မိခင်တွေဟာ သားသမီးတွေကို အလွန်ချစ်ကြပါတယ်။ သားသမီးတွေအတွက်ဆိုရင် သူတို့ရဲ့ဘဝကို အဆုံးရှုံးခံနိုင်တဲ့အထိချစ်ကြပါတယ်။ ဒါပေမယ့် အခုလို တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ရပ်ကတော့ မိခင်တစ်ယောက်အတွက် အလွန်စိတ်ထိခိုက်ဖို့ကောင်းတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။
သားနှစ်ယောက်လုံးကို ချစ်တဲ့မိခင်တစ်ယောက်ဟာ တစ်ယောက်ကိုသာ အသက်ရှင်ဖို့ရွေးရတာ ဖြစ်တဲ့အတွက် သူ့အတွက်ဘယ်လောက်ခက်ခဲမယ်ဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ နှစ်ယောက်စလုံးကို ရွေးချယ်ချင်ပေမယ့် ဒီအခြေအနေမှာတော့ တစ်ယောက်ကိုသာ မဖြစ်မနေ ရွေးချယ်ခဲ့ရပါတယ်။
ဒီဖြစ်ရပ်ကတော့ တရုတ်နိုင်ငံ Quanzhou မြို့မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်ပါ။ သားကြီးဖြစ်သူ Haiqing နဲ့ သားငယ်ဖြစ်သူ Li Haisong တို့နှစ်ဦးစလုံးဟာ ကျောက်ကပ်ပျက်စီးတဲ့ရောဂါကို နှစ်ဦးစလုံးခံစားနေရတာဖြစ်ပြီး အသက်ရှင်ဖို့အတွက် ကျောက်ကပ်အစားထိုးရမယ့် အခြေအနေဖြစ်ပါတယ်။
လှူဒါန်းမယ့် မိဘနှစ်ပါးကို စစ်ကြည့်ရမှာတော့ ဖခင်ဖြစ်သူဟာ သွေးဖိအားမြင့်မားတဲ့အတွက် လှူဒါန်းလို့မရပဲ မိခင်ဖြစ်သူရဲ့ကျောက်ကပ်ကသာ သားတွေအတွက် သင့်တော်တဲ့အတွက် လှူဒါန်းလို့ရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် သားနှစ်ဦးစလုံးကို ချစ်တဲ့မိခင်တစ်ယောက်အတွက် သူမဘယ်လိုမှ ဆုံးဖြတ်လို့မရခဲ့ပါဘူး။
“ဖြစ်နိုင်ရင် ရှိတဲ့ကျောက်ကပ်နှစ်ခုစလုံးကို သားတွေဆီပေးပြီး ကျွန်မပဲသေပစ်လိုက်ချင်ပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်မမှာ လှူဒါန်းနိုင်တဲ့ ကျောက်ကပ်တစ်ခုပဲ ရှိတာကြောင့် သားတစ်ယောက်ကိုပဲ ကယ်လို့ရမှာပါ။ တစ်ယောက်ကို ရွေးလိုက်တာနဲ့ ကျန်တဲ့သားတစ်ယောက်အတွက် မမျှတဘူး ၊ ကျွန်မ တစ်ဘဝလုံးဖြေဆည်နိုင်မှာမဟုတ်ပါဘူး။ ကျွန်မဘယ်လိုမှ မရွေးချယ်တတ်ပါဘူး” လို့ မိခင်ဖြစ်သူ Ronghua က ငိုကြွေးနေရင်း ဆိုပါတယ်။
နောက်ဆုံးမှာတော့ မိခင်ဖြစ်သူကို မကြည့်ရက်တဲ့သားကြီးဖြစ်သူ Haiqing ဟာ သူအသက်ရှင်မယ့်အခွင့်အရေးကို ဆုံးရှုံးခံပြီး သူ့ညီဖြစ်သူကိုသာ ပေးလှူဖို့တိုက်တွန်းခဲ့ပါတယ်။ Haiqing ဟာ ဆေးကျောင်းတက်နေသူဖြစ်ပြီး လက်ရှိမှာတော့ ရောဂါကြောင့်ကျောင်းနားလိုက်ရပြီဖြစ်ပါတယ်။ သူ့ရဲ့ရွေးချယ်မှုကြောင့် မိခင်ဖြစ်သူရဲ့ကျောက်ကပ်ကို ညီဖြစ်သူ Li Haisong ထံ အစားထိုးခဲ့ပါတယ်။ ဒီလိုကျောက်ကပ်အစားထိုးချိန်ဟာ ၈နာရီကြာမြင့်ခဲ့ပြီးနောက်အောင်မြင်ခဲ့ပါတယ်။
မိခင်ဖြစ်သူကြောင့် သားငယ် Li Haisong ဟာ ဆက်ပြီးအသက်ရှင်လို့ရသွားပြီဖြစ်ပေမယ့် သားကြီးအတွက်တော့ ကြေကွဲစရာပါ။ သားကြီး Li Haisong ကတော့ “ညီလေးက လိုအပ်တာကြောင့် အရင်ဦးစားပေးလိုက်တာပါ၊ ကျွန်တော့အတွက်တော့ နောက်ထပ်အလှူရှင်ကို စောင့်ရုံပဲရှိပါတယ်” လို့ ဆိုပါတယ်။ တစ်မိသားစုလုံး သင့်တော်တဲ့ ကျောက်ကပ်အလှူရှင်ကို မျှော်လင့်နေကြပြီး လအနည်းငယ်အတွင်းမှာ မရခဲ့ရင်တော့ သားကြီးဖြစ်သူဟာ သေဆုံးရတော့မှာပါ။
သားငယ်ဖြစ်သူ ကျောက်ကပ်အစားထိုးစရိတ်အတွက် ရှိသမျှကိုရောင်းချခဲ့ရတာကြောင့် နောက်ထပ် ကျောက်ကပ် အလှူရှင်ပေါ်လာခဲ့ရင်တောင် ခွဲစိတ်ခအတွက် မတတ်နိုင်တော့ဘူးလို့ ဖခင်ဖြစ်သူက ဆိုပါတယ်။ မိခင်တစ်ယောက်အတွက်တော့ ဒီလိုရွေးချယ်မှုဟာ အလွန့်အလွန်ခက်ခဲတဲ့ ရွေးချယ်မှုဖြစ်ခဲ့မှာ အမှန်ပါပဲ။
Discussion about this post