ဘာသာပြန်သူ –နိုင်းနိုင်းစနေ
“မေကြီး… သမီးရဲ့ပစ္စည်းကို မေကြီးဘယ်နားထားလိုက်သလဲ?”
ရိုးရိုးရှင်းရှင်းစကားလေး တစ်ခွန်းတည်းပါပဲ.. ဒါပေမယ့် မိခင်အပေါ် မှီခိုခြင်းတွေပါနေခဲ့တယ်။ ကျွန်မတို့ဟာ မိဘတွေရဲ့ ကရုဏာအကြင်နာ၊ ဂရုစိုက်ပျိုးထောင်မှုအောက်ကနေ တဖြေးဖြေးကြီးပြင်းလာခဲ့ကြတယ်။
“သမီး အရွယ်ရောက်နေပြီနော်.. ကိုယ့်ပစ္စည်းကိုယ်သေချာမသိမ်းဘဲ အမေ့ကို လာမေးနေသေးတယ်”
အမေရဲ့တဗျစ်တောက်တောက် မြည်တွန်းမှုတွေက ချစ်ခြင်းမေတ္တာအသွင် ပြောင်းသွားခဲ့တယ်။
“မြန်မြန် မေကြီးရဲ့.. ဘယ်နားထားလိုက်လဲဆို .. သမီးရုံးနောက်ကျတော့မယ်”
အမေရဲ့ဗျစ်တောက်တောက်ကို ကျွန်မတို့ကအမြဲတမ်း စိတ်မရှည်၊ စိတ်ရှုပ်တာနဲ့ တုန့်ပြန်ခဲ့တယ်။
“သမီး.. ရုံးမသွားခင် အမေ့ကို အပ်နဲ့အပ်ချည်ထိုးပေးခဲ့ပါနော်”
အရင်တုန်းက အပ်တစ်ပင်ချင်းထိုးပြီး ကျွန်မတို့အတွက် အမေအင်္ကျီတွေဖာထေး၊ ချုပ်ပေးခဲ့တာတွေကို ကျွန်မအမှတ်တမဲ့ သတိရလိုက်မိတယ်။ အရင်တုန်းကပုံရိပ်လေး မတွေ့တာတောင် ကြာခဲ့ပပေါ့လား!
အချိန်ဖြတ်သန်းကုန်လွန်တာကို သတိမထားမိချိန် သားသမီးတွေက မိခင်ကိုမှီခိုရာကနေ မိခင်က သားသမီးတွေကို ပြန်မှီခိုချိန်ရောက်ခဲ့ပြီ။
အချိန်ဖြတ်သန်းကုန်လွန်တာကို သတိမထားမိချိန် မိဘတွေရဲ့ခေါင်းပေါ်က ဆံပင်နက်နက်တွေ ငွေရောင်သမ်းခဲ့ပြီ။
အချိန်ဖြတ်သန်းကုန်လွန်တာကို သတိမထားမိချိန် မိဘတွေရဲ့မျက်ထောင့်က အရစ်ကြောင်းတွေ နက်သထက်နက်ခဲ့ပြီ။
မိဘတွေရဲ့ ပါးစပ်ဖျားက တပျစ်ပျစ်တောက်တောက်သံတွေဟာ ဘယ်အချိန် ဘယ်အခါကတည်းက သက်ပြင်းချသံတွေအဖြစ် ပြောင်းသွားခဲ့ပြီလဲ?
သူတို့ ဘာကိုသက်ပြင်းချနေသလဲ? လူ့ဘဝ တိုတောင်းတာကိုပေါ့။
သူတို့ ဘာကိုပူပင်သောကရောက်နေသလဲ? သားသမီးတွေရဲ့ အနာဂတ်ကိုပေါ့။
လောကမှာ ကိုယ့်သားသမီးကိုမချစ်တဲ့ မိဘဆိုတာမရှိသလို၊ ကိုယ့်သားသမီးရဲ့ အနာဂတ်ကို စိတ်မပူတဲ့မိဘဆိုတာလည်း မရှိပါဘူး။
ကိုယ့်မျက်စိရှေ့က သစ်ပင်ကြီးဟာ ဘယ်အချိန် ဘယ်အခါကတည်းက အိုမင်းရင့်ရော်သွားခဲ့ပါသလဲ?
ကိုယ့်ကိုစောင့်မျှော်နေတဲ့ မီးအိမ်လေးတစ်လုံးက ဘယ်အချိန် ဘယ်အခါမှာ ငြိမ်းသွားခဲ့သလဲ?
မိဘတွေရဲ့စကားတွေမှာ မောပန်းနွမ်းနယ်မှုတွေ ဘယ်အချိန် ဘယ်အခါကတည်းက ပါနေခဲ့သလဲ?
ပြင်ပလောကမှာ စိတ်ထိခိုက်ကြေကွဲစရာတွေ ဘယ်လောက်ပဲကြုံခဲ့ကြုံခဲ့ မိဘတွေက ကျွန်မတို့ရဲ့ ရင်ဖွင့်ရာနေရာ၊ မှီခိုကမ်းကပ်ရာ ဆိပ်ကမ်းကြီးပါ။ နွေမိုးဆောင်းရာသီတွေ ဘယ်လိုပဲဖြတ်သန်းကုန်လွန်ပါစေ… ဒီရာသီပြီးရင် နောက်ရာသီကလာစမြဲ၊ ဒီကနေ့ကုန်ရင် မနက်ဖြန်ကရောက်လာစမြဲ။ အချိန်အလှည့်အပြောင်းမှာ ကုန်လွန်ဖြတ်သန်းရတာက ဥတုရာသီ၊ ဒီကနေ့၊ မနက်ဖြန်ဆိုတဲ့ နေ့ရက်တွေအပြင် မြင်သာမြင်ပြီး ကိုင်တွယ်လို့မရတဲ့ နုပျိုခြင်းတွေလည်း ပါပါတယ်။
မိဘတွေက အိုမင်းသွားလည်း ချစ်ခြင်းမေတ္တာက မပြောင်းလဲဘူး။ အဲဒီချစ်ခြင်းမေတ္တာကို သားသမီးတွေက ဆက်လက်ထိန်းသိမ်းတယ်။ ဒါဟာ လောကကြီးမှာ မပြောင်းလဲတဲ့ မပြောင်းလဲနိယာမပဲဖြစ်မယ်ထင်ပါတယ်။ ကျွန်မတို့ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ရာထူးကြီးသည်ဖြစ်စေ၊ ရာထူးမဲ့သည်ဖြစ်စေ မိဘတွေရဲ့အကြည့်မှာ၊ မိဘတွေရဲ့ရှေ့မှာ ကျွန်မတို့ဟာ အမြဲတမ်း ကလေးငယ်တစ်ယောက်ပါပဲ။ ကိုယ့်သားသမီးဘေးမှာနေပြီး သားသမီးတွေကြီးပြင်းလာတာကို အရိပ်တကြည့်ကြည့် ကြည့်ချင်ခဲ့တာ မိဘတိုင်းရဲ့ရင်ထဲကဆန္ဒပါ။
“ဖေဖေမေမေတို့ ပင်ပန်းပါပြီ။ ကျွန်မတို့ ကြီးပြင်းလာခဲ့ပါပြီ။ ဖေဖေမေမေတို့ကို ကျွန်မတို့ တစ်လှည့်ပြုစုပါရစေနော်” ဆိုတဲ့စကားတစ်ခွန်းက မိဘတွေအပေါ် ကျွန်မတို့အမြဲအကြွေးတင်နေတဲ့ စကားပဲဖြစ်မယ် ထင်ပါတယ်။
http://www.duwenzhang.com/wenzhang/qinqingwenzhang/20111014/203288.html
Discussion about this post