သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုရဲ့အဓိကဖြစ်စဉ်တွေမှာထဲမှာ သစ်တောပြုန်းတီးမှုကလည်း အဓိကနေရာကပါဝင်နေပါတယ်။ ကမ္ဘာ့ညီလာခံအများစုမှာလည်း အရေးကြီးအဆိုအဖြစ် သစ်တောပြုန်းတီးမှုဖြစ်စဉ်တွေအတွက် အဖြေရှာမှုတွေရှိနေခဲ့ တယ်ဆိုပေမယ့် ယခုထိတော့ သစ်တောပြုန်းတီးမှုဖြစ်စဉ်တွေအတွက် ထိရောက်တဲ့ အစီစဉ်နည်းလမ်းတွေကိုကမ္ဘာနဲ့အဝှမ်းပြန်လည်အကောင်အထည်ဖော်နိုင်ခြင်းလည်းမရှိသေးတာကိုတွေ့ရပါတယ်။
ယနေ့အချိန်ထိလည်း ကမ္ဘာတစ်ဝှမ်း သစ်တောပြုန်းတီးမှုဖြစ်စဉ်တွေ အစဉ်မြှင့်တက်နေတာကိုတွေ့ရမှာဖြစ်ပေမဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အင်ဖာမြို့ အနောက်ဘက်ဒေသတွင်းပါဝင်တဲ့ Uripok Khaidem မှာနေထိုင်တဲ့ အသက် (၄၅)နှစ်အရွယ်၊အိန္ဒိယနိုင်ငံသား Moirangthem Loiya ဆိုသူကတော့ သူတတ်နိုင်တဲ့အားနဲ့ ကမ္ဘာ့ပြသာနာတစ်ခုကိုအဖြေရှာခဲ့ပါတယ်။
Loiya ဟာဒီအတွက် (၁၈) နှစ်ကာလကျော်ကြာတဲ့အထိ သူ့ဘဝကို သစ်ပင်စိုက်ခြင်းအလုပ်ထဲမှာနှစ်မြုပ်ထားခဲ့ပြီး သူရဲ့ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအစီစဉ်ကိုတော့ ဒေသအခေါ် Punshilok လို့အမည်ပေးထားပြီး အဓိပ္ပါယ်ကတော့ Spring of Life (ဘဝရဲ့လွတ်မြောက်မှု) လို့အမည်ပေးထားပါတယ်။ ဆက်စပ်တင်ပြရရင်တော့ အင်ဖာမြို့ဆိုတာကတော့ အိန္ဒိယ နိုင်ငံတွင်းက မဏိပူရပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နဲ့ မဟာမိတ်စစ်သည်တွေဖြစ်ပွားခဲ့တဲ့ နာမည်ကျော် အင်ဖာတိုက်ပွဲဖြစ်ရာနေရာလည်း ဖြစ်ပါတယ်။
Loiya ဟာ ငယ်စဉ်ကလေးဘဝကတည်းက Senapati ခရိုင်အတွင်းက Koubru တောင်ထိပ်ကို မကြာခဏလာရောက်ဖူးပြီး ယင်းကာလက Koubru ဒေသမှာ ပေါများစွာပေါက် ရောက်နေတဲ့ သစ်ပင်ပန်းမန်တွေအကြားပျော်ရွှင်စွာဆော့ကစားခဲ့ဖူးသူဖြစ်ပါတယ်။ ဒါပေမယ့် သူဘွဲ့ရပြီးတဲ့အချိန် (၂၀၀၀)ပြည့်နှစ်မှာတော့ သူမြင်တွေ့ဖူးတဲ့ Koubru ဒေသ ကသစ်တောအားလုံးဟာ ပြုန်းတီးသွားခဲ့ရပြီး သူကိုယ်တိုင်လည်းမယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။
ယင်းကနေစပြီး Loiya ရဲ့စိတ်အတွင်းမှာသစ်တောပြုန်းတီးမှုတွေအတွက် တနိုင်တပိုင်အားနဲ့အဖြေရှာရန်ဆုံးဖြတ်ခဲ့ပြီး (၂၀၀၂)ခုနှစ်ကနေစတင်ကာ အပင်စိုက်ရန် မြေနေရာလွတ်တွေကိုလိုက်လံရှာဖွေခဲ့ပါတယ်။ နယ်မြေခံတွေ ညွှန်ပြမှုနဲ့ Loiya ဟာ Maru Longal တောင်တန်းဒေသမှာ သူရဲ့လုပ်ငန်းစဉ်ကိုအကောင်အထည်ဖော် ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ယင်းနေရာဟာ Loiya ရဲ့စီမံကိန်းစတင်ချိန်က ရွေပြောင်းတောင်ယာစိုက်ပျိုးမှုဖြစ်စဉ်တွေကြောင့် အပင်တစ်ပင်မှမရှိတဲ့ နေရာလွတ်အဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။
Loiya ဟာ သူရဲ့သစ်တောဖန်တီးမယ့် စီမံကိန်းအတွက် လက်ရှိလုပ်ကိုင်နေတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းဘဝကနေ ထွက်ခဲ့ပြီး Punshilok ဒေသမှာပဲ တဲအသေးစားလေးထိုးကာ အကျီနဲ့အစားအသောက်ရောင်းဝယ်ရေးလုပ်ငန်းကိုလုပ်ကိုင်ပြီး သူဝမ်းရေးအတွက် ဖြေရှင်းခဲ့ရင်း သစ်ပင်တွေကိုစိုက်ပျိုးခဲ့ပါတယ်။ သူဟာ(၆)နှစ်လောက်ကြာအောင်စိုက်ပျိုးမှုတွေကို အပြင်းအထန် ပြုလုပ်ပြီးဝါး၊ဖိုင်းကပ်ပင်၊ ဝက်သစ်ချပင်၊တတိုင်းမွှေးပင်၊ကျွန်းပင်တွေ ကိုရှင်သန်စေခဲ့ပါတယ်။
သူရဲ့စိုက်ပျိုးမှုလုပ်ငန်းတွေကိုတော့ သူရဲ့အခင်ရဆုံးသူငယ် ချင်းတွေသာမက ဒေသခံပရဟိတအဖွဲ့တော်တော်များများက လာရောက်ကူညီ စိုက်ပျိုးပေးခဲ့ကြပါတယ်။ ဒေသခံတွေနဲ့မီဒီယာတွေအကြားမှာတော့ Loiya ရဲ့ကိုယ်ကျိုး အတွက်မဟုတ်တဲ့ တနိုင်တပိုင်သစ်တောဖန်တီးနေမှုသတင်းဟာ ပျံ့နှံ့သွားခဲ့ပြီး အနယ်နယ်အရပ်ရပ်က စိုက်ပျိုးရေးပညာရှင်တွေရဲ့ အကူအညီတွေကိုလည်း လက်ခံ ရယူနိုင်ခဲ့ပါတယ် ။
ပုံမှန်အားဖြင့်ဆိုရင်တော့ အိန္ဒိယအစိုးရရဲ့မြေလွတ်မြေရိုင်းဆိုင်ရာဥပဒေတွေအရ Loiya ရဲ့ အစိုးရကိုအကြောင်းကြားခြင်းမရှိပဲ တနိုင်တပိုင်သစ်တောဖန်တီးနေမှုဟာ ဥပဒေ ကိုချိုးဖောက်နေသလိုဖြစ်နေပေမယ့် လူထုထောက်ခံမှုအပြည့်အဝရထားတဲ့အပြင် အစိုးရ လုပ်ရမဲ့အလုပ်ကို တတ်အားသရွေ့လုပ်ဆောင်နေသူ Loiya ကိုတော့ ဒေသအာဏာပိုင်တွေဘက်က တစ်စုံတစ်ရာတားမြစ်ခြင်းတော့မရှိခဲ့ပါဘူး။
ဒါအပြင်အိန္ဒိယနိုင်ငံရဲ့အခြေ ခံဥပဒေ စာမျက်နှာ(၅၁)-A (g) မှာဆိုရင်လည်း နိုင်ငံသားတိုင်းဟာ နိုင်ငံရဲ့သစ်တော၊ သစ်ပင်၊မြစ်ချောင်း၊အင်းအိုင်တို့ကို ကိုယ်စွမ်းရှိသလောက်ကာကွယ်ရမယ်လို့ပါရှိတာ ကြောင့်လည်း နောက်ပိုင်းမှာတော့ အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေအထိ Loiya ရဲ့သစ်တော သစ်ပင်ဖန်တီးမှုလုပ်ငန်းမှာပါဝင်ကူညီမှုတွေရှိခဲ့ပါတယ်။ သစ်တောဦးစီးဌာနဆိုရင် Loiya ရဲ့သစ်တောတစ်ဝိုက်မှာရှိတဲ့ ဆင်းရဲသူတွေအတွက် အခမဲ့နေအိမ်တွေကို တည် ဆောက်ပေးပြီး Loiyaသစ်တောဥယျာဉ်ရေရှည်စီမံကိန်းအတွက် ပံ့ပိုးပေးခဲ့ပါတယ်။ အိ်မ်ဆောက်ပေးတဲ့ရည်ရွယ်ချက်ကတော့ အိန္ဒိယနိုင်ငံရဲ့သစ်တောပြုန်းတီးမှုတွေဟာ နေအိမ်တည်ဆောက်ရေးလုပ်ငန်းတွေကြောင့် တရားမဝင်သစ်၊ဝါးခုတ်ထွင်ရယူမှု ကြောင့်အများဆုံးဖြစ်တယ်လို့ မှတ်တမ်းတွေရှိနေခဲ့လို့ဖြစ်ပါတယ်။
ယခုချိန်မှာတော့ Loiya ဟာ ဧက(၃၀၀)ကျော်ရှိတဲ့ သစ်တောကြီးတစ်ခုကိုအောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီးဖြစ်သလို တစ်ဖက်မှာဆိုရင်လည်းသူမိတ်ဆွေတွေနဲ့ ပူးပေါင်းကာ (WAHPS)လို့သိကြတဲ့ တောရိုင်းတိ ရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးနယ်မြေကို Punshilok ဒေသမှာပဲတည်ထောင်ခဲ့ကြပြီးယင်းနယ်မြေရဲ့အကျယ်အဝန်းဟာ ဧက(၃၀၀)ကျော်လောက်ကိုရှိနေပါတယ်။
သစ်တောအတွင်းမှာတော့ ဒေသပေါက်ပင်တွေ၊ဒေသရှိတောရိုင်းတိရိစ္ဆာန်တွေအပြင် ဝါးမျိုးနွယ်စိတ်တော်တော်များများရှင်သန်နေတာကိုတွေ့ရမှာဖြစ်ပြီး နောက်ထပ်ရှားပါး တောရိုင်းတိရိစ္ဆာန်အတော်များများကိုပါထပ်မံထည့်သွင်းထားရှိပါတယ်။ နစ်တွေကြာ ညောင်းလာလေလေ Loiyaရဲ့သစ်တောဟာ ပိုမိုနက်ရှိုင်းလာလေလေဖြစ်ပြီးယခုဆို ရင်ကျေးငှက်တွေရဲ့တွန်ုမြည်သံ၊တောရိုင်းတိရိစ္ဆာန်တွေရဲ့အော်မြည်သံကို အမေဇုံမိုးသစ်တောကြီးအလား တစ်နှစ်ပတ်လုံးကြားနေရပြီလည်းဖြစ်ပါတယ်။
Loiya ရဲ့သစ်တောကြီးဟာ အိန္ဒိယနိုင်ငံသားတွေအတွက်သာမက ကမ္ဘာလှည့်ခရီးသွားတွေရဲ့လည်ပတ်စရာ၊စိတ်ဝင်စားစရာနေရာတစ်ခုအဖြစ်လည်း ခုဆိုရင်ရှိနေပြီဖြစ်ပါ တယ်။ အိန္ဒိယရဲ့ သံမဏိလေဒီလို့တင်စားခေါ်ဆိုတဲ့ လူအခွင့်အရေးလှုပ်ရှားသူတစ်ဦး ဖြစ်တဲ့ Irom Sharmila Chanu ဆိုရင် (၂၀၁၆)ခုနှစ်က Loiyaရဲ့ Punshilok ကိုလာ ရောက်ခဲ့ပြီး သူထက်(၁၆)နှစ်လောက်ငယ်တဲ့ သရက်ပင်ပျိုတွေအကြားမှာ လာရာက်အပန်းဖြေခဲ့ဖူးပါတယ်။ ဒါအပြင်ကမ္ဘာအရပ်ရပ်က သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းစောင့်ရှောက်ရေးဆိုင်ရာ ပြပွဲတွေမှာဆိုရင် Loiya ရဲ့သစ်တောဟာ အဓိက စံနမူနာ ပြုရမယ့် နေရာအဖြစ်ရှိနေတာကိုလည်းတွေ့ရပါတယ်။Loiya ကိုလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေအတွက် စံနမူနာ ပြယုဒ်တစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။
ယခုချိန်မှာတော့ Loiya ဟာ ဝမ်းရေးအတွက် သူအစ်ကိုဖြစ်သူရဲ့ဆေးဆိုင်မှာအလုပ်လုပ်နေရဆဲဖြစ်သလို သူရဲ့နောက်ထပ်အိမ်မက် ကတော့ အော်ဂင်းနစ်စိုက်ပျိုးရေးလုပ်ငန်းနဲ့ သူရဲ့ဧက(၃၀၀)ကျော်ရှိတဲ့သစ်တောကြီး ကိုထပ်မံတိုးချဲ့ဖို့ဖြစ်ပါတယ်။ Loiya ဟာသူကိုယ်သူပန်းချီဆရာတစ်ယောက်အဖြစ် ရည်ညွှန်းပြီး ပန်းချီအတွက်လိုအပ်တဲ့ ဆေး၊ပတ္တူအထည်စ၊ စုတ်တံတွေပြည့်ပြည့်စုံစုံနဲ့ စိမ်းစိုတဲ့တောတန်းတစ်ခုကိုရေးဆွဲနိုင်ခဲ့ပြီလို့ဆိုပါတယ်။ ဒါပေမဲ့ Loiyaရဲ့ ပန်းချီ ကားဟာ ပြည့်စုံတယ်လို့တော့မဆိုသာသေးပါဘူး။ ပိုမိုပြည့်စုံတဲ့ပန်းချီကားဖြစ်ဖို့ဆိုရင် ကျေးငှက်သာရကာ၊တောကောင်တွေနဲ့ အရောင်အသွေးစုံလင်တဲ့ပန်းဥယျာဉ်ဆိုတာ တွေလည်း Loiyaရဲ့စိမ်းစိုတဲ့တောတန်းမှ ထည့်သွင်းပေးဖို့လိုနေပါသေးတယ်။
Discussion about this post