(၁၉၃၀)ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးဟာ ကမ္ဘာ့စီးပွားရေးအရပ်ရပ်ကို ပြိုလဲပျက်စီးသွားစေခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ အခက်ခဲဆုံးသောကာလအပိုင်း အခြားတစ်ခုဆိုရင်လည်းမမှားပါဘူး။ အမေရိကန်ပြည်ထောင်စုကနေစတင်ခဲ့တဲ့ ယင်း ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးဟာ ကမ္ဘာနဲ့အဝှမ်းလျှင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး ဘဏ်စနစ်ပြိုလဲသွားခြင်းနဲ့အတူ သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ အလုပ်လက်မဲ့ဖြစ်ပွားခဲ့ခြင်း၊ အိမ်ခြေရာမဲ့ဖြစ်သွားခြင်းနဲ့ နောက်ပိုင်းမှာဆိုရင် အငတ်ဘေးကိုတောင်ခံစားခဲ့ရတဲ့အထိကိုဖြစ် သွားခဲ့ရပါတယ်။
မြို့တော်ကြီးတွေရဲ့တံတားတွေ၊ ပန်းခြံတွေအားလုံးနီးပါးဟာ အိမ်ခြေရာမဲ့တွေနဲ့ ပြည့်နှက်သွားခဲ့တာဖြစ်ပြီး အစားအစာအတွက်လည်း စုပေါင်းချက်ပြုတ်စားသောက်ရတဲ့ အနေအထားအထိကို ဖြစ်သွားခဲ့ရပါတယ်။ အမေရိကန်ပြည်ထောင်စု အလယ်တကြောမှာရှိတဲ့ ( Great lake မှ အိုဟိုင်းအိုးမြစ်၊ကင်းဆက်၊မစ္စူရီနယ်မြေ) တွေမှာလည်း မိုးခေါင်မှုကြောင့် လယ်သမားတွေရဲ့လယ်ယာမြေတွေဆုံးရှုံးခဲ့ရခြင်းအပါအဝင် အလွန်ကြီးမားတဲ့ ဖုန်မှုန်တိုင်းကြီးတွေကြောင့်လည်း လူသန်းနဲ့ချီဘေးဒုက္ခကြုံ တွေ့ခဲ့ရတဲ့ ကာလတွေလည်း ဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီး ဘယ်လိုစတင်ခဲ့တာလဲ
အမေရိကန်ပြည်ထောင်စုမှာ (၁၉၂၉)ခုနှစ်၊ အောက်တိုဘာမှာဖြစ်ပွားခဲ့တဲ့ Stock market ( စတော့ဈေးကွက်)ပြိုလဲခြင်းကနေ စတင်ခဲ့ပါတယ်။ သမိုင်းပညာရှင်တွေ ကတော့ စတော့ဈေးကွက်ပြိုလဲခဲ့တဲ့ (၁၉၂၉)ခုနှစ်၊အောက်တိုဘာ (၂၉)ရက်နေ့ကို အနက်ရောင်အဂါၤနေ့အဖြစ်သတ်မှတ်ကာ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီး( The Great Depression) စတင်ခဲ့တဲ့နေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီတနေ့တည်းနဲ့တင် အမေရိကန်ဒေါ်လာ ၁၄ဘီလျံအထိဆုံးရှုံးခဲ့သလို ရက်သတ္တပတ်အတွင်း ဘီလျံ ၃၀ခန့် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။
ဒီမိုကရေစီနိုင်ငံ အမေရိကန်ပြည်ထောင်စုမှာဆိုရင် စတော့ဈေးကွက်စနစ်ထွန်းကားခဲ့ပြီး (၁၉၂၀)လောက်ကတည်းက အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေဟာ ကုမ္ပဏီတွေရဲ့စတော့ရှယ်ယာတွေ ကိုဝယ်ယူခဲ့ကြတာဖြစ်ပါတယ်။ ငွေကစားတဲ့စနစ်တစ်ခုဖြစ်ပြီးအချို့ဆိုရင် ဘဏ်တွေက ငွေကိုချေးငှားပြီးစတော့ရှယ်ယာတွေ ဝယ်ယူစုဆောင်းလေ့ရှိကြပါတယ်။ ဒါကြောင့် Stock market (စတော့ဈေးကွက်)ပြိုလဲသွားခဲ့တာကြောင့် အမေရိကန်တစ်နိုင်ငံလုံးနီးပါးက စီးပွားရေးလုပ်ငန်းတွေဟာကျဆင်းသွားခဲ့ပြီး အလုပ်လက်မဲ့ဦးရေများ ပြားလာခဲ့ပါတယ်။
အလုပ်လက်မဲ့များလာခဲ့ပြီး ကုန်ပစ္စည်းတွေ ဝယ်ယူအသုံးပြုနိုင်ခြင်း မရှိတော့တာကြောင့် စက်ရုံအလုပ်ရုံတွေဟာ ထုတ်လုပ်မှုလုပ်ငန်းတွေကို လျော့ချခဲ့ပြီး အလုပ်လက်မဲ့ဦးရေ ဆတိုးမြင့်တက်လာပြန်ပါတယ်။ ကုန်သွယ်မှုစနစ် ပြိုလဲသွားတာကြောင့် ဘဏ်လုပ်ငန်းတွေလည်း အရှုံးပေါ်လာသလို ဘဏ်ချေးငွေတွေကို ပြန်လည် ပေးဆပ်မှု မရှိတာကြောင့်လည်း ဘဏ်စနစ်တွေဟာ ရပ်ဆိုင်းလုနီးပါးဖြစ်သွားခဲ့ပါတယ်။
သမိုင်းပညာရှင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့ကတော့ ကမ္ဘာ့စီးပွားရေးပျက်ကပ်စတင်ရာ အမေရိကန်ပြည်ထောင်စုဟာ မိုးခေါင်အကြီးအကျယ်ခေါင်ခဲ့ခြင်း၊ ကုန်ပစ္စည်းအလွန် အကျွံထုတ်လုပ်ခြင်း၊ဘဏ်စနစ်ပြိုလဲ သွားခြင်း၊ စတော့ရှယ်ယာဈေးကွက်ပြိုလဲသွား ခြင်း၊ စားသုံးသူအခက်အခဲတွေတချိန်တည်း ဆက်တိုက်ဖြစ်ပွားမှုတွေကလည်း Great depression ကို ဖြစ်စေခဲ့တာလို့ယူဆကြပါတယ်။
အမေရိကန်သမ္မတ အပြောင်းအလဲ
ကမ္ဘာ့စီးပွားရေးပျက်ကပ် (Great Depression) စတင်ဖြစ်ပွားချိန်က အမေရိကန်သမ္မတ Herbert Hoover တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပါတယ်။ သမ္မတကိုယ်တိုင် ယင်းဖြစ်ရပ်ကို စီးပွားရေးဆိုင်ရာပြောင်းလဲမှုဖြစ်စဉ်လို့ အစကထင်မြင်ခဲ့ပြီး လအနည်းငယ်မှာပဲပြန် လည်အဆင်ပြေသွားမယ်လို့ယူဆခဲ့ပါတယ်။ အမေရိကန်ပြည်သူအများစုကတော့ Hebert Hoover ရဲ့စီမံချက်တွေအပေါ်အပြစ်တင်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပြီး ကမာ့္ဘစီးပွားရေးပျက်ကပ် (Great Depression) ကြောင့် အိမ်ရာမဲ့များနေထိုင်ရာ ကျူးကျော်ရပ်ကွက်တွေကိုတောင် Hoovervilles လို့နောက်ပြောင်ခေါ်ဆိုခဲ့ကြတဲ့ အထိဖြစ်ပါတယ်။
Hoover ရဲ့အမှားတချက်ကတော့ The Revenue Act ကို ပြဌာန်းခဲ့ကာ ဝင်ငွေခွန်ကို အများကြီးတိုးကောက်လိုက်ခြင်းပါ။ ဒီနည်းနဲ့အဆင်ပြေသွားမယ်လို့ထင်ခဲ့ပေမယ့် သုံးစရာပိုက်ဆံမရှိတော့တဲ့လူတွေဟာ စိတ်ဓာတ်တွေ ပိုပြီးကျဆင်းကုန်ကြပါတယ်။ သမ္မတ Hebert Hoover ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အလုပ်လက်မဲ့ ပြသာနာ၊ အိမ်ခြံမြေပြသာနာများစွာကို ဖြေရှင်းနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ယင်းဖြစ်ရပ်ကြောင့်ပဲ (၁၉၂၃)ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲမှာတော့ Franklin D. Roosevelt မဲအပြတ်အသတ်နဲ့ ရွေးကောက်ပွဲအောင်နိုင်ခဲ့ပြီး New Deal လို့အမည်ရတဲ့ လှုံဆော်မှုအသစ်တွေနဲ့ အမေရိကန်ပြည်ထောင်စုကိုဆင်းရဲနွံထဲကနေကယ်တင်ခဲ့ ပါတယ်။
The New Deal
သမ္မတသစ် Franklin D. Roosevelt ဟာ New Deal လို့လူသိများတဲ့ စီးပွားရေးဆိုင်ရာ ဥပဒေပြဌာန်းချက်အသစ်တွေ၊ပြန်လည်တည်ဆောက်ရေးအစီအမံတွေကို ကွန်ဂရက်ရဲ့ အတည်ပြုမှုရယူပြန်ဌာန်းကာ နိုင်ငံတွင်းကြုံတွေ့နေခဲ့ရတဲ့ ကမ္ဘာစီးပွားရေးပျက်ကပ်ကြီး ကိုရင်ဆိုင်ခဲ့ပါတယ်။ သူရဲ့ပြန်ဌာန်းချက်တွေမှာ ဘဏ်တွေ၊ စတော့ဈေးကွက်တွေနဲ့အခြား စီးပွားရေးလုပ်ငန်းလည်ပတ်မှုတွေအတွက် ပြန်လည်ဦးမော့လာစေဖို့နည်းလမ်းစဉ်တွေ ပါဝင်ခဲ့ပြီးယင်းကနေတစ်ဆင့် နိမ့်ကျတဲ့အမေရိကန်ပြည်သူတွေရဲ့လူမှုစီးပွားဘဝကို အဆင့်ဆင့်မြှင့်တင် တည်ဆောက်ဖို့ရည်ရွယ်ပါတယ်။
Franklin D. Roosevelt ရဲ့ကြိုးပမ်းချက်တွေဟာ လက်တွေ့မှာအလွန်အောင်မြင်ခဲ့ပြီး ပြည်သူတွေရဲ့အားပေးထောက်ခံမှုတွေ ကိုသာမက ချစ်ခင်ယုံကြည်မှုတွေကိုပါရယူနိုင်ခဲ့ပါတယ်။ ဒါအပြင်ယင်းကာလကချမှတ်ခဲ့တဲ့ပြန်လည်ထူထောင်ရေးဆိုင်ရာဥပဒေအချို့ဆိုရင်ယနေ့အချိန်ထိအမေရိကန်ပြည် ထောင်စုမှာ The Social Security Act လို ဥပဒေတွေဟာ ဆက်လက်တည်ရှိနေဆဲဖြစ် တာကို တွေ့ရမှာဖြစ်ပါတယ်။
ကမ္ဘာစီးပွားရေး ပျက်ကပ်ကြီး( The Great Depression) ဘယ်လိုပြီးဆုံးသွားခဲ့ရတာလဲ
ဒုတိယကမ္ဘာစစ်စတင်ချိန်(၁၉၃၉)ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။ စစ်ပွဲစတင်ချိန်မှာ အမေရိကန်ပြည်ထောင်စုဟာ စစ်ပွဲတွင်းမပါခဲ့ဝင်ခဲ့ပဲ ဥရောပတိုက်အတွက် လိုအပ်တဲ့ စစ်လက်နက်များစွာကို တင်ပို့ရောင်းချခဲ့ရတာကြောင့် နိုင်ငံအတွက်အကျိုးအမြတ်များစွာရရှိခဲ့သလို လူသန်းနဲ့ချီ ပြီး အလုပ်လက်မဲ့ဘဝကနေ လွတ်မြောက်သွားခဲ့ပါတယ်။
စစ်လက်နက်သာမကလူသုံး ကုန်တွေ၊စားသောက်ကုန်တွေကို မူလထက် အဆများစွာ ထုတ်လုပ်ခွင့်ရခဲ့တာကြောင့် မူရင်းအခြေခံစက်ရုံတွေပြန်လည်ဖွင့်လှစ်နိုင်ခဲ့ရုံသာမက နောက်ထပ်စက်မှုနယ်မြေများစွာတိုးချဲ့ဖွင့်လှစ်လာနိုင်ခဲ့တာကြောင့် အမေရိကန်စီးပွားရေးဟာ အင်အားကြီးနိုင်ငံကနေ စူပါပါဝါနိုင်ငံအဖြစ်တောင်ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ ဒါကတော့ ယေဘုယျ အများစုလက်ခံထားတဲ့သုံးသပ်ချက်သာဖြစ်ပြီး စီးပွားရေး ပျက်ကပ်ကြီးက ဘယ်လို အဆုံးသတ်သွားတယ်ဆိုတာ ယခုအချိန်ထိတိုင ငြင်းခုံနေကြဆဲ ဖြစ်ပါတယ်။
စိတ်ဝင်စားစရာအချက်တွေ
ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီး( The Great Depression)ကြောင့် အမေရိကန်ဟာ အတိဒုက္ခရောက်ခဲ့ရပေမယ့် သမ္မသစ်ရဲ့ဦးဆောင်မှုနဲ့ New Deal လို အစိုးရရဲ့စီမံချက်တွေက ပြည်သူတွေရဲ့လူနေမှုစနစ်ကို အကောင်းဆုံးပြန်လည်မြှင်တင်ပေးခဲ့ပါတယ်။ ဒါအပြင်ယင်း ကာလက လူထုလုပ်အားနဲ့ပဲ အမေရိကန်တခွင်မှာ ကဏ္ဍပေါင်းစုံအတွက်အခြေခံ အဆောက်အအုံတွေဖြစ်တဲ့ လမ်း၊တံတား၊စာသင်ကျောင်း၊ပန်းခြံနဲ့လေဆိပ်တွေကို ဆောက်လုပ်နိုင်ခဲ့ပါတယ်။
ကမာ့္ဘစီးပွားရေးပျက်ကပ်ကြီး( The Great Depression)နဲ့ပတ်သက်ပြီးစိတ်ဝင်စားဖွယ် အချက်အလက်တွေကတော့
(၁) ယင်းဖြစ်ရပ်ကြီးဖြစ်ပွားခဲ့တဲ့ (၁၉၂၉)ကနေ အဆိုးဆုံးအခြေအနေဖြစ်တဲ့ (၁၉၃၃) ကာလတွေမှာဆိုရင် အမေရိကန်စတော့ဈေးကွက်ရဲ့(၉၀)ရာခိုင်နှုန်းနီးပါးဟာပျက်စီး သွားခဲ့တာဖြစ်ပါတယ်။
(၂) စီးပွားရေးပျက်ကပ်အတွင်း ပိတ်သိမ်းခဲ့ရတဲ့ဘဏ်ပေါင်းဟာ (၁၁၀၀၀)လောက်ကို ရှိခဲ့တာဖြစ်ပါတယ်။
(၃) စီးပွားရေးပျက်ကပ်စတင်ဖြစ်ပွားချိန် (၁၉၂၉)ခုနှစ်မှာ အမေရိကန် တနိုင်ငံလုံးရဲ့ အလုပ်လက်မဲ့ဦးရေဟာ (၃)ရာခိုင်နှုန်းသာရှိပြီး အဆိုးဆုံးကာလဖြစ်တဲ့ (၁၉၃၃)မှာဆို ရင် အလုပ်လက်မဲ့ရာခိုင်နှုန်းဟာ (၂၅)ရာခိုင်နှုန်းအထိရှိလာခဲ့ပါတယ်။
(၄) ယင်းကာလအတွင်းမှာ သာမန်မိသားစုတစ်စုရဲ့ဝင်ငွေဟာ မူလပုံမှန်ဝင်ငွေရဲ့ (၄၀)ရာခိုင် နှုန်းအထိသာရှိခဲ့ပြီး ဘဏ်တွေမှာဆိုရင် ဒေါ်လာ(၁)ဘီလီလျံထက်ပိုများတဲ့ အပ်နှံမှုတွေအတွက် ပြန်လည်ထုတ်ပေးနိုင်ခြင်းမရှိတော့ပါဘူး။
(၅) The New Deal ဖြစ်စဉ်ကြောင့် အစိုးရရုံးအသစ်ပေါင်း (၁၀၀)လောက်နဲ့ အေဂျင်စီ (၄၀)လောက်အမေရိကန်တစ်ခွင်မှာပေါ်ပေါက်လာခဲ့ပါတယ်။
(၆)ကမ္ဘာစီးပွားရေးပျက်ကပ်ကြီး(The Great Depression)ရဲ့အဆိုးဆုံးကာလတွေက တော့ (၁၉၃၂)ကနေ (၁၉၃၃)ကာလတွေမှာဖြစ်ခဲ့ပါတယ်။
(၇) ကမ္ဘာစီးပွားရေးပျက်ကပ်ကြီး(The Great Depression) အတွင်းမှာကုမ္ပဏီပေါင်း (၃၀၀၀၀၀)လောက် ဖျက်သိမ်းခဲ့ရပါတယ်။ ဒါအပြင် သန်းနဲ့ချီတဲ့အိမ်ထောင်စုတွေဟာနေ အိမ်တွေကိုရောင်းချပေါင်နှံပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ အလုပ်အကိုင်မဲ့သွားတာကြောင့် ငတ်မွတ်မှုကို သည်းမခံနိုင်တဲ့လူပေါင်းများစွာဟာ ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့တာကြောင့် ရာဇဝတ်မှုတွေ အလွန်ထူထပ်ခဲ့တဲ့ ကာလလည်း ဖြစ်ပါတယ်။
(၈) Midewest ဒေသအတွင်းမှာ ပါဝင်တဲ့ Dust Bowl က သန်းနဲ့ချီတဲ့အိမ်ထောင်စုတွေ ဟာနေရပ်ကိုစွန့်ခွာခဲ့ကြသလိုလူ(၂၀၀၀၀၀)လောက်ဟာ ကယ်လီဖိုးနီးယားပြည်နယ်ကို ရွေ့ပြောင်းနေထိုင်ခဲ့ကြတယ်လို့လည်းသိရပါတယ်။
(၉) စတော့ရှယ်ယာဈေးကွက်ပျက်မှုရလာဒ်ကြောင့် နယူးယောက်မြို့က လူပေါင်းများစွာဟာ အထပ်မြင့်တိုက် ပြတင်းပေါက်တွေကနေ ခုန်ချကာ ကိုယ့်ကိုယ်ကို သတ်သေမှုတွေ မနည်းမနောဖြစ်ပွားခဲ့ပါတယ်။
(၁၀) ကမ္ဘာစီးပွားရေးပျက်ကပ်ကြီး(The Great Depression) ကနေ အမေရိကန်ပြည်ထောင်စုကိုကယ်တင်နိုင်ခဲ့တဲ့ သမ္မတကြီး Roosevelt ဟာ ကပ်ကာလအတွင်း အဓိက ဥပဒေ(၁၅)ခုလောက်ကို First Hundred Days (ပထမရက်တစ်ရာစီမံကိန်း) အတွင်း မှာကွန်ကရက်ရဲ့သဘောတူညီမှုနဲ့ ချမှတ်ခဲ့ရပါတယ်။
Discussion about this post