ရေးသားသူ – ဆရာ မောင်သာ(ရှေးဟောင်းသုတေသန)
သုတအလင်း မဂ္ဂဇင်း
` စီးပွားရေးတိုးတက်မှုမြင့်မားကာ စက်မှုလုပ်ငန်းထွန်းကားသည့်နိုင်ငံဖြစ်လာခဲ့ပြီး အလျင်အမြန် ချမ်းသာကြွယ်ဝခဲ့သည့် အာရှနိုင်ငံလေးခုကို အာရှကျားလေးကောင် သို့မဟုတ် အာရှနဂါးလေးကောင်ဟု တင်စားကြသည်။ ယင်းနိုင်ငံများသည် ၁၉၆၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ်များ အတွင်း နှစ်စဉ် စီးပွားတိုးတက်မှု ခုနစ်ရာခိုင်နှုန်းအထက်ရရှိခဲ့သည်။ ထို့ကြောင့် စင်္ကာပူ၊ ထိုင်ဝမ်၊ဟောင်ကောင်တို့နှင့်အတူ အာရှကျား၊အာရှ နဂါးတစ်ကောင်အဖြစ် သတ်မှတ်ခြင်းခံရသည့် တောင်ကိုရီးယားနိုင်ငံသည် အာရှတိုက်၏ စီးပွားရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၏အမည် အပြည့်အစုံသည် ကိုရီးယား သမ္မတနိုင်ငံ(Republic of Korea)ဖြစ်၍ ဟန်လူမျိုးတို့၏ မဟာနိုင်ငံတော်ဟု အဓိပ္ပာယ်ရသည်။တောင်ကိုရီးယားနိုင်ငံသည် အာရှတိုက်ကုန်းမြေ၏ အရှေ့ပိုင်း၊ကိုရီးယားကျွန်းဆွယ်၏ တောင် ပိုင်းတွင်တည်ရှိကာ တောင်တန်းများထူထပ်ပြီး အပူအအေးမျှတသော မြောက်ပိုင်းဇုန်အတွင်းကျရောက်နေကာ ခန့်မှန်းခြေ လူဦး ရေ ၅၁ ဒသမ ၄ သန်းရှိ၍ နိုင်ငံမြို့တော်သည် လူဦးရေ ၁၀ သန်းနေထိုင်သည့် ဆိုးလ်ဖြစ်သည်။
ရှေးဟောင်းသုတေသန အထောက်အထားများအရ ကိုရီးယားကျွန်းဆွယ်တွင် ကျောက်ခေတ်နှောင်းပိုင်းမှစ၍ လူများနေ ထိုင်ခဲ့ကြသည်ဟု ဆိုသည်။သို့သော် ကိုရီးယားနိုင်ငံ၏ သမိုင်းသည် ခရစ်တော်မပေါ်မီ ၂၃၃၃ ခုနှစ်က စတင်ခဲ့ကြောင်း ရာဇဝင်များ က ဆိုခဲ့သည်။ခရစ်တော်ပေါ်ပြီး ၆၆၈ ခုနှစ်တွင် ကိုရီးယား ဘုရင့်နိုင်ငံတော်သုံးခုကို ပူးပေါင်း၍ Goryeo မင်းဆက်များက ၉၁၈ ခုနှစ် မှ ၁၃၉၂ ခုနှစ်အထိ၊Joseon မင်းဆက်များက ၁၃၉၂ ခုနှစ်မှ ၁၉၁၀ ပြည့်နှစ်အထိ အုပ်စိုးခဲ့သည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် ကိုရီးယားနိုင်ငံသည် ဆိုဗီယက်ခြမ်း မြောက်ပိုင်းနှင့် အမေရိကန်ဘက်ခြမ်း တောင်ပိုင်းဟု နှစ် နိုင်ငံကွဲခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် အမေရိကန်ဇုန် တောင်ဘက်ခြမ်းတွင် ရွေးကောက်ပွဲကျင်းပခဲ့ကာ ကိုရီးယား သမ္မတနိုင်ငံ (ROK) ပေါ်ထွန်းလာခဲ့သည်။ကုလသမဂ္ဂအဖွဲ့က ကိုရီးယားသမ္မတနိုင်ငံကို အသိအမှတ်ပြုခဲ့ပြီးဆိုဗီယက်တို့က မြောက်ပိုင်းတွင် ပြိုင်ဘက် အစိုးရအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည်။၁၉၅၀ ပြည့်နှစ်တွင် ကိုရီးယားမြောက်ပိုင်းက တောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ရာမှ သုံးနှစ် ကြာ ကိုရီးယားစစ်ပွဲဖြစ်ပွားခဲ့ကာ အမေရိကန်၊ ဆိုဗီယက်၊တရုတ်နှင့် အခြားနိုင်ငံများ ပါဝင်ပတ်သက်ခဲ့ကြသည်။
ပြည်နယ် ၁၇ ခုရှိသည့် တောင်ကိုရီးယားနိုင်ငံသည် စီးပွားရေး အထူးကောင်းမွန်တိုးတက်ခဲ့ကာ G 20 အဓိက စီးပွားရေး သို့ အသွင်ပြောင်းလာခဲ့ ကာ ၁၉၈၇ ခုနှစ်တွင် အရပ်သား အုပ်ချုပ်မှုစနစ်ကိုကျင့်သုံးခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသည် လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုတွင် အဆင့် ၁၈၊ ကမ္ဘာ့စီးပွားရေးအင်အားကောင်းမွန်မှုတွင် အဆင့် ၁၁၊ ပြည်ပပို့ကုန်တင်ပို့မှုတွင်အဆင့် ငါး၊သွင်းကုန်တင်သွင်းမှုတွင် အဆင့် ရှစ် နေရာတွင်ရပ်တည်နေသည်။လျှပ်စစ်ပစ္စည်း၊ မော်တော်ယာဉ်၊ သင်္ဘော၊ ရေနံထွက်ပစ္စည်းနှင့် စက်ရုပ်များကို ပြည်ပသို့တင်ပို့မှုသည် တောင်ကိုရီးယားနိုင်ငံစီးပွားရေး၏ အဓိက မောင်းနှင်အားဖြစ်သည်။
၁၉၆၂ ခုနှစ်မှ ၁၉၉၄ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံစီးပွားရေးသည်နှစ်စဉ်ပျမ်းမျှ ၁၀ ရာခိုင်နှုန်းနှင့် ပြည်ပပို့ကုန်တန်ဘိုးသည် နှစ်စဉ် ၂၀ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် အာဆီယံအပေါင်း၊ ကုလသမဂ္ဂ၊G 20၊ ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့၊အေပက် စသည့် အဖွဲ့အစည်းများတွင် တက်ကြွစွာပါဝင်လျက်ရှိပေသည်။
ကိုရီးယား ဟူသည့် အမည်
ကိုရီးယားဟူသည့်အမည်သည် Goryeo ဟူသည့် ဝေါဟာရမှ ဆင်းသက်ခဲ့ကာ Goryeo ကို ရှေးဟောင်းကိုရီးယား Goguryeo မင်းဆက်များက ငါးရာစုနှစ်တွင် စတင်သုံးစွဲခဲ့သည်။ ကိုရီးယားသို့ ရောက်ရှိခဲ့သည့် ပါရှန်လူမျိုးများက Goryeo ကို ကိုရီးယားဟု အသံထွက်ခဲ့ကြသည်။ မျက်မှောက်ခေတ်တွင်သုံးစွဲနေသည့် Korea ဟူသည့် စာလုံးကို ၁၇ ရာစုတွင်ဒတ်ချ်အရှေ့အိန္ဒိယ ကုမ္ပဏီ မှ Hendrick Hamelက သူ၏ ခရီးသွားမှတ်တမ်းတွင် ပထမဆုံးရေးသားခဲ့သည်။၁၉ ရာစုတွင် Corea နှင့်Korea ဟု နှစ်မျိုးရေးသားခဲ့ကြသော် လည်းကိုရီးယားနိုင်ငံကို ဂျပန်တို့သိမ်းပိုက်ထားချိန်တွင်ဂျပန်တို့က နိုင်ငံအမည်နာမ အက္ခရာစဉ်ရာတွင် ဂျပန်၏ နောက်တွင်ရှိ နေစေရန် ရည်ရွယ်လျက် Korea ဟု သုံးစွဲခဲ့သည်ဟု အချို့က ယုံကြည်ကြသည်။
၁၉၄၅ ခုနှစ်တွင်ဂျပန်တို့ ကိုရီးယားမှ ပြန်လည်ထွက်ခွာခဲ့ကြပြီးနောက် Korea ဟုသာ ဆက်လက်သုံးစွဲခဲ့ကာ ကိုရီးယား ဘာသာ စကားဖြင့် မဟာကိုရီးယားလူမျိုးများ(ဟန်)၏ နိုင်ငံတော်ဟု အဓိပ္ပာယ်ရသည့် the Republic of Korea ဟူသည့် အမည် ကိုယူခဲ့သည်။တောင်ကိုရီးယားနိုင်ငံသားများသည်ကိုရီးယားနိုင်ငံကို ကိုယ်စားပြုသည့် စကားလုံးကို Han ဟု သုံးစွဲခဲ့ပြီး မြောက်ကိုရီး ယားနိုင်ငံသားများနှင့် တရုတ်နှင့်ဂျပန်သို့ ရောက်ရှိနေကြသည့် ကိုရီးယားများက Joseon ဟု သုံးစွဲခဲ့ကြသည်။
ရှေးဟောင်းကိုရီးယား
ကိုရီးယားနိုင်ငံ၏ သမိုင်းသည် ခရစ်တော်မပေါ်မီ ၂၃၃၃ ခန့်တွင် Joseon(Old Joseon) ခေါ် Gojoseon မင်းဆက်ကို ထူထောင်ချိန်မှ စတင်ခဲ့သည်။ Gija Joseon တို့သည် ကိုရီးယားမြောက်ပိုင်း ကျွန်းဆွယ်နှင့်မန်ချူးရီးယားဒေသ အစိတ်အပိုင်းအချို့အထိ တိုးချဲ့ခဲ့ကာ ယင်းတို့၏ အဆိုအရ ခရစ်တော် မပေါ်မီ ၁၂ ရာစုတွင် ယင်းတို့ဒေသကို ထူထောင်ခဲ့ကြသည်။သို့သော် ယင်းအယူအဆသည် မျက်မှောက်ခေတ်တွင်အငြင်းပွားဖွယ်များရှိလာခဲ့သည်။ဘီစီ ၁၀၈ ခုနှစ်တွင် ဟန်မင်းဆက်က ဝီမင်ဂျိုစီယန်(Wiman Josean) တို့ကို အနိုင်ရရှိခဲ့ပြီး ကိုရီးယားမြောက်ပိုင်းကျွန်းဆွယ်ဒေသတွင် အုပ်ချုပ်ရေးဒေသ လေးခုကို ထူထောင်ခဲ့သည်။သို့သော် ရာစုနှစ် အနည်းငယ်အတွင်း ယင်းဒေသသုံးခုကိုစွန့်လွှတ်ခဲ့ရကာ အနောက်ပိုင်းသို့ ဆုတ်ခွာခဲ့ကြရသည်။
ကိုရီးယားသမိုင်းတွင် သမိုင်းမတင်မီနှင့် သမိုင်းတင်ပြီးခေတ်များအကြား Buyeo ၊ Okjeo၊ Dongye နှင့် Samhan တို့ သည် ကိုရီးယားကျွန်းဆွယ်တစ်ခုလုံးနှင့် မန်ချူးရီးယားတောင်ပိုင်းကို သိမ်းပိုက်ခဲ့ကြပြီးနောက်ပိုင်းတွင် Goguryeo ၊ Baekje နှင့် Silla မင်းဆက် သုံးဆက်သည် တောင်ကိုရီးယားကျွန်းဆွယ်ကို ထိန်းချုပ်ခဲ့ကြသည်။ယင်းတို့အနက် Goguryeo မင်းဆက်သည် စစ်အင်အားအကြီးမားဆုံးဖြစ်ခဲ့ကာ နှစ် ၇၀၀ အတွင်း တရုတ် မင်းဆက်များနှင့် အင်အားပြိုင်ဆိုင်ခဲ့သည်။ Goguryeo မင်းဆက် တွင် Gwanggaeto the Great နှင့် သူ၏သား Jangsu တို့ အုပ်စိုးခဲ့သည့်အချိန်ကို ရွှေရောင်လွှမ်းသောခေတ်ဟု ဆိုခဲ့ကြသည်။
ကိုရီးယားကျွန်းဆွယ် အားပြိုင်မှုများအဖြစ် တရုတ်မင်းဆက်များနှင့် စစ်ပွဲများဖြစ်ပွားခဲ့ရာတွင် Goguryeo မင်းဆက်များ လက်ထက်တွင် စစ်ရေးရင်ဆိုင်မှုများ အများဆုံးဖြစ်ပွားခဲ့သည်။ယင်းတို့အနက် Goguryeo Sui စစ်ပွဲသည် အထင်ရှားဆုံးဖြစ်ကာ စစ်သည်အင်အား တစ်သန်းပါဝင်ခဲ့သည်ဟုပင် ဆိုခဲ့ကြသည်။ Baekje မင်းဆက်သည် ရေကြောင်းကို ကျွမ်းကျင်၍ ကြီးမားသော ရေတပ်အင်အားကို ပိုင်ဆိုင်ခဲ့ကာ အာရှ အရှေ့ပိုင်းတွင် ဗုဒ္ဓဘာသာပြန့်ပွားစေရန် ဆောင်ရွက်ခဲ့သည်။သို့သော် Gwanggaeto the Great ကို ရှုံးနိမ့်ခဲ့ကာ အင်အားလျော့ကျခဲ့သည်။
အစောပိုင်းကိုရီးယားမင်းဆက်သုံးခုတွင် Silla သည် အင်အား အသေးဆုံးဖြစ်ခဲ့သည်။သို့သော် Silla တို့သည် သက္ကရာဇ် ၆၇၆ခုနှစ် တွင် မင်းဆက်သုံးခုကို စုစည်းကာ ကိုရီးယားနိုင်ငံ တောင်ပိုင်းနှင့်မြောက်ပိုင်းကို ဦးဆောင်ခဲ့ပြီး Silla တို့ သြဇာအကြီးမားဆုံး အချိန် တွင် မန်ချူးရီးယားဒေသ အများအပြားနှင့် ရုရှနိုင်ငံအရှေ့ဖျားအထိ ထိန်းချုပ်ထားနိုင်ခဲ့သည်။
မျက်မှောက်ခေတ် ကိုရီးယား
၁၉၄၃ ခုနှစ် ကိုင်ရို ကြေညာချက်အရ ညီညွတ်သော ကိုရီးယားနိုင်ငံတော်ကို ထူထောင်ရန်ဖြစ်သော်လည်း ဆိုဗီယက်နှင့် အမေရိကန်တို့အကြားဖြစ်ပွားခဲ့သည့် စစ်အေးတိုက်ပွဲက ကိုရီးယားနိုင်ငံအတွင်း ၁၉၄၈ ခုနှစ်တွင် တောင်နှင့်မြောက် အစိုးရအဖွဲ့ နှစ်ဖွဲ့ ဖြစ်ပေါ်စေခဲ့သည်။ အမေရိကန်နိုင်ငံ၏ ထောက်ခံအားပေးမှုကိုရရှိထားသည့် တောင်ကိုရီးယားသည် ကွန်မျူနစ်ဝါဒကို ဆန့်ကျင်ခဲ့ကာ ၁၉၄၈ ခုနှစ် မေလတွင် Syngman Rhee ဦးဆောင်သည့် ကိုရီးယားသမ္မတနိုင်ငံ အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ထို့အတူမြောက် ပိုင်း ကိုရီးယားကလည်း ယင်းနှစ် စက်တင်ဘာလတွင် Kim Il-sung ဦးဆောင်သည့် ဒီမိုကရက်တစ်ပြည်သူ့ကိုရီးယား နိုင်ငံကို ထူ ထောင်ခဲ့သည်။
အောက်တိုဘာလတွင် ဆိုဗီယက်ယူနီယမ်က ကင်အီဆွမ်း အစိုးရအဖွဲ့သည် ကိုရီးယားတောင်ပိုင်းနှင့်မြောက်ပိုင်း နှစ်ခုလုံး၏ အချုပ်အခြာ အာဏာကို ပိုင်ဆိုင်ကြောင်း ကြေညာခဲ့သည်။သို့သော် ကုလသမဂ္ဂအဖွဲ့က ကုလသမဂ္ဂ ယာယီကော်မရှင် က ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မူတည်လျက် Syngman Rhee အစိုးရ အဖွဲ့သည် တရားဝင်အစိုးရဖြစ်ကြောင်းနှင့် ကိုရီးယား နိုင်ငံအစိတ်အပိုင်းများကို ထိရောက်သော အုပ်ချုပ်မှုနှင့် တရားစီရင်မှုကို ဆောင်ရွက်နိုင်ကြောင်းကြေညာခဲ့သည်။
နှစ်ဘက်ခေါင်းဆောင်များသည် နိုင်ငံရေး ပြိုင်ဘက်များအပေါ် ဖိနှိပ်မှုများပြုလုပ်ခဲ့ကြကာ မိမိတို့ ထိန်းချုပ်မှုအောက်၌သာ ကိုရီးယားနှစ်နိုင်ငံရန်ပေါင်းစည်းရန် ဆောင်ရွက်ခဲ့ကြသည်။ ယင်းအချိန်တွင် တောင်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံထံမှ စစ်ရေး အကူအညီတောင်းခံခဲ့ရာ အမေရိကန်က ငြင်းဆိုခဲ့သော်လည်း မြောက်ကိုရီးယားသည် ဆိုဗီယက်ယူနီယမ်၏ အထောက်အပံ့ဖြင့် စစ်ရေးကို ခိုင်မာစွာ အားဖြည့်နိုင်ခဲ့သည်။
ကိုရီးယားစစ်ပွဲ
၁၉၅၀ ပြည့်နှစ် ဇွန်လ ၂၅ ရက်နေ့တွင် မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံကို ကျူးကျော်ခဲ့ရာမှ ကိုရီးယား စစ်ပွဲ ဖြစ်ပွားခဲ့သည်။ ယင်းစစ်ပွဲသည် စစ်အေးကာလအတွင်းပထမဆုံးသော အဓိကစစ်ပွဲတစ်ရပ်ဖြစ်ခဲ့ကာ ၁၉၅၃ ခုနှစ်အထိ ကြာ မြင့်ခဲ့သည်။ ကိုရီးယားစစ်ပွဲတွင် ဆိုဗီယက်နှင့် တရုတ်တို့က မြောက်ကိုရီးယားကို ထောက်ခံခဲ့ကာ နောက်ပိုင်းတွင် တရုတ်တပ်များ သည် စစ်ပွဲတွင်ပါဝင်ခဲ့သည်။
စစ်ပွဲအတွင်း နှစ်ဘက်အသေအပျောက်စာရင်းသည် ၁ ဒသမ ၂ သန်းအထိ များပြားခဲ့ပြီး ၁၉၅၃ ခုနှစ် တွင်ကိုရီးယားကျွန်းဆွယ်သည် နှစ်ပိုင်းကွဲသွားခဲ့ကာ နှစ်နိုင်အကြား စစ်မဲ့ဇုန်ကို ထူထောင်ခဲ့သည်။ သို့သော် မြောက်ကိုရီးယား က စစ်ပြေငြိမ်းစာချုပ်ကို လက်မှတ်မထိုးခဲ့သဖြင့် ယနေ့တိုင် ကိုရီးယားစစ်ပွဲသည် တရားဝင်ပြီးဆုံးပြီးဟု မဆိုနိုင်သေးချေ။
၁၉၆၀ ပြည့်နှစ်တွင် April 19 တော်လှန်ရေးဟု ထင်ရှားသည့် ကျောင်သား အရေးအခင်းဖြစ်ပွားခဲ့ကာ သမ္မတ Syngman Rhee ရာထူးမှ နှုတ်ထွက်ခဲ့ရသည်။ယင်းအချိန်မှစ၍ နိုင်ငံရေး မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ကာ ၁၉၆၁ ခုနှစ် မေလတွင် ဗိုလ်ချုပ်ကြီး ပတ်ချုံဟီးက အာဏာသိမ်းယူခဲ့သည်။ပတ်ချုံဟီးသည် ၁၉၇၉ ခုနှစ်အထိ အာဏာရယူခဲ့ကာ နိုင်ငံရေး ဖိနှိပ်မှုများပြုလုပ်ခဲ့သကဲ့သို့ နိုင်ငံစီးပွားရေးသည်လည်းလျင်မြန်စွာ တိုးတက်လာစေရန် ပြုလုပ်ခဲ့သည်။သမ္မတ ပတ်ချုံဟီးလက်ထက်တွင် တောင်ကိုရီးယား နိုင်ငံ သည် စက်မှုပစ္စည်းအများအပြားကို ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ခဲ့သဖြင့် စီးပွားရေး အလျင်အမြန် တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။
ပတ်ချုံဟီးကို စစ်အာဏာရှင်တစ်ဦးအဖြစ် ဝေဖန်ခဲ့ကြသော်လည်း ၁၉၇၂ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တစ် ရပ်ကို ရေးဆွဲခဲ့ပြီး ခြောက်နှစ် သမ္မတသက်တမ်းကို အကန့်အသတ်မရှိ ရယူနိုင်ရန် ရာထူးအာဏာလုပ်ပိုင်ခွင့်များကို ချဲ့ထွင်ခဲ့သည်။ ပတ်ချုံဟီးသည် ၁၇ နှစ်ကြာ အာဏာရယူခဲ့ချိန်တွင် တောင်ကိုရီးယား နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေခဲ့ကာ စီးပွားရေး ဖွံ့ဖြိုးမှု အခြေခံ အဆောက်အအုံများကို တည်ထောင်ပေးခဲ့သည်။ ပတ်ချုံဟီးသည် ၁၉၇၉ ခုနှစ်တွင် လုပ်ကြံခံခဲ့ရပြီး တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံရေး အကြပ်အတည်းများစွာဖြင့် ရင်ဆိုင်ခဲ့ရကာ ဒီဇင်ဘာလ ၁၂ ရက်တွင် ဗိုလ်ချုပ်ကြီး ချန်ဒူးဝမ်က အာဏာသိမ်းခဲ့သည်။
မေလတွင် တစ်နိုင်ငံလုံးကို စစ် ဥပဒေ ဖြင့် အုပ်ချုပ်ခဲ့ပြီး တက္ကသိုလ်များကို ပိတ်သိမ်းခြင်း၊နိုင်ငံရေး လှုပ်ရှားမှုများကို တားမြစ်ခြင်း၊သတင်းလွတ်လပ်ခွင့်ကို ချုပ်ကိုင်ခြင်း များကို ကန့်သတ်ချုပ်ကိုင်ခဲ့သည်။ချန်ဒူးဝမ်၏ သမ္မတရွေးကောက်ပွဲကို တစ်နိုင်ငံလုံးနီးပါး ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဂွမ်ဂျူးဒေသသို့ အထူး တပ်ဖွဲ့များစေလွှတ်ကာ ဒီမိုကရေစီ လှုပ်ရှားမှုများကို နှိမ်နှင်းခဲ့သည်။ချန်ဒူးဝမ်သည် တေင်ကိုရီးယားနိုင်ငံကို ၁၉၈၇ ခုနှစ်အထိ အုပ် ချုပ်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသည် ၁၉၉၁ ခုနှစ်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။
ကင်ဒေးဂျုံသည် ၁၉၉၈ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လာခဲ့ပြီးနောက် ၂၀၀၀ ပြည့်နှစ်တွင် သူ၏ နေရောင်တောက်ပခြင်း မူဝါဒ အရ မြောက်ကိုရီးယားခေါင်းဆောင်နှင့် ပြုံယမ်းတွင် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ခြင်းနှင့် ဒီမိုကရေစီနှင့်လူ့အခွင့်ရေးဆိုင်ရာ ဆောင်ရွက်မှုများကြောင့် ၂၀၀၀ ပြည့်နှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကိုရရှိခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်မှစ၍ မြောက်ကိုရီးယား၏ ရန်စမှုများကို ရင်ဆိုင်ခဲ့ရသည်။၂၀၁၂ ခုနှစ်တွင် ပတ်ဂွမ်ဟီးသည် တောင်ကိုရီး ယားနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာခဲ့ကာ ၂၀၁၆ ခုနှစ်တွင် ရာထူးမှ နှုတ်ထွက်ခဲ့ရသည်။ လက်ရှိသမ္မတ မိုဂျေအင်သည်၂၀၁၇ ခုနှစ် မေလ ၁၀ ရက်တွင်သမ္မတတာဝန်များကို စတင်ထမ်းဆောင်ခဲ့ကာ မြောက်ကိုရီးယား နိုင်ငံ နှင့် ဆက်ဆံရေးတွင် အထူး အောင်မြင်ခဲ့သည်။
ပထဝီဝင်နှင့် ပတ်ဝန်းကျင်
တောင်ကိုရီးယားနိုင်ငံသည် အာရှတိုက်ကုန်းမြေမှ မိုင် ၆၈၀ စွန်းထွက်နေသည့် ကိုရီးယားကျွန်းဆွယ်၏ တောင်ဘက်ပိုင်း တွင် တည်ရှိသည်။တောင်တန်းများပေါများသည့် ကျွန်းဆွယ်ဒေသကို အရှေ့ဘက်တွင်ဂျပန်ပင်လယ်နှင့် အနောက်ဘက်တွင် ပယ်လယ်ဝါတို့က ဝန်းရံလျက်ရှိသည်။တောင်ဘက်အဖျားတွင် ကိုရီးယား ရေလက်ကြားနှင့် အရှေ့ တရုတ်ပင်လယ်တို့ တည်ရှိ ကာ နိုင်ငံအကျယ်အဝန်းသည် ၁၀၀ ၀၃၂ စတုရန်းကီလိုမီတာ(၃၈၆၆၂ ဒသမ ၅၇ စတုရန်းမိုင်) ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံတွင် လူနေထိုင်ခြင်းမရှိသည့် ကျွန်းပေါင်း ၃၀၀၀ သည် နိုင်ငံ အနောက်ဘက်နှင့် တောင်ဘက် ပင်လယ်ကမ်းရိုးတန်းတွင်တည်ရှိနေကြကာ နိုင်ငံအကျယ်အဝန်း၏ ၃၀ ရာခိုင်နှုန်းဖြစ်သည်။တောင်ကိုရီးယားနိုင်ငံတွင် ရာသီ လေးမျိုးရှိသည့်အနက် ဆောင်းရာသီအပူချိန်သည် အလွန်အအေးဓာတ်ပြင်းထန်ကာ ရေခဲမှတ်အောက် ၄ ဒီဂရီ ဖာရင်ဟိုက်အထိ အပူချိန်ကျဆင်းလေ့ရှိသည်။နွေရာသီတွင် ပျမ်းမျှအပူချိန်သည် ၈၆ ဒီဂရီ ဖာရင်ဟိုက်ဖြစ်သည်။
ဇွန်လမှ စက်တင်ဘာလအထိ မိုးရွာသွန်းချိန်တွင် ပျမ်းမျှ မိုးရေချိန်သည် ဆိုးလ်တွင် ၅၄ လက်မနှင့် ဘူဆန်တွင် ၅၈ လက်မဖြစ်သည်။ စက်မှုလုပ်ငန်းများ ထွန်းကားတိုးတက်သဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုများကို အစားထိုးနိုင်ရန် အမေရိကန်ဒေါ်လာ ၈၄ ဘီလီ ယံသုံးစွဲမည့် အစိမ်းရောင်တိုးပွားရေး ငါးနှစ်စီမံကိန်းကို ဆောင်ရွက်ခဲ့ကာ နိုင်ငံအတွင်း အမျိုးသားဥယျာဉ် ၂၀ ထူထောင်ခဲ့သည်။
အထွေထွေ
တောင်ကိုရီးယားနိုင်ငံသည် ဒီမိုကရေစီနိုင်ငံများနည်းတူ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာသုံးရပ်ကို ကျင့်သုံးသည်။ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာကို နိုင်ငံတော်အဆင့် သတ်မှတ် ဆောင်ရွက်၍ ဝန်ကြီးဌာနများက ဒေသဆိုင်ရာ အုပ်ချုပ်မှုကိစ္စအ၀၀ကို ဆောင်ရွက်ကြသည်။ ဒေသ အာဏာပိုင်အစိုးရများအား အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာများခွဲေ၀ အပ်နှင်းသည်။တရားစီရင်ရေးအာဏာကို အခြေခံအဆင့်မှ နိုင်ငံတော်အဆင့်အထိ ထားရှိသည်။အစိုးရအဖွဲ့သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အတိုင်း အုပ်ချုပ်သည်။
သို့သော် တောင်ကိုရီးယားနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အကြိမ်များစွာ ပြုပြင်ပြဋ္ဌာန်းခဲ့သည်။၁၉၄၈ ခုနှစ်တွင်သမ္မတကို ပြည်သူများက တိုက်ရိုက်ရွေးချယ်သည့်စနစ်ကိုကျင့်သုံးခဲ့သော်လည်း၁၉၆၀ ပြည့်နှစ်နှင့် ၁၉၈၀ ပြည့်နှစ်များအကြား စစ်ဘက်ဆိုင်ရာ အုပ်ချုပ်မှုများရှိခဲ့သည်။သမ္မတသည် နိုင်ငံအကြီးအကဲဖြစ်၍ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ အကြီးအကဲဖြစ်ကာ နိုင်ငံကို သမ္မတက ဦးဆောင်သည့် စနစ်ကို ကျင့်သုံးသည်။
၂၀၁၇ ခုနှစ် လူဦးရေစစ်တမ်းများအရ တောင်ကိုရီးယားနိုင်ငံတွင်နေထိုင်သူ ၅၁ ဒသမ ၄ သန်းရှိကာ လူဦးရေ သိပ်သည်း ဆသည် တစ် စတုရန်မိုင်တွင် ၁၃၁၃ယောက်နေထိုင်သည်။နိုင်ငံသား အများစုသည် ဆိုးလ်မြို့တော်အပါအဝင်မြို့ပြများတွင် နေထိုင်ကြသည်။ ဘူဆန်၊ အင်ချွန်း၊ဒေဂူး၊ဒေဂျုံး၊ဂွမ်ဂျူးနှင့် အာလ်စန်တို့သည် လူဦးရေ သန်းကျော်နေထိုင်ကြသည့် ထင်ရှားသော မြို့ကြီးများဖြစ်ကြသည်။ ရုံးသုံးဘာသာစကားမှာ ကိုရီးယားဘာသာစကားဖြစ်ပြီး ကိုးကွယ်မှုအနေနှင့်မှု ဘာသာမရှိ ၅၆.၉%၊ ခရစ်ယာန် ၂၇.၆% နှင့် ကိုရီးယားဗုဒ္ဓဘာသာ ၁၅.၅% တို့ဖြစ်ကြသည်။၂၀၁၈ခုနှစ် ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းရဲ့စာရင်းအရ နိုင်ငံသားတစ်ဦးချင်းစီ၏နှစ်စဉ်ပျှမ်းမျှဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၄၁၃၅၁ ဖြစ်သည်။
နိုင်ငံအတွင်းနေထိုင်သည့် ပြည်ပနိုင်ငံသားများသည်လည်း နှစ်စဉ်တိုးတက်လျက်ရှိရာ ၂၀၁၆ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၂ ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်သည့် ၁၄၁၃၇၅၈ ဦးရှိခဲ့သည်။ ယင်းနိုင်ငံခြားသားများတွင် တရုတ်လူမျိုးများက ၅၆ ဒသမ ၅ ရာခိုင်နှုန်းဖြစ် ပြီး အမေရိကန် စစ်သည် ၂၈၅၀၀ ကျော်နှင့် အင်္ဂလိပ်လူမျိုး ကျောင်းဆရာ ၄၃၀၀၀ ကျော်လည်း တောင်ကိုရီးယားတွင် နေထိုင် လျက် ရှိကြသည်။
တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးနိုင်ငံဖြစ်သဖြင့် လူဦးရေလျော့နည်းကျဆင်းကာ နိုင်ငံလူဦးရေသည် ၂၀၅၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၃ သန်းသာရှိမည်ဟု ခန့်မှန်းထားသည်။လက်ရှိ ကလေးမွေးဖွားမှုနှုန်းသည် နှစ်စဉ် လူဦးရေ ၁၀၀၀ တွင် ကိုးယောက်သာဖြစ်သည်။တောင်ကိုရီးယားနိုင်ငံသားများ၏ ပျမ်းမျှ သက်တမ်းသည် ၂၀၁၅ ခုနှစ်တွင် ၈၂ ဒသမ ၃ နှစ်ဖြစ်သည်။တောင်ကိုရီးယားနိုင်ငံ ရင်ဆိုင်နေရသည့် ပြဿနာတစ်ရပ်သည် မိမိကိုယ်မိမိ အဆုံးစီရင်သူများ များပြား နေခြင်းဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် လူတစ်သိန်းတွင် ၂၄ ဦးက မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ကြသည်။
နိုင်ငံတကာ ဆက်ဆံရေးတွင် နိုင်ငံ ၁၈၈ နိုင်ငံနှင့် သံတမန် ဆက်သွယ်မှုပြုလုပ်ထားကာ တောင်ကိုရီးယားနိုင်ငံသား ဘန်ကီမွန်းသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကုလသမဂ္ဂအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ တောင်ကိုရီးယား တပ်မတော်ကို ကြည်း၊ရေ၊လေ၊မရိန်းတပ်များဖြင့်ဖွဲ့စည်းကာ အရွယ်ရောက်သူ အမျိုးသားတိုင်း ၂၁ လကြာ စစ် ဘက် ဆိုင်ရာတာဝန်ကို ထမ်းဆောင်ကြရသည်။ မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ တင်းမာမှုများရှိခဲ့သဖြင့် တောင်ကိုရီး ယားသည် ကာကွယ်ရေး အသုံးစရိတ်ကို GDP ၏ ၂ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲခဲ့ရာ အစိုးရအသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်း ဖြစ်ပေသည်။
ခရီးသွားလုပ်ငန်းကဏ္ဍတွင် တောင်ကိုရီးယားနိုင်ငံသို့ ၂၀၁၆ ခုနှစ်အတွင်း လာရောက်လည်ပတ်သူ ပြည်ပခရီးသွား၁၇ သန်းရှိခဲ့ သည်။ အာရှတိုက်၏ ကျားတစ်ကောင်ဖြစ်သည့် တောင်ကိုရီးယားနိုင်ငံသည် သယံဇာတနည်းပါး၍ နိုင်ငံဧရိယာကျဉ်းမြောင်းသော် လည်း ခေတ်မီတိုးတက်သည့် နည်းပညာများ၏ အင်အားဖြင့် စီးပွားရေး အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ဆက်လက် ရပ်တည်လျက်ရှိ နေပေသည်။
မောင်သာ(ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ် သြဂုတ်လထုတ် သုတအလင်းမဂ္ဂဇင်းမှ
Discussion about this post