တကိုယ်လုံး အဝါရောင်ဖြစ်နေတဲ့ ဒီလိပ်ကလေးကိုတော့ အိန္ဒိယနိုင်ငံ Odisha ပြည်နယ်ထဲမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Balasore မြို့အနီး Sujanpur ရွာက လယ်သမားတယောက်ဟာ သူ့လယ်ကွင်းထဲမှာ အလုပ်လုပ်နေရင်း နဲ့ ဒီလိပ်ကလေးကို အမှတ်မထင် တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ပထမတော့ လယ်သမားဟာ ဒီလိပ်ကလေးကို သူ့အိမ်ကိုယူသွားမလို့လုပ်ခဲ့ပေမယ့် ပုံမှန်မဟုတ်ပဲ ထူးခြားတဲ့ပုံစံဖြစ်နေတာကြောင့် တာဝန်ရှိသူတွေထံ အကြောင်းကြားပေးပို့ခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ ဒီလိပ်ကလေးဟာ တောရိုင်းသဘာ၀ သက်ရှိ ထိမ်းသိမ်းစောင့်ရှောက်ရေးဌာနကို ရောက်ရှိသွားခဲ့ပါတယ်။ ဌာနရဲ့ ဒါရိုက်တာတယောက်ဖြစ်တဲ့ Siddhartha Pati ကတော့ ဒီလိုလိပ်ကလေးကို သူပထမဆုံး မြင်ဖူးခြင်းဖြစ်တယ် လို့ ဆိုပါတယ်။
အောက်တိုဘာလ ၂၇ ရက်က သစ်တောအရာရှိတယောက်ဟာ ဒီ အဝါရောင်လိပ်ကလေးရဲ့ ဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ် မှာ ပြန်လည်မျှဝေခဲ့ပြီးတဲ့ နောက်မှာတော့ ထူးခြားတဲ့ပုံသဏ္ဍာန်ကြောင့် အင်တာနက်မှာ လူသိများ ရေပန်းစားသွားခဲ့ပါတယ်။ လူအများစုကတော့ လိပ်ကလေးကို အရည်ပျော်နေတဲ့ ဒိန်ခဲ နဲ့ ခိုင်းနှိုင်းနာမည်ပေးကြပါတယ်။ (တကယ်တော့ ဒီလိပ်ကလေးကို ဇူလိုင်လကတည်းက တွေ့ခဲ့တာဖြစ်ပါတယ်။ )
လိပ်ကလေးဟာ flapshell အမျိုးအစား ရေလိပ်ဖြစ်ပြီး ဒီလိုလိပ်အမျိုးအစားတွေကိုတော့ အိန္ဒိယအပါအဝင် တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန် ၊ သီရိလင်္ကာ ၊ နီပေါ ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အရှေ့တောင်အာရှက မြန်မာနိုင်ငံတို့မှာ တွေ့ရလေ့ရှိတယ်လို့ သိရပါတယ်။ အိန္ဒိယ flapshell လိပ်တွေဟာ ပုံမှန်အရွယ်အစား ခန္ဓာကိုယ်အလျား ၉လက်မ ကနေ ၁၄ လက်မခန့်အထိ ရှိပြီး ဖား ၊ ခရု နဲ့ ရေနေ အပင်လေးတွေကို စားသုံးလေ့ရှိကြပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီလိပ်ကလေး တကိုယ်လုံး အဝါရောင်ဖြစ်နေတာဟာ ရှားပါးတဲ့ albino ရောဂါကြောင့်လို့ဆိုပါတယ်။
Albino ရောဂါကိုတော့ မွေးရာပါ အသားအရောင်နဲ့ ဆံပင် ဆွတ်ဆွတ်ဖြူတဲ့ ရောဂါတစ်မျိုးလို့ ကျွန်တော်တို့သိကြပါတယ်။ ဒီလိပ်ကလေးကတော့ ခြေတွေ လက်တွေကအစ တကိုယ်လုံး ဝါနေတာပါ။ လိပ်ကလေး အခုလိုဖြစ်နေတာဟာ မွေးရာပါဖြစ်ပြီး ကိုယ်တွင်းမှာရှိတဲ့ tyrosine ရောင်ခြယ်ပစ္စည်း ပါဝင်မှု နည်းပါးတာကြောင့်ဖြစ်ကာ အခြားတိရစ္ဆာန်အချို့မှာလည်း ဒီလိုအခြေအနေကို တွေ့ရတတ်တယ်လို့ Siddhartha Pati က ဆိုပါတယ်။
ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရတော့ လိပ်ကလေးဟာ အရွယ်ရောက်ပြီးဖြစ်ကာ အသက် ၁နှစ်ခွဲကနေ ၂နှစ်ကြား ရောက်ရှိနေပြီ လို့သိရပါတယ်။ ၁၉၉၇ ခုနှစ်ကလည်း အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်မှာ တကိုယ်လုံးအဝါရောင်ရှိပြီး မျက်လုံးပန်းရောင် ဖြစ်နေတဲ့ လိပ်ကလေးတကောင် ကို ရှာဖွေတွေ့ရှိခဲ့ဖူးပါသေးတယ်။ သြဂုတ်လကလည်း ဒီလိပ်နဲ့ ပုံစံတူလိပ်ကလေးကို နီပေါနိုင်ငံမှာ တွေ့ရှိခဲ့ရပါသေးတယ်။ အခုတခါ တွေ့ရတဲ့လိပ်ကလေးဟာ အိန္ဒိယမှာ ဒုတိယမြောက်တွေ့ရတဲ့ Albino လိပ်ကလေး ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီလိပ်ကလေးကို ရွာအနီးက ရေကန်ထဲကို ပြန်လွှတ်ပေးလိုက်ပြီ လို့ သိရပါတယ်။
Discussion about this post