အိမ်ဖြူတော်ဟာ အမေရိကန် နိုင်ငံနဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေမှာ မကြာခဏ ပါလေ့ရှိတာကို အားလုံးသိကြမှာပါ။ အိမ်ဖြူတော်နဲ့ ပါတ်သတ်တဲ့အကြောင်းအရာလေးတချို့ကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတ အဖြစ် ပြန်လည် မျှဝေလိုက်ပါတယ်
အိမ်ဖြူတော်သည် အမေရိကန် သမ္မတ၏ တရားဝင်စံအိမ် နှင့် အလုပ်တက်ရာရုံး ဖြစ်ပြီး အမှတ် ၁၆၀၀ ပင်စီဗေးနီးယားရိပ်သာလမ်း၊ ဝါရှင်တန်ဒီစီတွင် တည်ရှိသည်။ အိမ်ဖြူတော်ကို အိုင်ယာလန်တွင်မွေးဖွားသည့် ဗိသုကာပညာရှင် ဂျိမ်းစ် ဟိုဘန်က ဒီဇိုင်းရေးဆွဲခဲ့ပြီး ၁၇၉၂ မှ ၁၈၀၀ ခုနှစ်အတွင်း ဆောက်လုပ်ခဲ့သည်။ အခြေခံအားဖြင့် အမေရိကန် ပြည်ထောင်စု၏ အုပ်ချုပ်ရေး မဏ္ဍိုင်တွင် အာဏာအမြင့်ဆုံးတည်ရှိရာ ရုံးအဆောက်အဦးလည်း ဖြစ်ပေသည်။
ပထမဆုံး သမ္မတဖြစ်သည့် ဂျော့ချ် ဝါရှင်တန် လက်ထက်တွင် စတင်အုပ်မြစ်ချခဲ့ပြီး ရှစ်နှစ်အကြာ ဒုတိယမြောက် သမ္မတ ဂျွန် အဒမ်စ် လက်ထက်တွင်မှ အကြမ်းထည် ပြီးစီးသည်။ ၁၊ နိုင်ဝင်ဘာ၊ ၁၈၀၀ပြည့်နှစ်တွင်မှ သမ္မတဂျွန် အဒမ်စ်က စတင်ပြောင်းရွှေ့နေထိုင်ရာမှာ အိမ်ဖြူတော်သည် တရားဝင် သမ္မတစံအိမ်၊ အုပ်ချုပ်ရေးရုံးဖြစ်လာသည်။ အဒမ်စ် အနေဖြင့်လည်း ပထမဆုံး အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်သည့် သမ္မတအဖြစ် မှတ်တမ်းဝင်သည်။ (ပထမမြို့တော်မှာ နယူးယောက်မြို့၊ ထိုနောက် ဖီလာဒဲဖီးယားမြို့သို့ ပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံးမှ ဝါရှင်တန်ဒီစီ ရှိ အိမ်ဖြူတော်သို့ ရောက်လာခြင်းဖြစ်သည်။)
အိမ်ဖြူတော်ဟု ခေါ်တွင်ခြင်းမှာလည်း ဂျော့ချ် ဝါရှင်တန်နှင့် ပက်သက်နေပြန်သည်။ ဗာဂျီးနီးယားပြည်နယ်ရှိ ၎င်းပိုင်ဆိုင်သော စိုက်ပျိုးရေးခြံအမည်မှာ White House Plantation ဖြစ်ပြီး ထိုခြံမှာ ဝါရှင်တန်၏ ဇနီးဖြစ်လာမည့် သူနှင့် ဆုံတွေ့ပြီးချစ်ကျွမ်းဝင်ခဲ့သည့် နေရာဖြစ်သည်။ အိမ်တော်ကို အမည်ပေးရန် စည်းဝေးဆွေးနွေးကြစဉ်တွင်လည်း အဆိုပြုချက်များအနက် အဖြူရောင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့်အတွက်လည်းကောင်း၊ သမ္မတကြီးအနေဖြင့်လည်း မော်ကွန်းတင်လိုသောကြောင့် လည်းကောင်း အိမ်ဖြူတော်(The White House) ဟု သတ်မှတ်လိုက်ကြသည်။
အိမ်ဖြူတော်သို့ ပထမဆုံးပြောင်းရွှေ့လာပြီးသည့်နောက် ဂျွန် အဒမ်စ်သည် သူ၏ ဇနီး အဘီဂေးလ် ထံစာပို့ရာတွင် အိမ်ဖြူတော်နှင့်ပက်သက်၍ အောက်ပါ ဆုတောင်းစာကို ထည့်သွင်းရေးသားခဲ့သည်။
ဒီအိမ်တော်အပေါ်ကို ကောင်းကင်ဘုံက အမြင့်မြတ်ဆုံးသော ကောင်းချီးပေးခြင်း ခံရစေကြောင်း ငါဆုတောင်းတယ်။ အဲ့ဒီအခြင်းအရာ(ကောင်းချီး)အားလုံးဟာ ထာဝရ ကိန်းအောင်းတည်ရှိနေပါစေ။ တိုင်းပြည်အပေါ်မှာ ရိုးသားဖြောင့်မတ်စွာ သစ္စာရှိပြီး ပညာရည်ပြည့်ဝသော ပုဂ္ဂိုလ်များမှတစ်ပါး အခြားသူများ ဒီအမိုးအောက်မှာ တိုင်းပြည်အာဏာကို စွဲကိုင်အုပ်ချုပ်တာမျိုး မရှိပါစေနဲ့။”
(“I pray Heaven to bestow the best of the blessings on this House, and all that shall hereafter inhabit it. May none but honest and wise men ever rule under this roof”) ဟူ၍ ဖြစ်သည်။ အဆိုပါစာသားမှာ ၃၂ဦးမြောက် သမ္မတ ဖလန်ကလင် ဒီလာနို ရုစဗဲ့ လက်ထက်တွင် အိမ်ဖြူတော်အတွင်းရှိ နိုင်ငံတော်ညစာစားခန်းမ၏ နံရံပေါ်တွင် ရေးထွင်း၍ မော်ကွန်းတင်ခဲ့သည်။
အစပထမက အိမ်ဖြူတော်ဟူ၍ တရားဝင်မခေါ်ခဲ့ပဲ သမ္မတနန်းတော် ၊ သမ္မတအိမ်တော် ၊ အစိုးရအိမ်တော် စသည်ဖြင့် အမျိုးမျိုးခေါ်ခဲ့ကြပြီး သမ္မတ သီအိုဒိုရုစဗဲ့လက်ထက် ၁၉၀၁ တွင်မှ အိမ်ဖြူတော်(White House) ဟု တရားဝင် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
အိမ်ဖြူတော်ထဲမှာ ဘာတွေရှိလဲ
အိမ်ဖြူတော်ရဲ့အကျယ်ဟာ ၅၅၀၀၀ စတုရန်းပေခန့် ရှိပြီး ဒီအထဲမှာ အခန်းပေါင်း ၁၃၂ခန်း ၊ ကိုယ်လက်သန့်စင်ခန်းပေါင်း ၃၅ခန်း ၊ တံခါးပေါင်း ၄၁၂ပေါက် နဲ့ ပြတင်းပေါက်ပေါင်း ၁၄၇ပေါက် ပါဝင်ပါတယ်။ ဒါ့အပြင် မီးလင်းဖိုပေါင်း ၂၈ ခု၊ လှေခါးအိမ် ၈ ခုနဲ့ ဓာတ်လှေခါး ၃ ခုတို့ပါဝင်ပါသေးတယ်။
အိမ်ဖြူတော်မှာ ကြီးမားတဲ့ မီးဖိုးချောင်ကြီးတစ်ခုလည်း ပါရှိပါတယ်။ လူ ၁၄၀ စာကို အလုံအလောက်ချက်ပေးနိုင်တဲ့ ကမ္ဘာ့အဆင့်မီ စားဖိုမှူးများရှိပါတယ်။ လူ ၁၄၀ လို့ဆိုရခြင်းက အိမ်ဖြူတော်ရဲ့ စားသောက်ခန်းမဟာ တစ်ပြိုင်နက် လူ ၁၄၀ပဲ ဆန့်လို့ဖြစ်ပါတယ်။
အခန်းတွေရာချီရှိတဲ့အထဲမှာ နာမည်အကြီးဆုံးကတော့ Oval Office လို့ အားလုံးသိကြတဲ့ ဘဲဥပုံသဏ္ဍာန်ရုံးခန်းဖြစ်ပါတယ်။ အဲဒီရုံးခန်းထဲမှာ သမ္မတအသုံးပြုဖို့ ကြီးမားတဲ့စားပွဲကြီးတစ်လုံးရှိပါတယ်။ အိမ်ဖြူတော်မှာ စားပွဲတွေများစွာရှိတဲ့အထဲမှာ ဒီစားပွဲက နာမည်ကြီးပါတယ်။ အကြောင်းကဒီလိုပါ၊
ဒီစားပွဲကိုတော့ ၁၈၅၀ခုနှစ်မှာ အင်္ဂလန်ရေတပ်မတော်သင်္ဘော HMS Resolute ဆီက သစ်တွေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ ၁၈၇၉ခုနှစ်မှာ အဲဒီစားပွဲကို ဗြိတိန် ဝိတိုရိယဘုရင်မကြီးက အမေရိကန် ၁၉ဆက်မြောက် သမ္မတ Rutherford B. Hayes ကိုလက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။
အဲဒီ Oval Office ထဲမှာ တံခါးမကြီး ၄ခုရှိပါတယ်။ တံခါးတစ်ခုက စားသောက်ခန်းအငယ်စားလေး နဲ့ စာဖတ်ခန်းဆီရောက်ပါတယ်။ တံခါးမနှစ်ခုကတော့ အိမ်ဖြူတော်ရဲ့ အနောက်ဘက်အဆောင်ကိုရောက်ပါတယ်။ အနောက်ဘက်ဆောင်မှာ ဒုသမ္မတနဲ့ အခြားအရေးကြီးတဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ရုံးခန်းရှိပါတယ်။
နောက်ဆုံးတံခါးကနေ ထွက်လိုက်ရင်တော့ အလွန်လှပတဲ့ နှင်းဆီပန်းခြံထဲကိုရောက်မှာပဲဖြစ်ပါတယ်။ Oval Office ရဲ့နံရံမှာတော့ ထင်ရှားတဲ့ပန်းချီကားပေါင်းများစွာကို ချိတ်ဆွဲထားပါတယ်။ ဒီပန်းချီကားတွေကိုတော့ ပြတိုက်တွေကနေ ယူထားတာဖြစ်ပြီး နောက်ထပ် သမ္မတသစ်တစ်ယောက်တက်တဲ့အခါ ကိုယ်မကြိုက်တဲ့ပန်းချီကားကို ဖြုတ်ကာ ကြိုက်နှစ်သက်တဲ့ပန်းချီကားနဲ့ အစားထိုးခွင့်ရှိပြီး နံရံရဲ့အရောင်ကိုလည်း သူ့စိတ်ကြိုက်အရောင်သုတ်ခွင့်ရှိပါတယ်။
နောက်ထပ်ထင်ရှားတဲ့ အခန်းတွေကတော့ အစိုးရအစည်းဝေးခန်း ၊ အခြေအနေစောင့်ကြည့်ရေးခန်း ၊ သမ္မတအရေးဖော် operationများ ပြုလုပ်ခန်း ၊ ရုစဗဲ့အခန်း ၊ လင်ကွန်းအိပ်ခန်း ၊ လင်ကွန်းစာဖတ်ခန်း ၊ မြေပုံခန်း၊ ဘုရင်မအခန်း တွေဖြစ်ပါတယ်။ ဘုရင်မအခန်းကတော့ အမေရိကန်ကိုလာရောက်လည်ပတ်ခဲ့တဲ့ အင်္ဂလန် ၊ နယ်သာလန် ၊ နိပေါ ၊ နော်ေ၀ ၊ ဂရိ စတဲ့နိုင်ငံတွေရဲ့ဘုရင်မတွေ နေထိုင်ခဲ့တဲ့အခန်းဖြစ်ပါတယ်။
ဒီအခန်းထဲမှာ တည်းခိုနေထိုင်ဖူးတဲ့ယောင်္ကျားသားတစ်ယောက်ကတော့ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီဖြစ်ပါတယ်။ အစကတော့ဒီအခန်းရဲ့နာမည်က နှင်းဆီခန်းဖြစ်ပြီး ဘုရင်မတွေများစွာတည်းခိုရာကနေ ဘုရင်မအခန်းဆိုပြီးပြောင်းခေါ်ခဲ့တာဖြစ်ပါတယ်။ ထူးထူးခြားခြား အာရှယဉ်ကျေးမှုတွေနဲ့ပြင်ဆင်ထားတဲ့ အခန်းတစ်ခန်းလည်းရှိပါသေးတယ်။ ဒီအခန်းကိုတော့ တရုတ်ခန်း(China Room) လို့ခေါ်ပါတယ်။
အိမ်ဖြူတော်မှာ သမ္မတအပန်းဖြေခန်းလည်းရှိနေပါသေးတယ်။ အရှေ့ဘက်အဆောင်မှာ လူ ၄၂ယောက်ကြည့်နိုင်တဲ့ ရုပ်ရှင်ရုံငယ်တစ်ခုကို သမ္မတအပန်းဖြေကြည့်ရှု့ဖို့အတွက်ထားရှိပါတယ်။ Oval Office ရဲ့အရှေ့ဘက်မှာတော့ သမ္မတတွေ အနီးကပ် ဂေါက်ရိုက်ကွင်းရှိသလို ရေကူးကန်တစ်ခုလည်းရှိပါတယ်။
အိမ်ဖြူတော်စာကြည့်တိုက် ၊ ဘတ်စကတ်ဘောကွင်း ၊ တင်းနစ်ကွင်း ၊ ဘိုးလင်းပစ်ခန်းတွေလည်းရှိပါတယ်။ ဒီနေရာကို အများပြည်သူတွေအား လာရောက်လည်ပတ်ခွင့်ပေးထားပြီး တစ်ပတ်ကို လူ ၃၀၀၀၀ကျော် လာရောက်လည်ပတ်လျှက်ရှိပါတယ်။ အောက်မှာသွားရောက်လည်ပတ်ခဲ့သူရဲ့ ဗီဒီယိုကိုတင်ပေးထားပါတယ်။
VIDEO-
Discussion about this post