှမ်းဟုဆိုလိုသည်။ ရှေးဟောင်းဂရိတို့က အိန္ဒိယလူမျိုးများကို အိန္ဒုများဟု ခေါ်ဆိုခဲ့ကြသည်။သို့သော် အိန္ဒိယနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ အရ အိန္ဒိယနိုင်ငံ၏ တရားဝင် ပထဝီဝင်အမည်သည် ဘာရက် (Bharat) ဖြစ်သည်။ ယင်းအမည်၏ မူရင်းစကားလုံးသည် သမိုင်းအစဉ်အလာအရ အိန္ဒိယတိုက်ကို ရည်ညွှန်းသည့် Bharatavarsha ဖြစ်သည်။ ခရစ်တော်မပေါ်မီ သုံးရာစုတွင် အိန္ဒိယကို Mughal တို့က ပါရှန် ဝေါဟာရ ဟင်ဒူစတန်ဟုလည်း တွင်ကျယ်စွာခေါ်ဆိုအသုံးပြုခဲ့ကြသည်။
ခေတ်ပြိုင် ကျောက်ခေတ်လယ်အထောက်အထားများကို အိန္ဒိယနိုင်ငံတွင် တွေ့ရှိခဲ့ကြသည်။ ခရစ်တော်မပေါ်မီ နှစ် ၇၀၀၀ က ထွန်းကားခဲ့သော ကျောက်ခေတ်သစ် အထောက်အထားများကို Mehrgarh တွင် မြင်တွေ့ကြရသည်။ အာရှတိုက် တောင်ပိုင်း၏ အစောဆုံး မြို့ပြယဉ်ကျေးမှုဖြစ်သည့် အိန္ဒု မြစ်ဝှမ်းယဉ်ကျေးမှုသည် ခရစ်တော်မပေါ်မီ နှစ် ၂၅၀၀ မှ ၁၉၀၀ အတွင်း ယခု အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းမှ ပါကစ္စတန်နှင့်အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းအထိ ထွန်းကားခဲ့ သည်။ ဘီစီ ၂၀၀၀ မှ ၅၀၀ အတွင်း၌ ကြေးသံရောနှောခေတ်နှင့်သံခေတ်တို့ကို ဖြတ်သန်းခဲ့သည်။
ဟိန္ဒူ အယူဝါဒများနှင့် ဆက်နွယ်နေသည့် ရှေးဟောင်း ဝေဒကျမ်းများသည် အိန္ဒိယနိုင်ငံမှ အစပြု ပေါ်ထွန်းခဲ့သည်။ သမိုင်းပညာရှင်များက ပန်ဂျပ်ပြည်နယ်နှင့် ဂင်္ဂါလွင်ပြင်နေရာတို့တွင် ဝေဒယဉ်ကျေးမှုများ ထွန်းကားခဲ့သည်ဟု ယူဆူခဲ့ကြ သည်။ ယင်းအချိန်တွင် အင်ဒိုအာရီယန်များသည် အိန္ဒိယနိုင်ငံအတွင်းသို့ အနောက်မြောက်ပိုင်းမှ ဝင်ရောက်လာခဲ့ကြသည်။
ဘီစီ ခြောက်ရာစုနှောင်းပိုင်းတွင် ဂင်္ဂါလွင်ပြင်နှင့် အနောက်မြောက်ပိုင်းနယ်မြေများမှ အကြီးအကဲများသည် မိမိတို့ နယ်မြေများကို ပေါင်းစု၍ လူနည်းစုအစိုးရအဖွဲ့ ၁၆ ဖွဲ့ကို ထူထောင်ခဲ့ကြပြီး Mahajanapada ခေါင်းဆောင်များပေါ်ထွက်လာခဲ့ သည်။ယင်းအချိန်တွင် ဝေဒ မဟုတ်သည့် ဂျိမ်းနှင့် ဗုဒ္ဓဘာသာ အယူဝါဒများပေါ်ထွန်းခဲ့ရာ လူတန်းစား အများစုက ဗုဒ္ဓဘာသာ ကို ယုံကြည်သက်ဝင်ခဲ့ကြသည်။
ဘီစီ သုံးရာစုတွင် မာဂဓ မင်းဆက်များသည် နယ်မြေများတိုးချဲ့၍ Mauryan မင်းဆက်ကို တည်ထောင်ခဲ့ကြကာ အိန္ဒိယနိုင်ငံနယ်မြေအများစုကို တောင်ဘက်အဖျားပိုင်းမှလွဲ၍ ထိန်းချုပ်နိုင်ခဲ့ကြသည်။ Mauryan ဘုရင်များသည် အင်ပါရာ ထူထောင်၍ ဗုဒ္ဓ တရားတော်များဖြန့်ကျက်ခဲ့ကြသည်။
ခရစ်တော်ပေါ်ပြီး လေးရာစုနှင့် ငါးရာစုတွင် ဂုပ္ပတ မင်းဆက်အတွင်း ဂင်္ဂါမြစ်ဝှမ်း အုပ်ချုပ်မှုနှင့် အခွန်ကောက်ခံမှုစနစ် များကို ဆောင်ရွက်ခဲ့ရာ နောက်ပိုင်းမင်းဆက်များက နမူနာယူခဲ့ကြရသည်။ယင်းအချိန်တွင် ပန်းပုနှင့် ဗိသုကာပညာများ ထွန်း ကားခဲ့ပြီး သက္ကတဘာသာလည်း ဖွံ့ဖြိုးခဲ့သည်။ထို့အတူ အိန္ဒိယတိုက်တွင် သိပ္ပံပညာ၊ နက္ခတ္တဗေဒ၊ဆေးပညာနှင့်သင်္ချာပညာ ရပ် အပါအဝင် နည်းပညာများသည် ရှေ့တန်းသို့ ရောက်ရှိလာခဲ့သည်။
အိန္ဒိယနိုင်ငံ၏ အစောပိုင်းအလယ်ခေတ်ဟု ဆိုကြသည့် အေဒီ ၆၀၀ မှ ၁၂၀၀ ပြည့်နှစ်အတွင်း၌ ကွဲပြားခြားနားသည့် ယဉ်ကျေးမှုများ ပေါ်ထွန်းခဲ့သည်။ အေဒီ ၆၀၆ ခုနှစ်မှ ၆၄၇ ခုနှစ်အတွင်း အင်ဒို ဂင်္ဂါလွင်ပြင်ဒေသကို အုပ်ချုပ်ခဲ့သည့် Harsha သည် တောင်ဘက်သို့နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းခဲ့သော်လည်း Deccan ဘုရင် Chalukya ကို ရှုံးနိမ့်ခဲ့သည်။သူ့အား ဆက်ခံ သူက အရှေ့ဖျားသို့ နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းခဲ့ရာတွင်လည်း ပါလ ဘုရင်ကို ရှုံးနိမ့်ခဲ့သည်။ ထိုအချိန်တွင် မည်သည့် ဘုရင် တစ်ပါးတည်းကမှ အိန္ဒိယနယ်မြေ တစ်ခုလုံးကို မအုပ်စိုးနိုင်ခဲ့ချေ။
ရှစ်ရာစုနှင့် ကိုးရာစုတွင်မူ အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုနှင့် နိုင်ငံရေးစနစ်များသည် အိန္ဒိယကုန်သည်များ၊ ကျောင်းသား များနှင့် စစ်သည်များမှတစ်ဆင့် လက်ရှိ အရှေ့တောင်အာရှဒေသများသို့ ပျံ့နှံ့ခဲ့သည်။ ထို့နောက် အစ္စလာမ်ဘာသာသည် အိန္ဒိယသို့ရောက်ရှိလာခဲ့ကာ ၁၂၀၆ ခုနှစ်တွင် ဒေလီ အစ္စလာမ်ပသီနယ်ပယ်ကို ထူထောင်ခဲ့ကာ အိန္ဒိယနိုင်ငံမြောက်ပိုင်းကို ကြီးစိုးနိုင်ခဲ့၍ တောင်ပိုင်းနယ်များသို့လည်း ချင်းနင်းဝင်ရောက်ခဲ့သည်။
၁၆ ရာစု အစောပိုင်းတွင် အိန္ဒိယနိုင်ငံ မြောက်ပိုင်းအဓိက နယ်မြေများကို မူဆလင်များကအုပ်ချုပ်ခဲ့သည်။၁၇ ရာစုတွင် နိုင်ငံစီးပွားရေးကို တိုးချဲ့ကာ အထည်အလိပ်နှင့် ဗိသုကာလုပ်ငန်းများ နေရာယူခဲ့သည်။၁၈ ရာစု အစပိုင်းတွင် အရှေ့အိန္ဒိယ ကုမ္ပဏီအပါအဝင်ဥရောပကုန်သွယ်ရေးလုပ်ငန်းများကို အိန္ဒိယကမ်းခြေများတွင် ထူထောင်ခဲ့သည်။အရှေ့အိန္ဒိယကုမ္ပဏီသည် ပင်လယ်ပြင်ကို ထိန်းချုပ်ခဲ့ပြီး ၁၈၂၀ ပြည့်နှစ်တွင် ဗြိတိသျှ စစ်တပ်က အိန္ဒိယကို သိမ်းပိုက်ခဲ့သည်။ဗြိတိသျှ အစိုးရသည် ၁၈၄၈ ခုနှစ်တွင် Lord Dalhousie ကို ဘုရင်ခံအဖြစ် ခန့်ထားခဲ့သည်။
ဗြိတိသျှတို့အုပ်စိုးနေစဉ် နည်းပညာတိုးတက်ပြောင်းလဲမှုနှင့် ကြုံခဲ့ကာ မီးရထားလမ်းများ၊ ဆည်မြောင်းများ၊ကြေးနန်းရု့များပေါ်ပေါက်လာခဲ့သည်။ ၁၈၅၇ ခုနှစ်တွင် ဗြိတိသျှတို့ကို အိန္ဒိယ တိုင်းရင်းသားတို့က တော်လှန်ခဲ့ရာ ဗြိတိသျှ အစိုးရက နှိမ်နင်းခဲ့ပြီး အရှေ့အိန္ဒိယ ကုမ္ပဏီကို ဖျက်သိမ်း၍ အိန္ဒိယကို ဗြိတိန် နိုင်ငံက တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။
၁၈၈၅ ခုနှစ်တွင် အိန္ဒိယအမျိုးသား ကွန်ဂရက်ကို ထူထောင်ခဲ့ကာ လွတ်လပ်ရေး လှုပ်ရှားမှု ကို မဟတ္တမဂန္ဓီက ဦးဆောင်ခဲ့ပြီး လွတ်လပ်ရေဒရရှိခဲ့သည့် ၁၉၄၇ ခုနှစ်တွင် Jawaharlal Nehru သည် အိန္ဒိယနိုင်ငံ၏ ပထမ ဆုံးဝန်ကြီးချုပ်ဖြစ် လာခဲ့သည်။သို့သော် လွတ်လပ်ရးရချိန်တွင် အိန္ဒိယသည် ပါကစ္စတန်နိုင်ငံကို ခွဲထုတ်ပေးခဲ့ရသည်။ သို့တိုင်အောင် နယ်မြေပိုင်ဆိုင်မှု ပြဿနာအချို့ကို ယခုတိုင်မဖြေရှင်းနိုင်သေးချေ။ အိန္ဒိယနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ၁၉၅၀ ပြည့်နှစ် ရေးဆွဲခဲ့သည်။လွတ်လပ်သော စီးပွားရေးစနစ်ကို ၁၉၉၀ ပြည့်နှစ်တွင် စတင်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံသည် လျင်မြန်စွာ စီးပွားရေးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။
ပထဝီဝင်
အိန္ဒိယနိုင်ငံ၏ ကမ်းရိုးတန်းသည် မိုင် ၄၇၀၀ ရှည်လျားကာ မိုင် ၃၄၀၀ သည် အိန္ဒိယ ကျွန်းဆွယ်ဖြစ်သည်။ ရေတပ် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံကမ်းရိုးတန်း၏ ၄၃ ရာခိုင်နှုန်းသည် သဲသောင်ကမ်းခြေများဖြစ်ကာ ၁၁ ရာခိုင်နှုန်းသည် ကျောက်တောင်ကမ်းခြေများဖြစ်သည်။ ဟိမဝန္တာတောင်တွင်မြစ်ဖျားခံသည့် ဂင်္ဂါမြစ်နှင့် ဗြဟ္မပုတ္တရ မြစ်တို့သည်ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင် သွားကြသည်။ ဂင်္ဂါမြစ်၏ မြစ်လက်တက်များတွင် ယမုံနာနှင့် ကိုစီတို့သည် အထင်ရှားဆုံးဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ အနောက် တောင်ဘက် ကမ်းရိုးတန်းအလွန်တွင် ကျွန်းစုများရှိနေသည်။ နိုင်ငံ၏ ရာသီဥတုသည် ဟိမဝန္တာတောင်တန်းနှင့် သာ ကန္တာရတို့၏ လွှမ်းမိုးခြင်းအောက်တွင်ရှိနေကာ အပူပိုင်းစိုစွတ် ရာသီ၊အပူပိုင်း ခြောက်သွေ့ရာသီ အပါအဝင် ရာသီဥတု လေးမျိုးရှိသည်။မြေသားထု၏ ၂၁ ရာခိုင်နှုန်းသည် သစ်တောများဖုံး လွှမ်းနေပေသည်။
အစိုးရအဖွဲ့နှင့် ပြည်ပ ဆက်ဆံရေး
ပါတီစုံ ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့် အိန္ဒိယနိုင်ငံတွင် အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီနှင့်ဘီဂျေပီပါတီနှင့် အခြား ထင်ရှားသောပါတီကြီး ခုနစ်ခုအပါအဝင် ပါတီပေါင်း ၄၀ ကျော်ရှိသည်။ကွန်ဂရက်က လက်ဝဲယိမ်းပါတီ၊ဘီဂျေပီပါတီက လက် ယာယိမ်းပါတီဟု သတ်မှတ်ကြသည်။လွတ်လပ်ရေးရရှိချိန်မှ ၁၉၈၀ ပြည့်နှစ်များအထိ အိန္ဒိယနိုင်ငံတွင် ကွန်ဂရက်ပါတီက ကြီးစိုး ခဲ့ကာ ၁၉၅၄ ခုနှစ်တွင် အိန္ဒိ။နိုင်ငံ၏ ပထဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ကွန်ဂရက်ပါတီခေါင်းဆောင်နေရူးကွယ်လွန်ခဲ့သည်။
နေရူး၏ သမီး အင်ဒီရာဂန္ဓီသည် ၁၉၆၇ ခုနှစ်တွင်အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက် ၁၉၇၅ ခုနှစ်တွင် ထုတ် ပြန် ခဲ့သည့် အရေးပေါ်အခြေအနေကို ပြည်သူများက သဘောမကျခဲ့သည့်အတွက် ၁၉၇၇ ခုနှစ်တွင် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ သည်။ကွန်ဂရက်ပါတီသည်၁၉၈၀ ပြည့်နှစ်တွင်အာဏာပြန်လည်ရရှိခဲ့သော်လည်း ၁၉၈၄ ခုနှစ်တွင် အင်ဒီရာဂန္ဓီ လုပ်ကြံခံခဲ့ ရသည်။ဝန်ကြီးချုပ်အဖြစ်ဆက်ခံခဲ့သည့် သားဖြစ်သူ ရာဂျစ်ဂန္ဓီသည်လည်း လုပ်ကြံခံရကာ ကွယ်လွန်ခဲ့သည်။၁၉၉၁ ခုနှစ်ရွေး ကောက်ပွဲတွင်မည်သည့်ပါတီကမှ မဲအများစုမရဘဲ ညွန့်ပေါင်း အစိုးရဖွဲ့ခဲ့ရသည်။
လက်ရှိ အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်သည် နာရင်ဒရာမိုဒီ ဖြစ်၍ သမ္မတသည် Ram NathKovind ဖြစ်သည်။ ဖက်ဒရယ် စနစ်ကို ကျင့်သုံးသည့် အိန္ဒိယနိုင်ငံသည် ဗဟိုအစိုးရနှင့် ပြည်နယ်များအကြား အာဏာကို မျှေ၀ ကျင့်သုံးသည်။သို့သော် ဗဟို အစိုးရက အားကောင်း၍ ပြည်နယ်အစိုးရများက အားနည်းသည်ဟု ဆိုကြသည်။
အုပ်ချုပ်ရေးတွင် ငါးနှစ်တစ်ကြိမ် ရွေးချယ်တင်မြှောက်သည့်သမ္မတသည်နိုင်ငံအကြီးအကဲဖြစ်၍ ဝန်ကြီးချုပ်သည် အစိုးရ အဖွဲ့အကြီးအကဲဖြစ်၍ အုပ်ချုပ်ရေးအာဏာကိုကျင့်သုံးသည်။အောက်လွှတ်တော်တွင် မဲအများဆုံးရသည့် ပါတီ ခေါင်း ဆောင်ကို သမ္မတက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပေးရသည်။အုပ်ချုပ်ရေးကဏ္ဍတွင် သမ္မတ၊ ဒုတိယသမ္မတနှင့် ဝန်ကြီး များပါဝင် သည်။ဝန်ကြီးဌာန တစ်ခုခုကို တာဝန်ယူရသည့် ဝန်ကြီးသည် အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်ရန်လိုအပ်သည်။
ဥပဒေပြုရေးတွင် လွှတ်တော် နှစ်ရပ်စနစ်ကိုကျင့်သုံးကာ ခြောက်နှစ်သက်တမ်းရှိသည့် အထက်လွှတ်တော် (RajyaSabha)တွင် ကိုယ်စားလှယ် ၂၄၅ ဦးနှင့် ငါးနှစ်သက်တမ်းရှိသည့် အောက်လွှတ်တော်(LokSabha)ကိုကိုယ်စားလှယ် ၅၄၅ ဦးဖြင့် ဖွဲ့စည်းသည်။ တရားစီရင်ရေးတွင် တရားရုံးချုပ်၊ဗဟို တရားရုံး ၂၄ခုနှင့် ဒေသအလိုက် တရားရုံးများက တရားစီရင်သည်။
အိန္ဒိယနိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၇ ခုနှစ်မှစ၍နိုင်ငံတကာနှင့် ခင်မင်ရင်းနှီးစွာဆက်ဆံခဲ့ကာ ၁၉၅၀ ပြည့်နှစ် တွင် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကိုဦးစီး တည်ထောင်ခဲ့သည့် နိုင်ငံများတွင်ပါဝင်ခဲ့သည်။၁၉၈၇ ခုနှစ်နှင့် ၁၉၉၀ ပြည့်နှစ်တွင် သီရိလင်္ကာနိုင်ငံအားစစ်ရေးစွက်ဖက်ခဲ့ပြီး၁၉၈၈ ခုနှစ်တွင် မော်လ်ဒိုက်နိုင်ငံ အာဏာသိမ်းမှုကို ဟန့်ထတားရန် စိတ်ရေးအရ ဝင်ရောက်စွက်ဖက်ခဲ့သည်။
စစ်ရေးနှင့် စီးပွားရေး
အိမ်နီးချင်းပါကစ္စတန်နိုင်ငံနှင့် ဆက်ဆံရေး အဆင်မပြေဘဲ စစ်ပွဲလေးကြိမ်ဆင်နွှဲခဲ့သည်။ စစ်ပွဲ သုံးကြိမ်သည် ကက်ချ် မီးယားနယ်မြေ ပိုင်ဆိုင်မှု အငြင်းပွားခြင်းကြောင့်ဖြစ်ခဲ့ပြီး နောက်ဆုံးစစ်ပွဲသည် အိန္ဒိယက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထောက်ခံခဲ့မှု ကြောင့် ဖြစ်သည်။၁၉၆၂ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် လည်ကောင်း၊၁၉၆၅ ခုနှစ်တွင် ပါကစ္စတန်နှင့် လည်းကောင်းစစ်ဖြစ်ခဲ့ပြီး နောက် အိန္ဒိယနိုင်ငံသည် ဆိုဗီယက်ယူနီယမ်နှင့်နီးကပ်စွာဆက်ဆံခဲ့ကာ ဆိုဗီယက်တို့ထံမှ စစ်လက်နက်အများအပြား ဝယ်ယူ ခဲ့သည်။ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့သို့ အိန္ဒိယစစ်သည် တစ်သိန်းပေးပို့ခဲ့သည်။
နိုင်ငံတကာ ဆက်ဆံရေးတွင် အရှေ့အာရှ ညီလာခံ၊ ဂျီ အိတ်(G 8+5) အပါအဝင် အဖွဲ့အစည်းများစွာတွင် ပါဝင် လှုပ် ရှားလျက်ရှိသည်။ထို့အတူ အာဆီယံနိုင်ငံများ၊ ဂျပန်၊တောင်ကိုရီးယားတို့နှင့် ရင်းနှီးစွာဆက်ဆံ၍ အထူးသဖြင့် ရင်းနှီး မြှုပ်နှံမှု နှင့် ဒေသလုံခြုံရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။အိန္ဒိယနိုင်ငံသည် ၁၉၇၄ ခုနှစ်တွင် နျူကလီးယား ဗုံးကို စမ်း သပ်ဖောက်ခွဲနိုင်ခဲ့သည်။
စစ်အေးကာလနောက်ပိုင်းတွင် အိန္ဒိယနိုင်ငံသည် အမေရိကန်၊ အီးယူတို့နှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ကို လုပ်ဆောင်ခဲ့သည်။နိုင်ငံသမ္မတသည် တပ်ဖွဲ့အင်အား ၁ ဒသမ ၃၉၅ သန်းရှိသည့် အိန္ဒိ တပ်မတော်၏ စစ်ဦးစီးချုပ်ဖြစ် သည်။ အိန္ဒိယတပ်မတော်ကို ကြည်းတပ်၊ရေတပ်၊လေတပ်နှှုင့် ကမ်းရိုးတန်းစောင့်တပ်တို့ဖြင့် ဖွဲ့စည်း ထားရာ ကမ္ဘာပေါ်တွင် ဒုတိယမြောက် အင်အားအများဆုံး တပ်မတော်ဖြစ်သည်။
နိုင်ငံ GDP ၏ ၁ ဒသမ ၈၃ ရာခိုင်နှုန်းကို ကာကွယ်ရေးစရိတ် သုံးစွဲခဲ့ ပြီး ၂၀၁၂ -၂၀၁၃ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၄၄ ဘီလီယံဖြစ်သည်။၂၀၁၂ ခုနှစ်တွင် လက်နက်တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်လာခဲ့သည်။
၂၀၁၁ ခုနှစ်စာရင်းများအရ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျွဲနွား အများဆုံးမွေးမြူကာ နို့ထွက်ပစ္စည်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏စီးပွားရေးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၁၁ ထရီလီယံရှိကာ ကမ္ဘာတွင် ဆဋ္ဌမ အင်အားအကြီးဆုံးဖြစ်လာခဲ့သည်။
နှစ်စဉ် GDP တိုးတက်နှုန်း ၅ ဒသမ ၈ ရာခိုင်နှုန်းရှိကာ စီးပွားရေး တိုးတက်မှုနှုန်းလျင်မြန်ခဲ့ သည့် အိန္ဒိယနိုင်ငံတွင် လုပ်သားအင်အား ၅၁၃ ဒသမ ၇ သန်းဖြင့် စီးပွားရေးအင်အားကို မောင်းနှင်လျက်ရှိပေသည်။စက်မှု ၊ စိုက်ပျိုးရေး လုပ်ငန်းမှ ပြည်ပဝင်ငွေများရရှိကာရေနံ၊ စက်ပစ္စည်းများ၊ ကျောက်မျက်ရတနာနှင့်ဓာတုပစ္စည်းများကို ပြည်ပမှ တင်သွင်းသည်။
အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များတွင် မရို ဗိသုကာ လက်ရာ တာ့ဂျ်မဟာသည် အထင်ရှားဆုံးဖြစ်ကာများစွာ သော ဟိန္ဒူ ဘုရားကျောင်းများကို မြင်တွေ့ကြရသည်။ ထို့အတူ ဗုဒ္ဓဘာသာ စတင်ထွန်းကားခဲ့သည့် ဂါယာဒေသနှင့် ဗုဒ္ဓ ဘုရားရှင် လက်ထက်က လှုပ်ရှားသွားလာခဲ့သည့်နေရာများသည် အထူးထင်ရှားသည့် ယဉ်ကျေးမှုနှင့် ဘာသာရေးနယ်မြေ များဖြစ်ကြပေသည်။
အထွေထွေ
အိန္ဒိယနိုင်ငံ၏ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ကမ္ဘာပေါ်တွင်ပဉ္စမအကြီးဆုံးဖြစ်ကာ ၂၀၅ ဒသမ ၃၄ ဂစ်ဂါဝပ်ကို ကျောက် မီးသွေးလောင်စာသုံး စက်ရုံများနှင့် ရေအားလျှပ်စစ်မှ အများဆုံး ထုတ်လုပ်သည်။ဆက်သွယ်ရေးကဏ္ဍတွင် မိုဘိုင်းဖုန်းသုံးစွၤဲသူ အရေအတွက်သည် ၂၂၇ သန်းရှိကာ ကမ္ဘာတွင်ဒုတိယအများဆုံးဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ ဆေးဝါးထုတ်လုပ်မှုဈေးကွက်သည် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၅ သန်းရရှိ မည်ဟု ခန့်မှန်းထားသည်။ တိုင်းပြည်စီးပွားရေး တိုးတက်လာသော်လည်း အိန္ဒိယပြည်သူအများစုသည် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅ အောက်သာ ရရှိကာ ဆင်းရဲနွမ်းပါးနေကြကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။
လူဦးရေ ၁၈ ဒသမ ၈ သန်းသည် ကလေး လုပ်သားများ၊ လူကုန်ကူးခံရသူများ၊အဓမ္မခိုင်းစေခံရသူများစသည်ဖြင့် ခေတ်သစ်ကျွန်ပြုခြင်းကို ခံနေကြရသည်။ လူဦးရေတိုးပွားနှုန်း ၁၇ ဒသမ ၆၄ ရာခိုင်နှုန်းရှိသဖြင့် အိန္ဒိယနိုင်ငံ၏ လူဦးရေသည် ၂၀၁၁ ခုနှစ်တွင် သန်း ၁၂၀၀ ကျော်(၁ ၂၁၀ ၁၉၃ ၄၂၂ ဦး) ရှိသည်။လူဦးရေအချိုးသည် အမျိုးသား ၁၀၀၀ တွင်အမျိုးသမီး ၉၄၀ ဖြစ်သည်။
အိန္ဒိယနိုင်ငံတွင်လူမျိုးစု ၂၁၂ မျိုး၊ဘာသာစကား ၂၂မျိုး ရှိသည့်အနက် လူဦးရေ အများစုသည် ဟင်ဒီဘာသာစကား ကို သုံးစွဲကြကာ အုပ်ချုပ်ရေးနှင့် စီးပွားရေးကဏ္ဍများတွင် အင်္ဂလိပ်ဘာသာကို အသုံးပြုသည်။ လူဦးရေ ၈၀ ရာခိုင်နှုန်းနီးပါးသည် ဟိန္ဒူ ဘာသာကိုကိုးကွယ်ကြကာ အစ္စလာမ်၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာကိုးကွယ်သူများလည်းရှိသည်။ အစ္စလမ် ၁၄% ၊ ခရစ်ယန် ၂.၃% ၊ ဆစ်ခ် ၁.၇% ၊ ဗုဒ္ဓဘာသာ ဝ.၇% နှင့် ဂျိန်း ဝ.၄% အသီးသီးဖြစ်ကြသည်။
လျင်မြန်သော စီးပွားရေး တိုးတက်လာသည့်တိုင် ဆင်းရဲမွဲတေမှုနှုန်းမြင့်နေသေးသည့် အိန္ဒိယနိုင်ငံသည် တောင် အာရှတွင် ထူးခြားသောနိုင်ငံတစ်ခုအဖြစ် ရပ်တည်နေကာ အာရှတိုက်၏ အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာခဲ့ပေသည်။
ကိုးကား
India (Wikipedia)
မောင် သာ (ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ် နိုဝင်ဘာလထုတ် သုတအလင်း မဂ္ဂဇင်းမှ
Discussion about this post