အလီဘာဘာ တည်ထောင်သူ တရုတ်ဘီလျံနာဂျက်မားက အာဖရိကနိုင်ငံတွေ အားလုံးအတွက် ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်ရာမှာ လိုအပ်သော ပစ္စည်းတွေဖြစ်တဲ့ test kit တွေ ၊ အကာအကွယ်မျက်နှာဖုံးတွေ ၊ အကာအကွယ်ဝတ်စုံတွေကို လှူဒါန်းသွားမှာဖြစ်တယ်လို့ ပြောလိုက်တာဖြစ်ပါတယ်။
ဂျက်မားရဲ့ဖောင်ဒေးရှင်းကနေတဆင့် ဗိုင်းရပ်စ်ကို စစ်ဆေးမယ့် testing kits ပေါင်း ၁.၁သန်း ၊ အကာအကွယ်မျက်နှာဖုံးပေါင်း ၆သန်း နဲ့ အကာအကွယ်ဝတ်စုံ ၊ မျက်နှာကာ ပေါင်း ၆သိန်း ကို လှူဒါန်းမှာလို့ သိရပါတယ်။ နိုင်ငံပေါင်း ၅၄ နိုင်ငံရှိနေပြီး တနိုင်ငံကို အနည်းဆုံး အကာကွယ်မျက်နှာဖုံး ၁သိန်း ၊ testing kit ၂သောင်း ၊ ဆေးဘက်ဆိုင်ရာသုံး အကာကွယ်ဝတ်စုံ ၁ထောင် စီ လှူဒါန်းသွားမှာဖြစ်ပါတယ်။
ဒီဖောင်ဒေးရှင်းဟာ ဒေသခံဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ကိုရိုနာဗိုင်းရပ်စ်အတွက် လိုအပ်တဲ့ စစ်ဆေးကုသမှု အွန်လိုင်းသင်တန်းများကို ပေးသွားမှာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါသာ အာဖရိကမှာ အကြီးအကျယ်ဖြစ်ခဲ့မယ်ဆိုရင် ကမ္ဘာကြီးမှာ ဖြစ်လာမယ့် အကျိုးဆက်တွေကို မတွေးရဲလောက်အောင်ပါပဲလို့ ဂျက်မားက သူ့လူမှုကွန်ယက်စာမျက်နှာကနေ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။
ဂျက်မားက မတွေးရဲဘူးဆိုပေမယ့် အာဖရိကနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ စတင်နေပါပြီ။ ဒီအထဲမှာ အီဂျစ်က အဆိုးဆုံးဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရသူပေါင်း ၂၀၀ခန့်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၄ယောက် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။
ဂျက်မားလှူဒါန်းတဲ့ ပစ္စည်းတွေကို အီသီယိုးပီးယားမြို့တော် Addis Ababa ကို ပို့ဆောင်မှာဖြစ်ပြီး အဲဒီကနေတဆင့် အီသီယိုးပီးယားဝန်ကြီးချုပ် Abiy Ahmed က အခြားအာဖရိကနိုင်ငံတွေကို ဖြန့်ဝေသွားမှာလို့ မားက ဆိုပါတယ်။
ဂျက်မားဟာ အမေရိကန်နိုင်ငံအတွက်လည်း testing kits ၅သိန်း နဲ့ အကာကွယ်မျက်နှာဖုံး ၁သန်းကို လှူဒါန်းသွားမှာလို့ သောကြာနေ့က ပြောခဲ့ပါသေးတယ်။ ဥရောပ နဲ့ အီရန်တို့မှာလည်း လှူဒါန်းသွားမယ့် အစီအစဉ်ရှိပါသေးတယ်။
အခုအခြေအနေက ကျွန်တော်တို့အားလုံး မီးလောင်နေတဲ့ သစ်တောထဲမှာ အတူတူနေနေကြသလိုပါပဲ။ အခုဖြစ်လာတဲ့ အခြေအနေတွေကို မဆိုင်သလို တာဝန်မဲ့မနေပဲ အခုပဲ လိုအပ်တဲ့ လှုပ်ရှားမှုတွေစတင်ကြပါ လို့ မားက တိုက်တွန်းထားပါတယ်။
လက်ရှိအချိန်မှာ အာဖရိကနိုင်ငံတွေမှာ ကိုရိုနာကူးစက်ရောဂါကူးစက်မှုနည်းနေသေးပေမယ့် ထပ်မံမကူးစက်စေဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ကြိုတင်ပြုလုပ်ထားကြဖို့ ဗိုင်းရပ်စ်ကိုကာကွယ် စစ်ဆေးရာမှာ လိုအပ်တဲ့ ပစ္စည်းတွေကို ဂျက်မားက လှူဒါန်းတာ ဖြစ်ပါတယ်။
အခုဆိုရင် တကမ္ဘာလုံးမှာ လူပေါင်း ၂သိန်းနီးပါးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပါတယ်။ ချမ်းသာတဲ့ ဥရောပနိုင်ငံတွေတောင် ဒီရောဂါကို လုံလောက်အောင် ခုခံနိုင်ခြင်းမရှိတဲ့အခြေအနေဖြစ်တဲ့အတွက် ဆင်းရဲတဲ့နိုင်ငံပေါင်းများစွာရှိနေတဲ့ အာဖရိကမှာ ဗိုင်းရပ်စ်ပိုး အကြီးအကျယ်ကူးစက်ခဲ့မှာကို အားလုံးက စိုးရိမ်နေကြပါတယ်။
Discussion about this post