မူရင်းရေးသားသူ – Ko Hla Soe Wai
ဗီယက်နမ် မြောက်ပိုင်းရှိ ထိုင် ငုယင် တွင်ရှိသော ဆမ်ဆောင်း အီလက်ထရောနစ် စက်ရုံကြီးတွင် ဗီယက်နမ် အမျိုးသား အမျိုးသမီးခြောက်သောင်း ခန့် ဝင်ရောက်လုပ်ကိုင်နေကြပြီး စက်ရုံကြီး အတွင်း ဖွင့်လှစ်ထားသော ကင်တင်း သုံးခုမှ နေ့စဉ် ဆန်တန်ချိန် ၁၃ တန် ခန့် အထိ အလုပ်သမားများ စားသုံးလျက်ရှိတယ်လို့ ဆိုပါတယ်။ အဆိုပါ စက်ရုံကြီးကနေ ကမ္ဘာ အခြားနေရာများရှိ စက်ရုံများထက် ပိုမို၍ လက်ကိုင်ဖုန်းများကို ထုတ်လုပ်ပေးလျက်လည်းရှိနေပါတယ်။
ဗီယက်နမ်နိုင်ငံအတွင်းရှိ ဆမ်ဆောင်းပိုင် အခြားသော စက်ရုံများ၏ ထုတ်လုပ်မှု နှင့် ပေါင်းစပ်လိုက်မည်ဆိုက ကမ္ဘာ့လက်ကိုင်ဖုန်း စုစုပေါင်း ထုတ်လုပ်နိုင်မှု၏ သုံးပုံတပုံအား ဗီယက်နမ် မှ ထုတ်လုပ်လျက်ရှိသည်ဟု ပြောနိုင်ပါတယ်။ ထို့ အတွက်လည်း ဆမ်ဆောင်းမှ နိုင်ငံအတွင်း ဒေါ်လာ ၁၇ ဘီလီယံရင်းနှီး မြုပ်နှံထားခဲ့ပြီးလည်း ဖြစ်ပါတယ်။
ဗီယက်နမ်သည် ဆမ်ဆောင်းအတွက် အရေးပါသလို ဆမ်ဆောင်းသည်လည်း ဗီယက်နမ်အတွက် အရေးပါလှသည်ဟု ဆိုရမည်သာပင်။ မနှစ်က ဆမ်ဆောင်း၏ ဝင်ငွေသည် ဒေါ်လာ ၅၈ ဘီလီယံ ရရှိခဲ့တဲ့အတွက် ဗီယက်နမ်၏ အကြီးဆုံး ကုမ္ပဏီ ဖြစ်တဲ့ PeteoVietnam သည်ပင် ကပ်ပြီး ကျန်ခဲ့ရပါတယ်။ ဗီယက်နမ်သည်လည်း ကမ္ဘာတွင် တရုတ်ပြီးလျင် ဒုတိယ အများဆုံးလက်ကိုင်ဖုန်း တင်ပို့ ရောင်းချတဲ့ နိုင်ငံ ဖြစ်လာခဲ့ပြန်ပါတယ်။
မနှစ်က ဗီယက်နမ်၏ ပြည်ပပို့ ကုန် ဒေါ်လာ ၂၁၄ ဘီလီယံ ရှိတဲ့ အနက် ဆမ်ဆောင်း၏ ပို့ကုန်ပမာဏ သည် လေးပုံတပုံ နေရာယူနိုင်ခဲ့ပါတယ်။ ဒါတွေအားလုံးက ဗီယက်နမ်ရဲ့ စီးပွားရေးကို အကြီးအကျယ် မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။
ဆမ်ဆောင်း အတွက် လိုအပ်တဲ့ပစ္စည်းများထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီ အရည်အတွက်သည်လည်း ၇ ဆ အထိ တိုးတက်များပြားလာခဲ့ပြန်ပါတယ်။ ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်ကြီးများ နဲ့ ရှော့ပင်းမောများလည်း ဆမ်ဆောင်း ရှိရာ စက်မှု ဇုန်အနီးမှာ မှိုလိုပေါက်လာခဲ့ပါတယ်။
၂၀၀၇ ခုနှစ် ကမ္ဘာကုန်သွယ်ရေး အဖွဲ့ချုပ်ကို ဝင်ရောက်ခွင့်ရပြီးကတည်းကက ဆယ်နှ်စ်အတွင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြုပ်နှံမှု ပမာဏဒေါ်လာ ၁၀၈ ဘီလီယံ ရရှိခဲ့တဲ့ အထဲမှာ တောင်ကိုရီယား မှ မြုပ်နှံမှု သုံးပုံတပုံ ပါဝင်ခဲ့ပါတယ်။
ဆမ်ဆောင်းအပြင် LG ကလည်း ဒေါ်လာ ၁.၅ ဘီလီယံတန် ရုပ်မြင်သံကြား ဖန်သားပြင် ထုတ်လုပ်တဲ့ စက်ရုံကြီးကို ဟိုင်ဖုန်မှာ တည်ဆောက်ခဲ့ပြီး Lotte ကလည်း ဆူပါမားကက်ဆိုင်ကြီးတွေ အနှံ့အပြား ဖွင့်လှစ်ခဲ့ပြန်ပါတယ်။
နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုတွေက လွန်ခဲ့သော နှစ်အတွင်း GDP ရဲ့ ၈% ရှိတဲ့ အတွက် ဒေသအတွင်း ပြိုင်ဖက်နိုင်ငံများထက် နှစ်ဆခန့် ပိုမိုရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
နိုင်ငံ၏ ထုတ်ကုန် ပမာဏ စုစုပေါင်း၏ ၂၀% အား နိုင်ငံခြားပိုင် ကုမ္ပဏီများက ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။ ကွန်မြူ နစ်နိုင်ငံ ဆိုပေမယ့်လည်း နိုင်ငံခြား ကုမ္ပဏီများက အစိုးရပိုင် လုပ်ငန်ုးများထက် နှစ်ဆနီးပါးလောက် များပြားနေခဲ့ပါပြီ။
ဗီယက်နမ်ရှိ အလုပ်သမားများက ငယ်ရွယ်ပြီး ဈေးပေါပေါနဲ့ ခိုင်းနိုင်သူ အလျံပါယ် ရှိနေပြီးဖြစ်တာကြောင့် ဆမ်ဆောင်း အတွက် တရုတ်ပြည်နဲ့ နှိုင်းယှဉ်က သဘောကျစရာကြီး ဖြစ်လာခဲ့ပါတယ်။ တရုတ်ပြည်ရှိ အလုပ်လုပ်နိုင်သူများက ဗီယက်နမ် နှင့် နှိုင်းစာလျင် ပျမ်းမျ ၇ နှစ်ခန့် အိုမင်းနေပြီး လုပ်အားခကလည်း နှစ်ဆကျော် ပေးနေရပါတယ်။
ဈေးပေါတဲ့ လုပ်အားခကြောင့်လည်း ဆမ်းဆောင်းအဖို့ Apple ထက် ဈေးပေါတဲ့ လက် ကိုင်ဖုန်းတွေ ထုတ်လုပ်ရောင်းချနိုင်ခဲ့တာလည်း တကြောင်းအပါအဝင် ဖြစ်ပါတယ်။ ဗီယက်နမ်က တပ်ဆင်ပြီးသား ကုန်ပစ္စည်း တွေ တင်ပို့နေတာလည်း ဖြစ်ပါတယ်။ ဗီယက်နမ်က ၎င်းတို့ရဲ့ စီးပွားရေးကို လွတ်လပ်ခွင့်ပေးပြီး ပြည်ပစက်မှုလုပ်ငန်းများကို ကြိုဆိုခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။
၂၀၁၅ အတွင်းမှာ ပြည်တွင်းရှိ လုပ်ငန်းပေါင်း ၅၀ အား ပြည်ပမှ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးခဲ့ပါတယ်။ အစိုးရပိုင် Sabeco ဆိုတဲ့ အဖျော်ယမကာ စက်ရုံကြီးရဲ့ ရှယ်ယာအများစုအား မနှစ်က ပြည်ပ ကုမ္ပဏီကြီး တခုကို ချရောင်းပစ်ခဲ့ပါတယ်။
ဗီယက်နမ်က ပြည်ပနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်တွေ ချုပ်ဆိုနိုင်ဖို့ အမြဲလို ကြိုးစားနေတာကြောင့်လည်း ပြည်ပရင်းနှီးမြုပ်နှံသူတွေက အထူးမျက်စိကျနေကြပါတယ်။ ပစိဖိတ် ဖြတ်ကျော် အကျိုးတူ ပူးပေါင်းရေးအဖွဲ့ကို တည်ထောင်ရာမှာလည်း သြစတေးသျ ဂျပန် နဲ့ ကနေဒါတို့ နဲ့ အတူ ပါဝင်ခဲ့ပြီးလည်းဖြစ်ပါတယ်။
မကြာမီ မှာပဲ အီးယူနဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးဖို့လည်း ရှိနေပါတယ်။ တောင်ကိုရီယား နဲ့ လည်း အဆိုပါ စာချုပ်မျိုး၂၀၁၅ အတွင်းမှာ လက်မှတ်ရေးထိုးပြီး ဖြစ်တာကြောင့် ဗီယက်နမ်ရဲ့ စတုတ္ထမြောက် ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လျက် ရှိနေပြီ ဖြစ်ပါတယ်။
အောက်ကပုံကတော့ ဗီယက်နမ် စစ်အတွင်း နာမည်ကြီးခဲ့တဲ့ ဟိုင်ဖုန်းကို အမေရိကန်တို့ ရက်စက်စွာ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးပုံ နဲ့ ယနေ့ ဟိုင်ဖုန်း မြင်ကွင်းကို ယှဉ်ပြထားတာဖြစ်ပါတယ်။ ယခုဆိုရင် ဗီယက်နမ် စစ်ကြီး အဆုံးသတ်ခဲ့တာ နှစ်ပေါင်း ၄၃ နှစ် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
(တကယ်တော့ ဆမ်းဆောင်းရဲ့ ပထမဆုံးရင်းနှီးမြုပ်နှံဖို့ ရွေးချယ်ခဲ့တဲ့ နိုင်ငံက မြန်မာနိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့်လည်း…….)
ကိုးကား။ ။ “Phone home” from The Economist
April 14th 2018
Hla Soe Wai
Discussion about this post