ဒီစာရင်းမှာပါဝင်တဲ့ပညာရှင်အများစုဟာ ကမ္ဘာကျော်တီထွင်မှုတွေကို အထက်တန်း ကျောင်းသားအရွယ်လောက်ကတည်းကစတင်ခဲ့ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ တီထွင်မှုတွေကြောင့် လူသားတွေရဲ့လူနေမှုပုံစံဟာ တစ်ဆစ်ချိုးပြောင်းလဲခဲ့ရသလို အကျိုးကျေးဇူးများစွာရရှိခဲ့တာကြောင့် ကမ္ဘာတီထွင်မှုသမိုင်းမှာမဖြစ်မနေ မှတ်တမ်း တင်ထားရမယ့် ပုဂ္ဂိုလ်တွေလည်းဖြစ်ပါတယ်။
(၉) Louis Braille ၊ ၁၅နှစ်
ကလေးဘဝကတည်းက မတော်တဆမှုတစ်ခုနဲ့ မျက်စိကွယ်ခဲ့တဲ့ Louis Braille ဟာ မိဘတွေနဲ့အတူ ပြင်သစ်ပြည်ကို ပြောင်းရွှေ့လာချိန်မှာတော့ မျက်မမြင်စာတွေကို ဖန်တီးဖို့ အကြောင်းဖန်လာပါတယ်။ သူဟာပြင်သစ်မှာစာသင်ကြားရင်း လက်နဲ့တို့ထိလို့အရာတွေကိုအသုံးပြုပြီး စာဖတ်သင်္ကေတဖန်တီးရာမှ မျက်မမြင်စာတွေကိုတီထွင်လာနိုင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ Louis Braille ဟာအစက်သင်္ကေတတွေကို အသုံးပြုပြီး မျက်မမြင်ဖတ်စာသင်္ကေတနည်းစနစ်ကို တီထွင်နိုင်ငံပြီး ကမ္ဘာတစ်ခွင်က မျက်မမြင်ကျောင်းအများအပြားကို ဖြန့်ဝေနိုင်ခဲ့ပါတယ်။ မျက်မမြင်စာကို စတင်ဖန်တီးနိုင်ခဲ့ချိန်မှာ Louis Braille ရဲ့ အသက်က(၁၅)နှစ်အရွယ်သာ ရှိပါသေးတယ်။
(၈) Becky Schroeder ၊ ၁၂နှစ်
(၁၉၇၄)ခုနှစ် မှာတော့ Becky Schroeder အမည်ရတဲ့ အသက်(၁၂)နှစ်အရွယ် အမေရိကန်မိန်းကလေးတစ်ဦးဟာ Glo -sheet တွေကိုစတင်ဖန်တီးခဲ့ပြီး အမေရိကန်သမိုင်းရဲ့ အသက်ငယ်ဆုံးတီထွင်မှု မူပိုင်ရရှိတဲ့ အမျိုးသမီးအဖြစ် မှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ်။ သူမဟာ အသက်(၁၀)နှစ်အရွယ်ထဲက မှောင်မိုက်တဲ့အချိန်တွေမှာ စာရွက်တွေကို မီးမထွန်းပဲမြင်နိုင်ကြည့်နိုင်မဲ့နည်းလမ်းကို ရှာဖွေနေခဲ့ပါတယ်။
မကြာခင်မှာပဲ Becky Schroeder ဟာ အပူဓာတ် မဆိုသလောက်သာထွက်ရှိတဲ့ မီးစုန်းဓာက်(phosphorescent)တွေကို တွေ့ရှိသွားပြီး သူမရဲ့စာရွက်တွေမှာစတင်သုတ်လိမ်းပြီး အမှောင်ထဲမှာမြင်ရတဲ့ Glo-sheet တွေကိုစတင်ဖန်တီးခဲ့ပါတယ်။ သူမအသက်(၁၂)နှစ်အရွယ်ရောက်ချိန်မှာတော့ Becky Schroeder ဟာ Glo-sheet တွေရဲ့ မူရင်းဖန်တီးသူအဖြစ် အမေရိကန်အစိုးရရဲ့တရားဝင်အသိအမှတ်ပြုခြင် းခံခဲ့ရပါတယ်။
(၇) Blaise Pascal ၊ ၁၉နှစ်
အရွယ်နဲ့မလိုက်အောင် ပညာပါရမီထူးချွန်တဲ့ Blaise Pascal ဟာပြင်သစ်လူမျိုးဖြစ်ပြီး မင်းမှုထမ်းအခွန်အရာရှိတစ်ဦးရဲ့သားပီပီ ငယ်စဉ်တည်းက အတွက်အချက်နဲ့ စာပေကျမ်းဂန်တွေမှာထူးချွန်ခဲ့သူပါ။ သူဟာ ဖခင်ဖြစ်သူရဲ့များစွာသော အခွန်အခ စာရင်းတွေကိုလိုက်လံကူညီပေးရင် အချိန်တိုတိုနဲ့ ဂဏန်းတွေကို မှန်ကန်အောင်တွက်ချက်ပေးနိုင်တဲ့ ဂဏန်းပေါင်းစက်တွေကို ဖန်တီးနိုင်ခဲ့ပါတယ်။
Blaise Pascal ထွင်ခဲ့တဲ့ဂဏန်းပေါင်းစက်တွေဟာ မျက်မှောက်ခေတ် ဒီဂျစ်တယ်စက်တွေရဲ့ မူလအစဖြစ်ပြီး တီထွင်ခဲ့တဲ့ခုနှစ်ကတော့ (၁၆၄၂) ကဖြစ်ပါတယ်။(၁၉)နှစ်သားလေး Pascal ဟာ သစ်သားသေတ္တာတစ်ခုအတွင်းမှာ အတွင်းနံပါတ်စဉ်တွေကို ရွေ့နိုင်ပြောင်းနိုင်တဲ့ သီခြားဒိုင်ခွက်(၁၆)ခုလောက်ကို ဖန်တီးပြီး သူ့ဖခင်ရဲ့ရှုပ်ထွေးတဲ့ အခွန်စာရင်းတွေကို တွက်ချက်ပေးခဲ့ပါတယ်။ သမိုင်းကြောင်းအရ ကြည့်ရင်တော့ ပညာရှင်ကြီးလီယိုနာဒိုဟာ ဂဏန်းပေါင်းစက်ကို စတင်ဖန်တီးခဲ့တယ်ဆိုပေမဲ့ Blaise Pascal ရဲ့ဖန်တီးမှုကသာ မျက်မှောက်ခေတ်ဂဏန်းပေါင်းစက်တွေအတွက် အခြေခံကောင်းတွေဖြစ်ခဲ့ပါတယ်။
(၆) Frank epperson ၊ ၁၁နှစ်
ကမ္ဘာပေါ်မှာ ရေခဲချောင်းကို ပထမဆုံးသော တီထွင်ခဲ့သူကတော့ အမေရိကန်လူမျိုး Frank epperson ဖြစ်ပြီး သူအသက်(၁၁)နှစ်အရွယ်မှာပဲ ဒီနည်းလမ်းကိုစတင်တွေ့ရှိခဲ့ပါတယ်။ ရေခဲမှတ်အောက်ကျရောက်တဲ့ ဆောင်းတွင်းကာလတစ်ခုမှာ အသက်(၁၁)နှစ်သားလေး Frank epperson ရဲ့ စတီးနဲ့ပြုလုပ်ထားတဲ့ နို့ခွက်လေးဟာ ဇွန်းနဲ့အတူ အိမ်အပြင်ဘက်မှာ အမှတ်မထင် ကျန်ရစ်ခဲ့ပါတယ်။ ကလေးငယ်အနေနဲ့ သူရဲ့နို့ခွက်ကိုသွားရောက်ယူဆောင်ချိန်မှာတော့ နို့တွေဟာခဲနေခဲ့ပါတယ်။
Frank လည်း ဇွန်းကနေ စွဲထုတ်လိုက်ချိန်မှာတော့ အရသာကောင်းမွန်တဲ့ နို့ရေခဲချောင်းတစ်ခုကို စားသောက်ခွင့်ရရှိခဲ့ပါတယ်။ ဒီအစားအစာကိုတော့ Frank epperson က Epsicle လို့ နာမည်ပေးခဲ့ပြီး နောက်ထပ်(၁၈)နှစ်ကြာတဲ့အထိ စီးပွားရေးအရ မထုတ်လုပ်သေးပဲ သူသားသမီးတွေကိုသာ ပြုလုပ်စားသုံးစေခဲ့ပါတယ်။ (၁၉၂၃)ရောက်ချိန်မှသာ Frank epperson ကအရသာစုံလင်တဲ့ ရေခဲချောင်းတွေကို ထုတ်လုပ်ရောင်းချခဲ့ပြီး သိပ်မကြာခင်မှာပဲ ဥရောပအထိ သူရဲ့ရေခဲချောင်းလုပ်ငန်းဟာ ပျံ့နှံသွားခဲ့ပါတယ်။
(၅) Horatio Adams
ပီကေကို စတင်တီထွင်သူလို့ဆိုရင် အများစုက အမေရိကန်လူမျိုးစားသောက်ကုန်လုပ်ငန်းပိုင်ရှင် Thomas Adams ကို သိထားခဲ့ပေမဲ့ အမှန်တကယ် ပီကေကိုစတင်တီထွင်သူကတော့ သူရဲ့ဆယ်ကျော်သက်အရွယ် သားဖြစ်သူ Horatio Adams ဖြစ်ပါတယ်။ သူရဲ့ဖခင်ဖြစ်သူ Thomas Adams ဟာ Chicle (မြောက်အမေရိကမှာပေါက်ရောက်တဲ့ ဝါးစားရပြီးတဖြည်းဖည်းချိုပြီးအနံ့အရသာရှိတဲ့ ကော်စေးကွင်းတွေမှာသုံးလေ့ရှိတဲ့ အပူပိုင်းဒေသ သစ်စေး)တွေကို စားသောက်ကုန်အဖြစ် ဖန်တီးဖို့အကြံရခဲ့ပါတယ်။
Horatio Adams ကတော့သူအဖေရဲ့လုပ်ငန်းကို ကူညီလုပ်ကိုင်ပေးရင်း ဝါးစားနိုင်တဲ့ပီကေတွေကို ဖန်တီးရမဲ့နည်းလမ်းကို ရှာတွေ့ခဲ့ပါတယ်။ မကြာခင်မှာပဲ သူဟာ ပီကေဘူး(၂၀၀)လောက်ကိုထုတ်လုပ်ပြီး ဒေသထွက်ဆေးဝါးပမာစားသုံးသူတွေလက်ထဲ အခမဲ့လိုက်လံဝေငှခဲ့ပါတယ်။ Horatio Adams ရဲ့ပီကေတွေဟာ ရုတ်ချည်းကို ရောင်းအားမြှင့်စားသောက်ကုန်တွေဖြစ်လာခဲ့ပြီးနောက် Horatio Adams မိသားစုဟာ သူတို့ကိုယ်ပိုင်စက်ရုံထွက်ပီကေတွေကို အရောင်အသွေးမျိုးစုံနဲ့ထုတ်ပိုးပြီး တစ်ခုကို ၁ပဲနိ နဲ့ရောင်းချပေးခဲ့ပါတယ်။
(၄) George Nissen ၊ ၁၆ နှစ်
ယနေ့ခေတ် အမြင့်ခုန် အားကစားပြိုင်ပွဲတွေမှာ အောက်ခံအဖြစ်အသုံးပြုတဲ့ trampoline(စပရင်နဲ့တွဲ ကြပ်ထားတဲ့ခိုင်ခံ့တဲ့ပိတ်စ)ကိုတော့ အမေရိကန်နိုင်ငံသား George Nissenက သူအသက်(၁၆)နှစ်အရွယ်မှာစတင် ဖန်တီးခဲ့ပါတယ်။ George Nissenဟာ သူ့မိဘတွေရဲ့ကားဂိုဒေါင်အတွင်းမှာ ကျွမ်းဘားနည်းပြဆရာ Griswold ရဲ့အကူအညီနဲ့ စပရင်အသေးစားတွေခံထားတဲ့ လေးထောင့် ပိတ်စကိုအသုံးပြုပြီး ကျွမ်းဘားကစားခဲ့ရာကနေ ကမ္ဘာပထမဆုံးသော trampoline ကို တီထွင်နိုင်ခဲ့ပါတယ်။
ယင်းနောက်George Nissenဟာ lowa တက္ကသိုလ်မှာတက်ရောက်ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ကျွမ်းဘားလက်ရွေးစင်အဖြစ် NCAA ချန်ပီယံအဖြစ် (၃)ကြိမ်အဖြစ်ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ George Nissen ဟာ စီးပွားရးပညာအထူးပြုနဲ့ဘွဲ့ရပြီးနောက်ပိုင်းမှာလည်း ကမ္ဘာအနှံ့သွားရောက်ခဲ့ပြီး မက္ကဆီကို ကိုရောက်ချိန်မှာတော့ trampoline တွေကို စပိန်ဘာသာစကားနဲ့ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ မကြာခင်မှာပဲ trampolineေ တွဟာ ကမ္ဘာကျော်သွားခဲ့ပြီး နိုင်ငံတကာက အဝယ်အော်ဒါများစွာရရှိခဲ့သလို George Nissen ရဲ့ အမှတ်အသားကုန်ပစ္စည်းအဖြစ် ကျွမ်းဘား၊အမြင့်ခုန်အားကစား အသိုင်းအဝိုင်းအားလုံးက အသိအမှတ်ပြုခဲ့ကြပါတယ်။
(၃) Peter Chilvers ၊ ၁၂နှစ်
(၁၉၅၈)ခုနှစ်မှာတော့ အသက်(၁၂)နှစ်အရွယ်သာရှိတဲ့ Peter Chilvers ဟာပထမဆုံး သော sailboard (လေလှိုင်းစီးရာတွင်သုံးတဲ့ရွက်တိုင်နှင့်ရွက်ပါသောဘုတ်ပြား) ကို စတင်ဖန်တီးခဲ့ပါတယ်။ ဗြိတိန်ကမ်းရိုးတန်းရဲ့တောင်ဘက်စွန်းမှာတည်ရှိတဲ့ Hayling ကျွန်းသားလေး Peter Chilvers ဟာလှိုင်းစီးခြင်းကိုအလွန်နှစ်သက်သူဖြစ်ပြီး သူအတွက်လှိုင်းရေကြားမှာ အဆင်ပြေမဲ့ကိရိယာကိုကြံဆရင်း ကမ္ဘာသမိုင်းရဲ့စွန့်ဦးတီ ထွင်သူတစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ သူဖန်တီးထားတဲ့ windsurfing တွေဟာ ရေလွှာလျောစီးသူတွေအကြား ခေတ်စားလာခဲ့ပြီးသူဟာလည်း ဝင်ငွေများစွာရရှိလာပါတယ်။ Peter Chilvers ဟာ ဆင်းရဲနွမ်းပါးတဲ့ကလေးငယ်တွေ အတွက်ရည်ရွယ်ပြီး ယူရိုသန်း(၄၀)လောက်တန်ကြေးရှိတဲ့ The London East End Windsurfing Center ကိုသူမွေးရပ်ဖြစ်တဲ့ Hayling ကျွန်းမှာတည်ထောင် ခဲ့ပါတယ်။
(၂) Philo Farnsworth ၊ ၁၄နှစ်
Philo Farnsworth ရဲ့ဖန်တီးမှုသာမရှိခဲ့ရင် ယနေ့အသုံးပြုနေတဲ့ရုပ်မြင်သံကြားစက်တွေကို လူသားတွေ ကြည့်ခွင့်ရဖို့မသေချာပါဘူး။ အမေရိကန်ပြည်ထောင်စု၊ Idaho ပြည် နယ် Rigby မြို့မှာနေထိုင်တဲ့ Philo Farnsworth ဟာ အသက်(၁၄)နှစ်သားအရွယ်လေးနဲ့ နောင်တစ်ချိန်မှာ အီလက်ထရောနစ်TV ဖြစ်လာမဲ့ ရုပ်ပုံပြစက်တွေကို စတင်ဖန်တီးနိုင်ခဲ့ပါတယ်။
သူရဲ့နောက်ထပ်ကျန်ရှိတဲ့ ဘဝတစ်သက်တာကိုလည်း ရုပ်မြင်သံကြား စက်တွေကိုဖန်တီးဖို့ပဲ အားထုတ်ခဲ့ပြီး ယနေ့ခေတ် TV တွေရဲ့ပထမဆုံးသော တီထွင်သူ အဖြစ်မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ ဒီလိုလေ့လာနေရင်းနဲ့ပဲ (၁၉၂၇) ခုနှစ်မှာတော့ Television system အတွက်အရေးပါတဲ့ Video Camera tube၊ image dissector တွေကိုဖန်တီးနိုင်ခဲ့ပါတယ်။
(၁) George Westinghouse ၊ ၊ ၁၉နှစ်
အမေရိကန်နိုင်ငံသား George Westinghouseဟာအသက်(၁၉)နှစ်အရွယ်၊ (၁၈၆၅)ခုနှစ်မှာတော့ လည်ပတ်တဲ့ရေနွေးငွေ့အင်ဂျင်အပါအဝင် သူရဲ့များပြားတဲ့ တီထွင်မှုတွေအတွက် မူပိုင်ခွင့်တွေ ရရှိခဲ့ပါတယ်။ သူဟာ aရနွေးငွေ့အင်ဂျင်နဲ့ ဆက်စပ်လည်ပတ်တဲ့ မီးရထားတွေအတွက် လေဖိအားကိုအသုံးပြုပြီးဘရိတ်တွေကိုဖန်တီးခဲ့သူဖြစ်ပြီး သူရဲ့ကြံဆောင်မှု တွေကြောင့် (၁၉)ရာစုတွင်းက အမေရိကန်တစ်ခွင်က ရေနွေးငွေ့သုံး မီးရထားတွေဟာအရှိန်မြန်မြန်နဲ့ သက်သက်သာသာစီးနင်းနိုင်ခဲ့ပါတယ်။
(၁၉၀၅)ခုနှစ်မှာတော့ George Westinghouse ရဲ့တီထွင်ထားတဲ့ Quick- Action Automatic ဘရိတ်စနစ်ကို ကမ္ဘာပေါ်က မီးရထားစက်ခေါင်း(၉၀၀၀၀)လောက်နဲ့ အခြားယာဉ် (၂)သန်းလောက်မှာ တပ်ဆင်အသုံးပြုနေခဲ့ပြီဖြစ်ပါတယ်။
Discussion about this post