နည်းပညာသူဌေး ဘီလျံနာ အီလွန်မာ့ခ်စ်ရဲ့ တပ်စ်လာလျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီကနေ တပ်စ်လာပို့ဆောင်ရေးနယ်မြေအတွင်းမှာရှိတဲ့ ဆေးရုံအသီးသီးကို အသက်ရှုအားကူးစက်တွေ ပေးပို့လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီစက်တွေဟာ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့ FDA က အသိအမှတ်ပြုထားတဲ့စက်တွေဖြစ်တယ် လို့ တက်စ်လာ အမှုဆောင် အရာရှိချုပ် အီလွန်မာ့ခ်စ်က ဆိုပါတယ်။
ကျွန်တော်တို့မှာ FDA အသိအမှတ်ပြုထားတဲ့ အသက်ရှုအားကူစက်တွေ အပိုဆောင်ထားတာရှိပါတယ်။ ဒါတွေကို တက်စ်လာပို့ဆောင်ရေးနယ်မြေအတွင်းမှာရှိတဲ့ ဆေးရုံတွေကိုပို့ဆောင်ပေးသွားမှာပါ။ ဒီစက်တွေကို ဂိုထောင်ထဲမှာသိုလှောင်ထားမယ့်အစား အရေးပေါ်လိုအပ်နေတဲ့ လူနာတွေရှိရာကို ပို့ဆောင်ကူညီပေးသွားမှာပါ ၊ လိုအပ်ရင်ကျွန်တော့်ကိုတိုက်ရိုက်ဖြစ်ဖြစ် တက်စ်လာကုမ္ပစီကိုဖြစ်ဖြစ် ပြောနိုင်ပါတယ်လို့ မာ့ခ်စ်က ဆိုပါတယ်။
ဒါပေမယ့် တောင်းဆိုချက်တွေကို ဘယ်လိုဖြည့်ပေးမယ် ၊ အသက်ရှုအားကူစက် ဘယ်နှလုံးလှူမလဲ ဆိုတာတွေကိုတော့ မာ့ခ်စ်က ထည့်သွင်းပြောသွားခြင်း မရှိပါဘူး။ အသက်ရှုအားကူစက်တွေဟာ တက်စ်လာရဲ့ ထုတ်ကုန်မဟုတ်ပဲ ပြန်လည်ဝယ်ယူထားခြင်း ဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကတော့ အားကူစက်ပေါင်း ၁၂၀၀ ကျော်ကို လော့အင်ဂျလိ နဲ့ နယူးယောက်ကဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ပြီလို့တော့ မာ့ခ်စ်က ဆိုပါတယ်။
အသက်ရှုအားကူစက်တွေဟာ ကိုရိုနာကူးစက်ခံလူနာတွေရဲ့ အသက်ကယ်ဆယ်ရာမှာ အဓိကအရေးပါတဲ့ ပစ္စည်းဖြစ်တာကြောင့် နိုင်ငံတကာက အစိုးရတွေဟာ ကားစက်ရုံ ၊ စက်မှု နဲ့ အီလက်ထရောနစ် ကုမ္ပဏီကြီးတွေကို အသက်ရှူအားကူစက်တွေ ထုတ်လုပ်ရာမှာ ကူညီကြဖို့ မေတ္တာရပ်ခံထားကြပါတယ်။
အမေရိကန်နည်းပညာကုမ္ပဏီအသီးသီးကလည်း လက်ရှိအချိန်မှာ ကိုရိုနာကပ်ဘေးအတွက် အလွန်အမင်းလိုအပ်ချက်ဖြစ်နေတဲ့ အသက်ရှုအားကူစက်တွေကို ထုတ်ပေးနိုင်ဖို့ ပူးပေါင်းကြိုးစားနေကြပါတယ်။ ကားထုတ်လုပ်ရေးကုမ္ပဏီကြီး General Motors ဟာလည်း အမေရိကန် သမ္မတထရမ့်ရဲ့ တိုက်တွန်းမှုနဲ့ အသက်ရှုအားကူစက်တွေကို စတင်ထုတ်လုပ်လျက်ရှိပါတယ်။
ဖို့ဒ်ကားကုမ္ပဏီဟာလည်း General Electric ကုမ္ပဏီနဲ့ပူးပေါင်းကာ မီချီကန်ပြည်နယ်အတွင်းက စက်ရုံတရုံမှတဆင့် ရက်ပေါင်း ၁၀၀ အတွင်း အသက်ရှုအားကူစက်ပေါင်း ၅၀၀၀၀ ထုတ်လုပ်ပေးမယ်လို့ ဆိုထားပါတယ်။
လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအများဆုံးရှိနေတဲ့ အမေရိကန်ဟာ အသက်ရှုအားကူစက်တွေကို လိုအပ်လျက်ရှိပါတယ်။ အမေရိကန်မှာ အသက်ရှုအားကူစက်ပေါင်း ၁၆၀၀၀၀ ခန့် ရှိနေပေမယ့် ထပ်မံတိုးပွားလာမယ့် လူနာတွေအတွက် အသက်ရှုအားကူစက်ပေါင်း ၇၄၀၀၀၀ လောက်အထိ လိုအပ်ချက်ရှိနိုင်တယ်လို့ Johns Hopkins Center ကျန်းမာရေးဌာနက ခန့်မှန်းထားပါတယ်။
Discussion about this post