အာရှတိုက်သည် ကမ္ဘာ့ရှေးအကျဆုံး လူနေမှုစံနစ်များ ယဉ်ကျေးမှုများ ထွန်းကားခဲ့သော အရပ်ဖြစ်သည်။ ဆူမာ၊ ဘေဘီလုံ၊ အက်စ်ဆီးရီးယား၊ မီဒီယာနှင့် ပါရှားတို့သည် အလွန်ရှေးကျသော လူနေမှုစံနစ်များ၊ ယဉ်ကျေးမှုများ ထွန်းကားခဲ့ရာ အင်ပါယာများအဖြစ် ကျော်ကြားသည်။
အာရှဆိုသောအမည်သည် ရှေးဟောင်းဂရိဘာသာစကားမှတဆင့် လက်တင်ဘာသာသို့ ဆင်းသက်လာပြီး ထိုမှတဖန် အင်္ဂလိပ်ဘာသာစကားသို့ ဆင်းသက်လာသည်။ အာရှဆိုသောအမည်အား ဘီစီ ၄၀၀ ခန့်က ဟီရိုဒိုးတပ်က အာရှမိုင်နားဟု ပထမဆုံးညွှန်းဆိုကြောင်းတွေ့ရှိရသည်။ ကမ္ဘာပေါ်ရှိ အကြီးဆုံးသော ဘာသာအယူဝါဒ ပေါင်းစုံ စတင်ပေါက်ဖွားခဲ့ရာ တိုက်ကြီးလည်းဖြစ်သည်။
အာရှတိုက်သည် ကမ္ဘာ့မျက်နှာပြင်၏ ၈.၇ ရာခိုင်နှုန်း သို့မဟုတ် ကမ္ဘာ့ကုန်းမြေဧရိယာ၏ ၂၉.၇ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး ကမ္ဘာ့အကြီးဆုံးတိုက်ကြီးဖြစ်သည်။ ကမ္ဘာမြေပြင်၏ သုံးပုံတစ်ပုံခန့် ကျယ်ဝန်း၍ စတုရန်းမိုင်ပေါင်း ၁၇သန်းကျော် ရှိ၏။ ဒုတိယအကြီးဆုံးသော အာဖရိကတိုက်ထက်ပင် တစ်ဆခွဲမျှ ကြီးသည်။
ဥရောပတိုက်နှင့် အာဖရိကတိုက် နှစ်တိုက်ပေါင်းထက်လည်း စတုရန်းမိုင် ၆ဝဝဝဝဝ ခန့် ပိုနေသေး၍ အမေရိကတိုက် နှစ်တိုက်ပေါင်း ထက်လည်း စတုရန်းမိုင် ၆ဝဝဝဝဝ ခန့် ပိုနေသေးသည်။ ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်း(၄.၁ဘီလျံကျော်)သည် အာရှတိုက်တွင် နေထိုင်ကြသည်။
ဤမျှသာမက အာရှတိုက် သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးသော တောင်ထိပ်(ဧဝရက်)၊ အကျယ်ဆုံး သော ကုန်းပြင်မြင့်၊ ရေမျက်နှာပြင်အောက် အနိမ့်ကျဆုံးသော ဒေသ(ပင်လယ်သေ)၊ မိုးအစွတ်ဆုံး သောအရပ် ၊အကြီးဆုံးရေကန်၊ အခြောက်သွေ့ဆုံးသောနေရာ၊ နွေရာသီနှင့် ဆောင်းရာသီအပူချိန်ဒီဂရီ အကွာခြားဆုံးဌာန၊ လေဖိအားအနည်းဆုံးသောဒေသ စသည်တို့တည်ရာ ကမ္ဘာပေါ်ရှိ အထူးခြားဆုံးသောတိုက်ကြီးလည်းဖြစ်၏။
အာရှတိုက်ကို အရှေ့တောင်အာရှ ၊ အလယ်အာရှ ၊ အရှေ့အာရှ ၊ မြောက်အာရှ ၊ အနောက်တောင်အာရှ ၊ အိန္ဒိယ ဟူ၍ ခြောက်ပိုင်းခွဲခြားထားသည်။ အာရှတိုက်၏ ရာသီဥတုမှာ အပူပြင်းဆုံး သဲကန္တာရမှ အေးခဲနေသော ရေခဲပြင်၊ မုတ်သုံမိုးကြောင့် အမြဲစိုစွတ်သော ဒေသများမှ အမြဲခြောက်သွေ့နေသော ဒေသများထိ ရာသီဥတုမျိုးစုံ တွေ့နိုင်သည်။
အာရှတိုက်တွင် နိုင်ငံပေါင်း ၄၈နိုင်ငံ ပါဝင်ပြီး အကျယ်ဝန်းဆုံးနိုင်ငံ ၁၀ နိုင်ငံမှာ ရုရှား ၊ တရုတ် ၊ အိန္ဒိယ ၊ ကာဇက်စတန် ၊ ဆော်ဒီ ၊ အီရန် ၊ မွန်ဂိုလီးယား ၊ အင်ဒိုနီးရှား ၊ ပါကစ္စတန် နှင့် တူရကီတို့ဖြစ်သည်။ နံပါတ် ၁၁ အကျယ်ဝန်းဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။ ဧရိယာအငယ်ဆုံးနိုင်ငံမှာ မော်လဒိုက်ဖြစ်သည်။ အာရှတိုက်တွင် မြစ်ကြီးမြစ်ငယ်ပေါင်း ထောင်ချီစီးဆင်းနေပြီး အရှည်ဆုံးမြစ်မှာ ချန်ဂျီအန်မြစ် (ခေါ်) ယန်ဇီမြစ်ဖြစ်ပြီး ၃၉၁၅မိုင် ရှည်လျားသည်။
နောက်ထပ် အာရှတိုက်၏ ထူးခြားချက်အချို့ကိုဖော်ပြရမည်ဆိုလျှင်-
-ကမ္ဘာပေါ်ရှိ ဆန်(ထမင်း) စားသုံးသောသူစုစုပေါင်း၏ ၉၀ရာခိုင်နှုန်းမှာ အာရှတိုက်တွင်နေထိုင်ကြသည်။
-ကမ္ဘာပေါ်ရှိ လူဦးရေအများဆုံးမြို့ကြီး ၁၀မြို့အနက် ၇မြို့မှာ အာရှတိုက်တွင်ရှိသည်။
– ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး ၁၀ ခုအနက် ၉ခုမှာ အာရှတိုက်တွင်ရှိသည်။
– ကမ္ဘာ့အကြီးဆုံး ကုန်တိုက် ၁၀ ခုစလုံးသည် အာရှတိုက်တွင်သာ ရှိသည်။
– ကမ္ဘာပေါ်ရှိ နိုင်ငံများအနက် အသက် ၁၀၀ ကျော်ရှိ လူပေါင်း ၅သောင်းကျော်နေထိုင်သောနိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်သည်။
– သရက်သီး စိုက်ပျိုးအထုတ်လုပ်နိုင်ဆုံးနိုင်ငံမှာ အိန္ဒိယဖြစ်ပြီး နှစ်စဉ် သရက်သီးတန်ချိန် ၁၂သန်းကျော် ထွက်ရှိတတ်သည်။
– ဗီယက်နမ်လူမျိုးများ၏ မွေးနေ့မှာတူညီကြသည်။ အကြောင်းမှာ ဗီယက်နမ်လူမျိုးတို့သည် ပုံမှန်အတိုင်းမွေးနေ့ကို မသတ်မှတ်ပဲ Tet လို့ခေါ်သည့် ရိုးရာနှစ်သစ်ကူးနေ့မှစ၍ သာ အသက်များကို ရေတွက်ကြသောကြောင့်ဖြစ်သည်။ မွေးနေ့များကို နှစ်သစ်ကူးညတွင် ပြိုင်တူကျင်းပလေ့ရှိသည်။
– ကမ္ဘာပေါ်ရှိ ဆေးလိပ်၊ဆေးရွက်ကြီးကို တားမြစ်ထားသည့် တစ်ခုတည်းသော နိုင်ငံမှာ ဘူတန်နိုင်ငံဖြစ်သည်။
– တရုတ် နှင့် အာရှတိုက်တောင်ပိုင်းဒေသများတွင် မျောက်ဦးနှောက်ကို အထူးအစားအစာအဖြစ် စားသုံးလေ့ရှိသည်။
– အင်ဒိုးနီးရှားနိုင်ငံသည် ကျွန်းပေါင်း ၁၇၀၀၀ကျော်ဖြင့်ဖွဲ့စည်းထားပြီး ကျွန်းပေါင်း ၆၀၀၀ကျော်တွင် လူနေထိုင်မှုမရှိချေ။
– အာရှ၏ အဓိကစီးပွားရေးနယ်မြေ ၃ခုမှာ စင်ကာပူ ၊ တိုကျို နှင့်ဟောင်ကောင်တို့ဖြစ်ကြသည်။
– ကမ္ဘာ့အကြီးဆုံး ဘာသာရေးအဆောက်အဦးမှာ အန်ကောဝတ်ဘုရားကျောင်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံတွင်တည်ရှိသည်။
– အာရှတိုက်တွင် ဘာသာစကားကွဲပေါင်း ၂၀၀၀ကျော် ကိုအသုံးပြုကြသည်။
– လူဝံများကို စူမားတြားကျွန်း နှင့် ဘိုနီယိုကျွန်းများတွင်သာ တွေ့ရတတ်သည်။
– ဟောင်ကောင်တွင် မိုးမျှော်အဆောက်အအုံပေါင်း ၈ထောင်ကျော်ရှိပြီး နယူးယောက်ထက် ၂ဆများသည်။
Discussion about this post