ရေးသားသူ – ဖတ်ဖူးသမျှ –မှတ်သားထားမိသောစာစုများ
၂၀ ရာစုခေတ်မှာ လူတွေနဲ့တရင်းတနှီးရှိလှတဲ့မျက်နှာကို ပြပါဆိုရင် ကင်းစီဂျီးလက်(တ်)(Khing C.Gillette) ကိုပဲပြရပါလိမ့်မယ် ။ တကမ္ဘာလုံးဆီ အရေအတွက်ပေါင်းများစွာတင်ပို့ရောင်းချရတဲ့ မုတ်ဆိတ်ရိတ်ဓားမှာ သူ့ပုံပါနေလို့ပဲဖြစ်ပါတယ် ။
၁၈၅၅ ခုနစ်ဇန်နဝါရီလ ၅ရက်နေ့မှာ ဂျီးလက်(တ်)ကို အမေရိကန်နိုင်ငံ၊ ချီကာာဂိုမြို့က ကုန်သည်မိသားစုမှ မွေးဖွားခဲ့ပါတယ် ။ဖခင်ဖြစ်သူက ကုန်သည်အသေးစားလေးတစ်ဦးဖြစ်လို့စီးပွားရေးအခြေမခိုင်ခဲ့တာကြောင့် အဆင်သိပ်မပြေသောကြောင့် (၁၆)နှစ်အရွယ်မှာ ကျောင်းထွက်ခဲ့ရပါတယ် ။ မိသားစုစားဝတ်နေရေးကိုကူညီနိုင်ဖို့ အလုပ်ထွက်လုပ်ခဲ့ရပါတယ် ။
ဘွဲ့လည်းမရ၊ အလုပ်အတွေ့အကြုံလည်းမရှိတာကြောင့် အလွယ်ဆုံးရနိုင်တဲ့အလုပ်က အရောင်ဝန်ထမ်းပဲဖြစ်တယ် ။အရောင်းဝန်ထမ်းဘဝကို ဂျီးလက်(တ်)ရောက်သွားခဲ့ပါတယ် ။အဲဒီအလုပ်ကို ၂၄နှစ်တိုင်တိုင်သူလုပ်ခဲ့ပါတယ် ။ ခက်ခဲပင်ပန်းတဲ့ အရောင်းဝန်ထမ်းဘဝမှာတင် ဂျီးလက်(တ်)ရဲ့စိတ်ဆန္ဒနဲ့လုပ်နိုင်စွမ်းကို ကောင်းကောင်းလေ့ကျင့်ပေးခဲ့သလို အတွေ့အကြုံနဲ့အသိပညာကိုလည်းအများကြီးစုဆောင်းပေးခဲ့ပါတယ် ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ဆောင်နိုင်ဖို့ကိုလည်းသူမျှော်လင့်ခဲ့ပါတယ် ။
ဂျီးလက်(တ်)စောင့်နေတဲ့ အခွင့်ကောင်းက မိုးပေါ်ကပြုတ်မကျခဲ့ပါဘူး ။ တစ်နေ့မှာတော့ ပုံမှန်အလုပ်တွေလုပ်ကာ ဖြတ်သန်းနေရင်းနဲ့ အမှတ်မထင်စိတ်ကူးတစ်ခုရမိတယ်။ အရောင်းဝန်ထမ်းတစ်ဦးဖြစ်သူ သူဟာဝယ်ယူသူတွေနှင့်မတွေ့ခင် ကိုယ့်ကိုယ်ကိုသပ်ရပ်အောင်ပြင်ဆင်ချိန်မှာ အဲဒီစိတ်ကူးရရှိတာပဲဖြစ်ပါတယ်။ အဲဒီခေတ်မှာ မုတ်ဆိတ်ရိတ်ဓားဟာ ကြီးမားပြီးပေါ့ပါးမှု မရှိသလို ထက်လည်းမထက်ပါဘူး ။ မုတ်ဆိတ်ရိတ်ဖို့ အချိန်ကုန်အားကုန်တဲ့အပြင်အခန့်မသင့်ရင် ဓားရှနိုင်ပါသေးတယ် ။ သူမုတ်ဆိတ်ရိတ်ချိန်မှာလည်း မကြာခဏဓားရှမိသောကြောင့် တစ်ချိန်ချိန်မှာအဆင်ပြေပေါ့ပါးပြီး ထက်လည်းထက်တဲ့ ၊ အန္တရာယ်လည်းကင်းတဲ့ မုတ်ဆိတ်ရိတ်ဓားကိုအစားထိုး နိုင်ရင်ကောင်းမှာပဲလို့အမြဲစဉ်းစားနေခဲ့ပါတယ် ။
တစ်ခါက အခြားနယ်တစ်ခုမှာ ပစ္စည်းတွေကို သူလိုက်ရောင်းခဲ့ရပါတယ် ။ အဲဒီနေ့ကချိန်းထားတဲ့အရောင်းအဝယ်သမားနဲ့တွေ့ဖို့မုတ်ဆိတ်မွေးကို သူအလျင်စလိုရိတ်မိလို့မေးစ့မှာ ဓားရှခဲ့ပါတယ်။ ရာသီဥတုကလည်းပူ ဓားကလည်းရှတာကြောင့် စိတ်တိုပြီးမုတ်ဆိတ်ရိတ်ဓားကို သူလွှင့်ပစ်လိုက်ပါတယ်။ ပါးစပ်ကလည်း “အဆင်ပြေပြီး ထက်တဲ့ဓားမရှိတော့ဘူးလား ။ ယောကျ်ားတွေဟာ မုတ်ဆိတ်ရိတ်တိုင်း ဒီလိုခံရတော့မှာလား “လို့အော်ဟစ်ခဲ့ပါတယ်။
သူရဲ့ဒီလို အော်ဟစ်လိုက်သံဟာ
” ငါလိုချင်တဲ့ မုတ်ဆိတ်ရိတ်ဓားမျိုးကို ငါဘာဖြစ်လို့မထွင်နိုင်ရမှာလဲ “လို့သူ့ကိုယ်သူ သတိပေးလိုက်သလို ဖြစ်သွားပါတယ် ။
တစ်ခါကရောင်းဝယ်တဲ့အတွေ့ကြုံတစ်ခုကလည်း သူ့ကိုပညာတစ်ခုပေးခဲ့ပါသေးတယ် ။ အဲဒီတုန်းကအလုပ်ရုံတစ်ခုကို ပုလင်းစို့ ပုံစံတစ်ခု သူသွားပြခဲ့တယ် ။ ဒီသေးငယ်တဲ့ ပုလင်းအစို့ဟာ မဖြစ်စလောက်လေးပါ ။ ဈေးပေါပြီး ဝယ်ယူသုံးစွဲသူတွေများပြားပါတယ် ။ ဈေးကွက်မှာ ရောင်းအားကောင်းခဲ့ပါတယ် ။ ဂျီးလက်(တ်)ဟာ အလုပ်ကြိုးစားသူမို့သူဌေးနှစ်သက်ခြင်းကိုခံရပါတယ် ။ ဂျီးလက်(တ်)ကရောင်းပန်းလှတဲ့ ဒီပုလင်းစို့အကြောင်း သူဌေးကိုတအံ့တသြမေးမြန်းလိုက်ပါတယ် ။
” ဒီဘာမှမဆိုစလောက် ပုလင်းစို့လေးကဘာဖြစ်လို့ဒီလောက်ရောင်းကောင်းနေတာလဲ ”
” ဒီပုလင်းစို့ အသစ်က သုံးပြီးတာနဲ့လွှင့်ပစ်တဲ့တစ်ခါသုံးပစ္စည်းဖြစ်နေလို့ပေါ့။ သုံးတာမြန်ရင် ရောင်းအားအလိုလိုတက်လာတာပါပဲ။ ဈေးနှုန်းကလည်းတန်တဲ့အတွက် ထပ်ဝယ်ရလည်းတန်တယ်လို့ လူတွေထင်နေကြလို့ပေါ့ “လို့သူဌေးက ခပ်ပြုံးပြုံးပြန်ပြောခဲ့တယ်။ သူဌေးအမှတ်မထင်ပြောပြလိုက်တဲ့” စီးပွားရေးဗေဒ”က ဂျီးလက်(တ်)ရင်ကို ရိုက်ခတ်ခဲ့တယ် ။ သုံးပြီးတာနဲ့လွှင့်ပစ်တဲ့ပစ္စည်းကိုငါဘာလို့မထွင်နိုင်ရမှာလဲ ။ ဒါဟာ ငါ့လုပ်ငန်းအတွက်တာထွက်ကောင်းဖို့ဖြစ်နိုင်တယ်လို့ သူတွေးခဲ့ပါတယ် ။ ဂျီးလက်(တ်)ဟာ စိတ်ကူးသမားသတ်သတ်မဟုတ်ပါဘူး။ သူဟာလုပ်ရဲ၊ ကိုင်ရဲ၊ တွေးရဲတဲ့သူလည်းဖြစ်ပါတယ် ။
သူဟာ ချက်ချင်းတံစဉ်း၊ ညှပ်၊ စတီးပြားကိရိယာနဲ့လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်လာပြီး စမ်းသပ်မှုတွေ စိတ်ကူးပုံဖော်မှုတွေ ကိုအသေးစိတ်ပြုလုပ်ပါတယ် ။ ဓားနေရာမှာ ဘရိတ်ဓားကို အသုံးပြုရင်သုံးပြီးတာနဲ့လွှင့်ပစ်လို့ရနိုင်ပါတယ် ။ ဒါပေမဲ့ဓားနဲ့ဓားရိုးကိုခွဲလို ရတာဖြစ်ရမယ်လို့သူစဉ်းစားခဲ့ပါတယ် ။ ဓားက တုံးသွားနိုင်တယ်။ ဒါပေမဲ့ဓားကိုထပ်ပြီးအသုံးပြုလို ရနိုင်ပါတယ် ။ ဓားဈေးနှုန်းဟာ ဈေးမကြီးတာမို့သုံးစွဲသူတွေဟာ သိပ်တွက်ကပ်နေမှာမဟုတ်ဘူး ဆိုတဲ့စိတ်ကူးကိုထပ်မံရခဲ့ပြန်ပါတယ် ။
ဒီလိုနဲ့ဓားရိုးပုံစံကို သူထွင်လိုက်ပါတယ် ။ ဓားရိုးထိပ်မှာချိမ့်ပုံစံထားပြီ းဓားရိုးနဲ့ဓားကိုဝက်အူနဲ့ထိန်းထားစေခဲ့တယ် ။ ဓားကိုပါးလွှာတဲ့ စတီးနဲ့လုပ်ထား သတ္တုနှစ်ခုကြားမှာ ညှပ်လိုက်တယ် ။ ပြီးတော့ ဓားသွားကို အပြင်ဘက်နည်းနည်း ထုတ်ထားလိုက်ပြီး အသုံးပြုချိန်မှာ ဓားသွားနဲ့မျက်နှာပြင်ကို သမတ်ကျစေခဲ့ပါတယ် ။ ဒါမှ မျက်နှာပြင်နဲ့မေးစေ့နေရာတွေက မုတ်ဆိတ်ရိတ်ချိန်မှာအလွယ်တကူ မထိရှမှာဖြစ်ပါတယ် ။
စိတ်ကူးအတိုင်း ဒီဇိုင်းရေးဆွဲပြီးနောက် ဂျီးလက်(တ်)ဟာ တတ်ကျွမ်းသူကိုခေါ်ပြီး ဒီဇိုင်းကိုပုံဖော်စေခဲ့ပါတယ်။ သူထွင်တဲ့ မုတ်ဆိတ်ရိတ်ဓားကို အသုံးပြုရတာထင်သလောက် ခရီးမပေါက်ပေမယ့် နဂိုမုတ်ဆိတ်ရိတ်ဓားထက် ပိုထက်သလို ပိုလုံခြုံခဲ့ပါတယ် ။ တိုးတက်ဖို့အလားအလာရှိတာကြောင့် ဂျီးလက်(တ်)ဟာ တတ်ကျွမ်းနားလည်တဲ့ စက်မှု အင်ဂျင်နီယာတစ်ဦးကို ဒီအကြောင်းပြောပြလိုက်ပါတယ် ။ အင်ဂျင်နီယာကစိတ်ဝင်စားပြီး ဂျီးလက်(တ်)နဲ့ပူးပေါင်းခဲ့ပါတယ် ။
၁၉၀၃ ခုနစ်မှာ ဘရိတ်ဓားအပို (၂၀) ပါတဲ့ မုတ်ဆိတ်ရိတ်စက်ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ် ။ အဲဒီနှစ်မှာ မုတ်ဆိတ်ရိတ်စက် (၅၁)ခုပဲ ရောင်းခဲ့ရပါတယ် ။ ၁၉၁၃ ခုနှစ်မှာ ဓားပါး ၁၆၈ ခု နဲ့ဓားရို း 51 ခုရောင်းခဲ့ရပါတယ် ။ ပထမကမ္ဘာစစ်မှာ ဂျီးလက်(တ်)ရဲ့ဘရိတ်ဓားပေါင်း ၁၂သန်း ကို ရောင်းချခဲ့ရပြီး မုတ်ဆိတ်ရိတ်ဓားဈေးကွက်မှာ ၈၀% အထိ နေရာရလာခဲ့ပါတယ်။ ပြည်ပကုမ္ဗဏီခွဲပေါင် း ၄၄ခုထိ ရှိလာခဲ့ပါတယ် ။ ၁၉၂၀ ခုနစ်မှာတော့ လူပေါင်း သန်း၂၀ လောက်က ဂျီးလက်(တ်)ရဲ့မုတ်ဆိတ်ရိတ်စက်နဲ့ဓားပါးကို အသုံးပြုနေကြပါပြီ ။ ဒုတိယကမ္ဘာစစ်မှာတော့ စစ်တပ်ကိုပံ့ပိုးတဲ့အနေနဲ့မုတ်ဆိတ်ရိတ်စက်အများအပြားကိုလှူဒါန်းခဲ့ပါတယ် ။
၁၉၃၉ ခုနစ်ကမ္ဘာ့ဘေ့စ်ဘောပြိုင်ပွဲ ထုတ်လွင့်တဲ့ စပွန်ဆာကို ဂျီးလက်(တ်)တစ်ဦးတည်းက ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဂျီးလက်(တ်)နာမည်ကို မြင်းပြိုင်ပွဲ၊ လက်ဝှေ့ပွဲ ၊ အမေရိကန်ဘောလုံးပြိုင်ပွဲတွေမှာပါ မြင်တွေ့လာခဲ့ရပါတယ် ။ ” Happiness” မဂ္ဂဇင်းလေ့လာဆန်းစစ်ချက်အရ အမေရိကန်ကုမ္ပဏီ ၅၀၀ထဲကနေ အသားတင်အမြတ်ငွေ ရောင်းရနှုန်း ဂျီးလက်(တ်)က နံပတ် ၄ နေရာမှာ ရှိခဲ့ပါတယ် ။
နှစ်ပေါင်း တစ်ရာကျော်သမိုင်းမှာ ဂျီးလက်(တ်)က ထုတ်ကုန်အမျိုးမျိုးကိုတီထွင်နိုင်ခဲ့ပါတယ် ။ အခွင့်ကောင်းအခါကောင်းကို မပျင်းရိပဲတွေးတောချင့်ချိန်တတ်သူ လက်တွေ့အကောင်အထည်ဖော်ခဲ့သူ အတွက်အောင်မြင်မှုဖြစ်ခဲ့ပါတယ် ။ မပြောပလောက်တဲ့ အတွေးကိုမကြာခဏတွေးကြည့်ပါ ။ မပြောပလောက်တဲ့အတွေး ဒါမှမဟုတ် မထူးခြားတဲ့အတွေးကို တွေးတောနေချိန်မှာ သင့်ခေါင်းထဲ အကြည်ဓာတ်တွေဝင်သွားပြီးဦးနှောက်ကအရာဝတ္ထုကို တွေးတောလှုံဆော်မှုကို ခံရတယ် ။ အဲဒီလှုံဆော်မှုက သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။
ပြသာနာအခက်အခဲကို ကြုံဆုံလာတဲ့အခါမှာ ဆုံးဖြတ်ချက်ကိုအလျှင်စလို မချပဲ နည်းအမျိုးမျိုးနဲ့တွေးတောကြည့်နိုင်ပါတယ် ။ မပြောပလောက်သော အရာတွေကို သင်သတိထားကြည့်နိုင်မယ်ဆို တခြားသူသတိမမူမိတဲ့အရာ တော်တော်များများကို သင်သတိထားမိနိုင်ပါတယ် ။ ဒီလိုဆိုရင် အရာဝတ္ထုအသစ်အဆန်းတွေကို ရှာဖွေဖမ်းဆုပ်နိုင်တဲ့ အခွင့်အရေးကို သင်တွေ လာပါလိမ့်မယ် ။
ဖတ်ဖူးသမျှ -မှတ်သားထားမိသောစာစုများ
Discussion about this post