အသက် ၁၀ နှစ်အရွယ်မှာ ကလေးအများစုဟာ ဆော့ဖို့ ၊ စားဖို့ ၊ ကာတွန်းကားကြည့်ဖို့ စတဲ့အရာတွေနဲ့ အလုပ်ရှုပ်နေကြချိန်မှာ ဖိလစ်ပိုင် Antipolo မြို့က Isabel Sieh ဆိုသူလေးကတော့ ကိုယ်ပိုင်ကုမ္ပဏီကို စထောင်လိုက်ပါတယ်။
သူမဟာ ငယ်စဉ်ကတည်းက ကွန်ပျူတာပရုဂရမ်ရေးတာကို စိတ်ဝင်စားခဲ့ပြီးနောက် သင်ယူခဲ့ပါတယ်။ အသက် ၁၀နှစ်အရွယ်မှာတော့ အတော်လေးကျွမ်းကျင်လာခဲ့ပါတယ်။
“ကျွန်မ ၁၀နှစ်မပြည့်ခင်မှာ ကျွန်မဟာ သင်္ချာဘာသာရပ်ကို အလွန်နှစ်သက်ကြောင်း ကျွန်မဆရာသိသွားတယ် ၊ ပြီးတော့ပရိုဂရမ်ရေးဖို့အကြံပေးတယ် ၊ Code Academy ဆိုတဲ့ ပရိုဂရမ်ရေးနည်းသင်ပေးတဲ့ ဝဘ်ဆိုဒ်ကို ပြခဲ့တယ် ၊ ဒီအချိန်ကစလို့ ကုဒ်တွေကို စရေးခဲ့ပါတယ်” လို့ Isabel က ဆိုပါတယ်။
သူမဒီလို ကျွမ်းကျင်လာတာဟာ မိဘနှစ်ပါး နဲ့ ဆရာတွေရဲ့ ပံပိုးမှုကလည်း အဓိကကျပါတယ်။ ဆရာက သူမအတွက် အသုံးဝင်စေမယ့် အချက်အလက်ရယူနိုင်မယ့်နေရာတွေကို ရှာပေးသလို ၊ မိဘတွေကလည်း နည်းပြတွေငှားရမ်းပေးခဲ့တာကြောင့်ဖြစ်ပါတယ်။ သူမကလည်း စိတ်ဝင်တစားကြိုးစား သင်ယူခဲ့တာကြောင့် အချိန်တိုအတွင်းမှာ HTML နဲ့ JavaScript စတဲ့ အခြေခံပရိုဂရမ်ရေးနည်းတွေကို ကျွမ်းကျင်ခဲ့ပါတယ်။
အဲဒီနောက်တော့ သူမကိုယ်ပိုင်ကုမ္ပဏီထောင်ဖို့ အကြံရခဲ့ပြီး ကုမ္ပဏီနာမည်ကို Girls Will Code လို့ အမည်ပေးခဲ့ပါတယ်။ သူမကုမ္ပဏီရဲ့ ရည်မှန်းချက်ကတော့ ငွေကြေးအမြတ်အစွန်းထက် ပရိုဂရမ်ရေးနည်းကို စိတ်ဝင်စားတဲ့ မိန်းကလေးငယ်လေးတွေကိုအခြေခံပရိုဂရမ်နဲ့ ထိတွေ့ပြီး ပိုင်နိုင်လာစေဖို့ဖြစ်ပါတယ်။ ကျောင်းပြီးတာနဲ့ ပရိုဂရမ်ရေးနည်းတွေကို တတ်ကျွမ်းစေချင်တာပဲဖြစ်ပါတယ်။ အဲဒီနောက်တော့ သူမဟာ တစ်ဖက်က ပရိုဂရမ်ရေးနည်းတွေကို သင်ယူနေပြီး တစ်ဖက်ကလည်းစိတ်ပါဝင်စားသူ မိန်းကလေးငယ်တွေကို သူမတတ်ကျွမ်းထားတာတွေကို ပြန်လည်ဝေမျှလျှက်ရှိပါတယ်။
သူမဟာ ကလေးတွေအတွက် Scratch Jr လို့ခေါ်တဲ့ ရိုးရှင်းတဲ့ ပရိုဂရမ်တစ်ခုကို သုံးပြီး ကိုယ်ပိုင်ဇာတ်လမ်းတွေဂိမ်းတွေဖန်တီးနိုင်အောင် ကူညီခဲ့ပါတယ်။ အခုဆိုရင်သူမ အသက် ၁၄နှစ်ရှိသွားပြီဖြစ်ပါတယ်။ မြို့တော်တစ်ဝန်းက ကျောင်းပေါင်းများစွာကို လှည့်လည်ပြီး သူမရဲ့အမြင်နဲ့ အတွေ့အကြုံတွေ ကို အခြားကလေးငယ်တွေ စိတ်အားထက်သန်လာစေဖို့ ဝေမျှနေပါတယ်။ ဒါအပြင် သူမတည်ထောင်ထားတဲ့ Girls Will Code ကုမ္ပဏီကို နည်းပညာကုမ္ပဏီကြီး Google က အကူအညီတွေပေးတာကြောင့် တဖြည်းဖြည်း လူသိများလာခဲ့ပြီဖြစ်ပါတယ်။
အတတ်ပညာတစ်ခု သင်ယူဖို့ငယ်လွန်းတယ်ဆိုတာ မရှိဘူး ၊ ပရိုဂရမ်ရေးခြင်းဟာ ယောင်္ကျားလေးတွေပဲ တတ်နိုင်တဲ့အရာမဟုတ်ဘူး လို့ Isabel က သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
VIDEO
Discussion about this post